မြစ်ကြီးနားမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ပြောကြား


 ကချင်ပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၄၅ မိုင်အကွာမှာ ဒီနေ့ မနက်အစောပိုင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အစိုးရ ငလျင်ဌာနက ပြောပါတယ်။

အဲဒီငလျင်ဟာ ပြင်းအား ၅.၅ ရှိတဲ့ ငလျင်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သန်းက အခုလိုပြောပါတယ်။

"မြန်မာစံတော်ချိုန် နံနက် ၃ နာရီ ၁၉ မိနစ် ၅ဝ စက္ကန့်မှာ မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုပြီးတော့ ပြင်းအား ၅.၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားကြောင်း သိရပါတယ်၊ ၅.၅ ဆိုတာက အင်အားအသင့်အတင့်ပဲ မြေငလျင်ဌာနက သုံးနှုန်းပါတယ်၊ ကျနော်တို့ဌာနက တိုင်းတာရုံပဲရှိတာပါ၊ ပျက်စီးစာရင်းကတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြုစုပါတယ်"

တရုတ်နိုင်ငံနဲ့နီးတဲ့ ၀ိုင်းမော်မြို့နယ်ထဲက ဆဒုံး၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့နယ်ခွဲတွေဘက်မှာတော့ ဒီနေ့မနက် ၁၁ နာရီအချိန်ထိ တွေ့ရှိချက်အရ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိဘူးလို့ မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက ပြောပါတယ်။

RFA Burmese


မြစ်ကြီးနားမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ပြောကြား မြစ်ကြီးနားမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ပြောကြား Reviewed by သစ်ထူးလွင် on 23:21 Rating: 5
Powered by Blogger.