ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၌ POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ်ကပ်ထား သည့် YGN 9D 3595 နံပါတ် ဖြတ်သန်း မောင်းနှင်သွားစဉ် |
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၌ POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့ တံဆိပ်ကပ်ထား သည့် YGN 9D 3595 နံပါတ် တပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ၈.၅.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးအနောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းနှင့်(၈၇)လမ်းထောင့်တွင် အဆိုပါ YGN 9D-3595 နံပါတ်တပ်ဆင်ပြီး POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ်တပ်ဆင်ကာ အဖြူရောင်ပေါ်တွင် အနက်ရောင် စတေကာများကပ်ထားသော TOYOTA Probox အမျိုးအစားယာဉ်အား ရပ်ထားသည်ကိုတွေ့ရှိရပြီး ယာဉ်၏ဘေးတွင် ပိုင်ရှင်ဖြစ်သူ ယာဉ်မောင်း ဇေယျာနောင်(ခ) ဇေယျာမင်း(ခ)အဒွတ်၊ (၁၉)နှစ်၊ (ဘ)ဦးလှချို၊ ကန်တော်လေး အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူကို တွေ့ရှိရပါသည်။
အဆိုပါယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ ရဲတပ်ဖွဲ့၏ အသုံးအဆောင်ပစ္စည်းများ၊ စတေကာတံဆိပ်များ၊ ကတ်ပြားများအား လည်းကောင်း၊ လေးဆစ်ချိုး သံတုတ်အနက်ရောင်(၁)ချောင်း၊ Pietro စာတမ်းပါ ကော်သေနတ်(၁)လက်၊ ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ YGN 9D-3595 နံပါတ်ပါ အနီရောင် ယာဉ်နံပါတ်ပြား(၂)ခုနှင့် အနက်ရောင်ယာဉ်နံပါတ်ပြား(၁)ခုတို့ကို လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏ အသုံးအဆောင်ပစ္စည်းများကို အယောင်ဆောင်အသုံးပြုသူ ဇေယျာနောင်(ခ) ဇေယျာမင်း(ခ)အဒွတ်ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၁၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၁၇၀/ ၁၇၁ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မော်တော်ယာဉ်၌ ရဲတပ်ဖွဲ့စာတမ်းနှင့် စတေကာ တံဆိပ်များအား အယောင်ဆောင်တပ်ဆင် အသုံးပြုသူကို စစ်ဆေးအရေးယူ
Reviewed by သစ်ထူးလွင်
on
17:49
Rating: