စိနစေသည့် မန္တလေးကျောက်ဝိုင်း


 စိနတိုင်းသားတို့ အာရုံစိုက်မှု နည်းလာခြင်းက မြန်မာနိုင်ငံ၏ ဒုတိယ ကျောက်ဝိုင်းဟု တင်စားခေါ်ဝေါ်လျက် ရှိသော မန္တလေး ကျောက်စိမ်းဈေးကွက် ရောင်းအားကို သုံးပုံနှစ်ပုံခန့်အထိ ဆွဲချလိုက်သည်။ အချိန် တစ်နှစ်ခန့်အထိ ပုံမှန်အနေအထား ဖြစ်နေသော မန္တလေး ကျောက်စိမ်းဈေးကွက် ရောင်းအားသည် မေလသို့ အရောက်တွင် မယုံနိုင်ဖွယ် အဆင့်အထိသို့ ရုတ်ချည်း ဆိုသလိုပင် ထိုးဆင်းသွားခြင်းက ဒေသခံ ကျောက်စိမ်းသမားများကို မျက်ဖြူဆိုက်စေလျက် ရှိသည်။

ပြည်တွင်းကျောက်မျက် ဈေးကွက်အတွင်း ကျောက်စိမ်းကုန်ကြမ်း ခေါ် ကျောက်စိမ်းအရိုင်းတုံးများ ရှားပါးနေပြီး မြန်မာ့ကျောက်စိမ်း၏ အားထားရာ တရုတ်ကျောက်စိမ်းဝယ်လက်များ မန္တလေး ကျောက်ဝိုင်းသို့ လာရောက် ဝယ်ယူမှု နည်းသွားခြင်းသည် မန္တလေး ကျောက်စိမ်းဈေးကွက် ကျဆင်းမှု၏ အဓိကသော့ချက် ဖြစ်ကြောင်း မန္တလေးမြို့ခံ လုပ်သက်ရင့် ကျောက်စိမ်းကုန်သည်များက တစ်ညီတညွတ်တည်း ဆိုကြသည်။

နိုင်ငံတကာ ကျောက်စိမ်းကျောက်မျက် မိုးရာသီကာလ ပြပွဲကို လာမည့် ဇွန်၊ ဇူလိုင်လများတွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ကျောက်မျက်ပြပွဲကို တရုတ်ကျောက်စိမ်း ဝယ်လက်များ အားထားဟန် ရှိ၍ မန္တလေး ကျောက်စိမ်းဝိုင်းသို့ လာရောက်သည့် ကျောက်စိမ်းကုန်သည် နည်းပါးလာရခြင်း ဖြစ်သည်ဟု လုပ်သက် ခုနစ်နှစ်ခန့်ရှိ ကျောက်စိမ်းကုန်သည် ဦးသူရက မှတ်ချက်ပေးသည်။

မကြာမီ ကျင်းပမည့် ကျောက်မျက်ပြပွဲသည် ပြည်တွင်းကျောက်စိမ်း ဈေးကွက် ရောင်းအားကျဆင်းခြင်း၏ မပြောပလောက်သည့် အကြောင်းချင်းရာ တစ်ခုသာဖြစ်ပြီး ပင်မအကြောင်းမှာ တရုတ်အစိုးရက တရုတ်ကျောက်စိမ်း လုပ်ကိုင်သူများကို ထုတ်ချေးပေးလျက် ရှိသော ချေးငွေကို ရပ်တန့်လိုက်ခြင်းက အဓိကအချက်ဖြစ်ရာ ယင်းအချက်ကြောင့်သည်ပင်လျှင် တရုတ်ကျောက်စိမ်းကုန်သည်များ မြန်မာနိုင်ငံသို့ လာရောက်ဝယ်ယူမှု နည်းသွားရခြင်း ဖြစ်သည်ဟု မန္တလေးမြို့ခံ လုပ်သက်ရင့် ကျောက်စိမ်းကုန်သည် ဦးစိန်ဝင်းက ထောက်ပြသည်။
“ဒီဘက်ကနေ တရုတ်ပြည်နယ်စပ်ဘက် သွားရောင်းကြတဲ့ မြန်မာကျောက်စိမ်းကုန်သည်တွေ ဒီတိုင်း ပြန်လာရတယ် ပြောတယ်” ဟု ၎င်းကဆိုသည်။

တရုတ်ကျောက်စိမ်း ကုန်သည်များကို ချေးငွေထုတ်ချေးမှု ရပ်တန့်လိုက်ခြင်းသည် ပြည်တွင်း၌ မကြာမီ ကျင်းပတော့မည့် မိုးရာသီ ကျောက်မျက်ပြပွဲကို ဂယက်ရိုက်နိုင်ကြောင်း ဦးစိန်ဝင်းက သုံးသပ်သည်။

ပြည်တွင်း၌ ကျောက်စိမ်းဈေးကွက်သည် အရောင်းအဝယ်၊ ကုန်ကြမ်းအခြေအနေ၊ ဈေးကွက်သဘောတရား၊ နိုင်ငံရေး၊ စီးပွားရေး စသည်ကို လိုက်၍ အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲမှု ရှိနေသည်။

မန္တလေး ကျောက်စိမ်းဈေးကွက်၏ သဘောတရားအရ ဈေးကွက် အရောင်းအဝယ် အပြောင်းအလဲမှာ မြန်ဆန်စွာ ဖြစ်ပေါ်လေ့ ရှိသော်လည်း လတ်တလောတွင် အရောင်းအဝယ် ကောင်းမွန်သည့် အဆင့်သို့ တက်လှမ်းလာနိုင်ခြင်း မရှိဘဲ ဈေးကွက် တန့်နေသည်ကို တွေ့ရသည်။

လတ်တလောတွင် ပြည်တွင်းကျောက်စိမ်း ကုန်သည်အကြား ဖြစ်ပေါ်နေသည့် ဈေးကွက် အရောင်းအဝယ်များက မန္တလေး ကျောက်စိမ်းဈေးကွက် ဆက်လက် လည်ပတ်နိုင်ရေးအတွက် အသက်ဆက်ပေးလျက် ရှိကြောင်း လုပ်သက်ရင့် ကျောက်စိမ်းကုန်သည် ဦးထူးထူးက ဆိုသည်။

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ဈေး တည်ဆောက်ရန် ပြင်ဆင်လျက် ရှိခြင်းကြောင့် ကျောက်စိမ်း ရောင်းဝယ်ဖောက်ကားမှုကို မန္တလေးမြို့တော်သို့ စုန်ဆင်း ပြုလုပ်လျက် ရှိကြသည်။

မန္တလေးမြို့တော်သည် တရုတ်ဈေးကွက်သို့ တရားဝင် လမ်းကြောင်းအတိုင်း တိုက်ရိုက်ရောင်းချရာ ဈေးကွက်တစ်ခု ဖြစ်ပြီး ဖားကန့်မှ တစ်ဆင့် နယ်စပ် ဖြတ်လမ်းတစ်ကြော သွားရောက် ရောင်းချမှုများမှာ တရားမဝင် ရောင်းချနေမှုများသာ ဖြစ်ကြောင်း ကျောက်စိမ်းကုန်သည် ဦးထူးထူးက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိုက်ရိုက် ကျောက်စိမ်း တင်ပို့နိုင်ရန် (one-stop-service) ကို ပြုလုပ်ပေးလျက် ရှိရာ မန္တလေးမြို့တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ one-stop-service ဖြင့် တရားဝင် တင်ပို့ခွင့်ပြုသည့် ကျောက်စိမ်းအဆင့် သတ်မှတ်ချက်များကို အနိမ့်ပိုင်းအဆင့် C၊ D မှ အဆင့်မြင့် အဆင့် A၊ B အထိ တိုးမြှင့် တင်ပို့ခွင့်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ခွင့်ပြုခဲ့သည်။

ယင်းသို့ ကျောက်စိမ်း တင်ပို့ခွင့် သတ်မှတ်ချက် တိုးမြှင့်ခွင့် ပြုလိုက်ခြင်းသည် ပြည်တွင်းကျောက်စိမ်းဈေးကွက် လည်ပတ်နိုင်ရန် အကြောင်းခြင်းရာ တစ်ခု ဖြစ်လာစေကြောင်း မြန်မာနိုင်ငံ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးမြို့ကျောက်ဝိုင်းတွင် ပြည်တွင်းလုပ်ငန်းရှင်များသာ အရောင်းအဝယ် ဖြစ်လျက် ရှိသော်လည်း ကျောက်ဝိုင်းပြင်ပ ကျောက်စိမ်းပွဲရုံများနှင့် ကျောက်စိမ်း ကုမ္ပဏီများတွင်မူ ပုံမှန်အရောင်းအဝယ် ဖြစ်နေသည့် အခြေအနေတွင် ရှိကြောင်း လက်ရှိ မေလ ၂၁ ရက်နေ့ ဈေးကွက် အနေအထားအရ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် အခြေစိုက် ကျောက်စိမ်းပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လည်ပတ်မှု အရှိန်လျော့စ ပြုလာသည့် ပြည်တွင်းကျောက်စိမ်း လုပ်ငန်းများကို ဥပဒေများဖြင့် မောင်းတင်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကို မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အဆိုပါ ဥပဒေ ထွက်ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ထွက်ရှိလာသည့် ကျောက်စိမ်းလုပ်ငန်းဆိုင်ရာ ဥပဒေတွင် လိုအပ်ချက်များ ရှိနေသေးခြင်းကြောင့် ပြည်တွင်းကျောက်စိမ်း ကုန်သည်များမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရ၍ လိုအပ်သည့် ဖြည့်စွက်ရန် အချက်အလက်များကို စာတမ်းပြုစုကာ စာအုပ်အဖြစ် ရိုက်နှိပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက တစ်ဆင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွင်းသို့ တင်ပြကာ အကြံပြု ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း မန္တလေးမြို့ခံ ကျောက်စိမ်းကုန်သည်များထံမှ သိရသည်။

လက်ရှိ ပြည်တွင်း၌ နှစ်စဉ် နိုင်ငံတကာအဆင့် ပြပွဲ တစ်ကြိမ်နှင့် ပြည်တွင်း အနိမ့်ပိုင်း ကျောက်စိမ်းကျောက်မျက်ပြပွဲ တစ်ကြိမ် ပြုလုပ်ပေးလျက် ရှိသော်လည်း ကျောက်စိမ်းဈေးကွက်မှာ ပြန်လည် ဦးမော့လာနိုင်ခြင်း မရှိသေးပေ။

ပြည်တွင်းကျောက်မျက် ပြပွဲများတွင် နိုင်ငံတကာ ကုန်သည်များထက် တရုတ်ကျောက်စိမ်း ကုန်သည်များသာ လာရောက် ဝယ်ယူမှု များလျက်ရှိသည်။ ယင်းကျောက်မျက်ပြပွဲ ပြီးပါကလည်း ကျောက်စိမ်းကုန်ကြမ်းများမှာ ပြည်တွင်းဈေးကွက်များ အတွင်းသို့ ဝင်ရောက်မှု နည်းလာကြောင်း မန္တလေးမြို့ခံ ကျောက်စိမ်းကုန်သည်များက တညီတညွှတ်တည်း ဆိုကြသည်။

မြန်မာနိုင်ငံ၌ သဘာဝတွင်းထွက် ပစ္စည်းများသည် ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးက မြင့်တက်လျက် ရှိပြီး ကျောက်စိမ်းဈေကွက်မှာလည်း အလားတူ ဖြစ်ကာ ပို့ကုန် အမျိုးအစားများမှာလည်း အမျိုးအစား အမည် မရှိသေးသည့် ပို့ကုန်များလည်း ရှိသေးကြောင်း၊ တရားမဝင် ထွက်နေသော ပို့ကုန်ပစ္စည်းများလည်း ရှိကြောင်း၊ နည်းပညာ မရှိသေးသည့်အတွက် အရိုင်းထည် ပစ္စည်းများသာ ထွက်ရှိပြီး ငွေအရင်းအနှီး အလျင်အမြန် ရရှိမည့် ဈေးကွက် ဖော်ဆောင်သည့် ပစ္စည်းများကိုသာ ကျင့်သုံးမှု များနေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြု ပြောကြားသည်။

မြန်မာကျောက်မျက် လုပ်ငန်းရှင်များသည်လည်း ပြည်တွင်းကျောက်စိမ်း ဈေးကွက်၏ လက်ရှိ အနေအထားအရ မကြာမီ ကျင်းပမည့် နိုင်ငံတကာ ကျောက်မျက်ပြပွဲကိုသာ မျှော်မှန်းလျက် ရှိကြသည်။ မန္တလေး ကျောက်စိမ်းဈေးကွက် အပါအဝင် မြန်မာ့ကျောက်မျက် ပွဲများသည်လည်း စိနတိုင်းသား ဝယ်လက်များအပေါ် မှီတည်နေရသည်ဟု ဆိုလျှင် ငြင်းဖွယ်ရာ မရှိနိုင်။

သို့ရာတွင် ယင်းပြပွဲသို့ လာရောက်မည့် အဓိကဝယ်လက် တရုတ်ကျောက်စိမ်း ကုန်သည်များမှာလည်း မူဝါဒပြောင်းလဲမှုအရ ချေးငွေထုတ်ချေး မပေးတော့ခြင်းကြောင့် အိတ်မဖောင်း၍ စိတ်ပြောင်းကြမည့် ဟန်ရှိသည်။ မြန်မာများ မျှော်နေသည့် တရုတ်ကျောက်စိမ်း ကုန်သည်များက အင်နှင့် အားနှင့် ရောက်လာရန်မှာ မသေချာ။ စိနတို့စေသမျှ ဆေးစက်ကျရာ အရုပ်ထင်ရချိန် ဖြစ်၍ မန္တလေးကျောက်မျက် လုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းကျောက်မျက်ကုန်သည်များ မျှော်လင့်နေကြသည့် မကြာမီကျင်းပမည့် ကျောက်မျက်ပြပွဲမှသည် ပြည်တွင်းကျောက်စိမ်း ဈေးကွက် ဦးမော့လာရေးသည်လည်း နှမ်းထွက်နှင့် မှန်းချက်လွဲမည့်ဟန် ရှိနေကြောင်း မန္တလေး ကျောက်စိမ်းကုန်သည် အသိုင်းအဝိုင်းက ညည်းတွားလျက် ရှိသည်။

Written by  ရွှေရည်
The Voice Weekly


စိနစေသည့် မန္တလေးကျောက်ဝိုင်း  စိနစေသည့် မန္တလေးကျောက်ဝိုင်း Reviewed by သစ်ထူးလွင် on 20:26 Rating: 5
Powered by Blogger.