ကမ္ဘာပေါ်တွင် စားသောက်ရန် အကောင်းဆုံးနိုင်ငံမှာ နယ်သာလန်ဖြစ်ပြီး အဆိုးဆုံးနိုင်ငံမှာ ချဒ်ဖြစ်ကြောင်း ၁၂၅ နိုင်ငံ၏ အစားအသောက်စားသောက်ပုံ လေ့လာကာ Oxfom မှ စစ်တမ်း ထုတ်ခဲ့သည်။
အကောင်းဆုံးဖြစ်ရခြင်းမှာ အစားအသောက်ဈေး သက်သာခြင်း၊ ဆီးချိုဖြစ်ပွားနှုန်း နည်းပါးခြင်းနှင့် အခြားသော ဥရောပနိုင်ငံများထက် အာဟာရ ပြည့်ဝခြင်းတို့ကြောင့်ဖြစ်ကြောင်း ချဒ်နိုင်ငံသည်အာဟာရနည်းပါးသည့် အစားအစာများသာရှိခြင်း၊ ဈေးကြီးခြင်းနှင့် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်တဲ့။
နောက်ထပ် သတင်းတစ် ပုဒ်ဖတ်ရပြန်တာက မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံး ခံစားရသည့် တတိယမြောက် နိုင်ငံဟု UNICEF က ပြောထားသည်။ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထနည်းခြင်း၊ ရေကောင်းရေသန့်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအကန့် အသတ်ဖြင့်သာရရှိခြင်း၊ အစားအစာကျွေးသည့် ပုံစံမမှန်ခြင်းစသည့်အချက်များ ထောက်ပြထားသည်။
ဆန်ရေစပါးပေါများကြွယ်ဝ တဲ့၊ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံဟာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးပါတဲ့။ စိတ်မကောင်း စရာပါပဲ။ ‘အမျိုးသမီးတွေနဲ့ က လေးငယ်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့နေတာကို သိပ် ပြီးသတိမထားမိကြဘူး။ ဒီချို့တဲ့ မှုဟာ ဖုံးကွယ်နေတဲ့ ဆာလောင် ခြင်းလို့ပြောလို့ရပြီး အာဟာရချို့ တဲ့မှုကို ပိုမိုဆိုးရွားစေပါတယ်’လို့ FAO ဌာနေကိုယ်စားလှယ် ဘူသီလန်က ဆိုထားပါတယ်။ တော် သေးတာပေါ့။ စားသောက်ရန် အဆိုးဆုံးနိုင်ငံက ကျွန်မတို့နိုင်ငံ မဖြစ်ဘဲ ချဒ်နိုင်ငံဖြစ်နေလို့။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်နေပါသတဲ့။ အခုခေတ်မှာ ခေတ်စားနေတဲ့ရောဂါက ကင်ဆာပါ။ ဖြစ်လိုက်ကြတဲ့ကင်ဆာရောဂါအမျိုးမျိုးက လူကြီး၊ လူငယ်တွေကို သေမင်းဆီပို့ပစ်ခဲ့တာ။ ကင်ဆာနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊လေဖြတ်ကြတာဟာ လူတွေရဲ့စားသောက်ကြတဲ့ အစားအသောက်တွေကြောင့် စားသောက်ပုံမမှန်ကြတာကြောင့်ဆိုတာ ဘယ်လိုမှငြင်းမရနိုင်ပါ။
ကျွန်မတို့ငယ်ငယ်က ကင်ဆာဆိုတာ မကြားဖူးပါ။ တီဘီ ရောဂါဟာ အဆိုးရွားဆုံးရောဂါ။ တီဘီရောဂါသည်ဆိုရင် ဆိုးဆိုး ရွားရွားရောဂါသမားပဲ။ အဆုတ်ရောဂါကုဆေးရုံတက်ပြီး နှစ်ရှည်လများဆေးကုသခံယူကြရတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုဝေဒနာရှင်များလည်း ယခုလောက်မပေါများကြပါ။
ကျွန်မရဲ့ မိဘတွေက ပဲခူးသူ၊ ပဲခူးသားတွေပါ။ ပဲခူးမြို့က ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကောင်းကောင်းထွက်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ပုစွန်ခြောက်မှုန့် ပုလင်းလေးတွေရှိကြပါတယ်။ အချိုမှုန့်ကို မသုံးတတ်ကြသေးပါဘူး။ ပုစွန်ခြောက်မှုန့်ကိုပဲ ဟင်းခတ်မှုန့်အဖြစ် သုံးကြပါတယ်။ ချဉ်ရည်ဟင်း၊ ဟင်းချိုချက်ရင် ပုစွန်ခြောက်မှုန့်လေးနဲ့ ချက်ကြပါတယ်။ အသုပ်သုပ်ရင်လည်း ပုစွန်ခြောက်မှုန့်လေးနဲ့၊ ငါးပိရည် ဖျော်ရာမှာလည်း ပုစွန်ခြောက်မှုန့်လေးဖြူးလိုက်တာပါပဲ။
နောက်ပိုင်း TV တွေပေါ် လာတော့ TV မှာ အာဂျီနိုမိုတို အချိုမှုန့်ကြော်ငြာရာကနေ အစပြုပြီး တဖြည်းဖြည်းနဲ့ အချိုမှုန့်ကို နတ်သုဒ္ဓါတစ်ပါးလို ခုံခုံမင်မင်စားသုံးလာခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။ မြို့ပြမှာ အချိုမှုန့်ကို ရေလဲသုံးကြသလို။ ကျေးလက်မှာလည်း အချိုမှုန့်မသုံးတတ်ရင်ဘဲ ခေတ်မမီတော့သလို၊ ဘာလိုလိုဆိုတော့ ရွာကအလှူပွဲတွေမှာလည်း အချိုမှုန့်ကမပါရင်မဖြစ်။ မြို့သွားမယ့်သူကို မမှာမဖြစ်မှာကြတာက အချိုမှုန့်ပေါင်ထုပ်ပဲ။ မော်လမြိုင် ရထားလမ်းဟာ အချိုမှုန့်မှောင်ခိုခေတ်တစ်ခေတ် ဖြစ်လိုက်ကြသေးတယ်။ အခုထိတော့ တစ်နိုင်ငံလုံးရဲ့ မီးဖိုချောင်မှာ အချိုမှုန့်ပုလင်းက နေရာယူလို့ကောင်းနေတုန်းပါပဲ။ အချိုမှုန့် မပါရင် ဟင်းမချက်တတ်တော့တဲ့ အိမ်ရှင်မတွေ၊ အချိုမှုန့်မပါတဲ့ဟင်းကို အရသာမတွေ့တော့တဲ့သူတွေ တစ်နိုင်ငံလုံးမှာ ဒုနဲ့ဒေး ဖြစ်နေကြဆဲပါ။
တချို့ကျတော့လည်း ဘေးဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ဈေးကြီးတဲ့ ပုစွန်ခြောက်မှုန့်အစား ဈေးနည်းတဲ့ အချိုမှုန့်ကို အစားထိုးစားသုံးနေခဲ့ကြတာမို့ အချိုမှုန့်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်သူတွေ ဘာပဲပြောပြော၊ ဘာပဲဆိုဆို၊ အချိုမှုန့်က လက်ရှိဘဝနဲ့ အံဝင်ခွင်ကျဖြစ်နေလေတော့ မြန်မာပြည်မှာ အချိုမှုန့်က ပန်းပန်လျက်ပါပဲ။
ကျွန်မတို့ဆီမှာ အချိုမှုန့်နဲ့ ကင်းလွတ်တဲ့နေရာဆိုတာ ရှားမှရှားပါ။ ကျွန်မတို့မြန်မာတွေ မနက်ခင်းစာအဖြစ် ပက်ပက်စက်စက်စားကြတဲ့ မုန့်ဟင်းခါးက ငါးများများနဲ့ချက်တဲ့ဆိုင်က ရှားပါတယ်။ များသောအားဖြင့် ငါးက နည်းနည်း၊ အချိုမှုန့်ကများများ၊ ဟင်းရည်မှာ ငါးအနံ့ကလေးသာရပြီး ပါးစပ်ထဲမှာတော့ အချိုမှုန့် အရသာက စွဲကျန်နေတော့တာပါ။ ကြာဆံသုပ်၊ ခေါက်ဆွဲသုပ်၊ လက်သုပ်စုံဆိုတာတွေကလည်း ပဲမှုန့်နဲ့ အချိုမှုန့်များများ၊ ငရုတ် သီးအချဉ်ရည်တွေနဲ့ သုပ်ထားတာ အာဟာရဘယ်မှာရှိမှာလဲ။ အာဟာရမရှိတဲ့အပြင် ငရုတ်သီးရဲ့ ဆိုးဆေးကြောင့် ကင်ဆာဖြစ် ဦးမှာ။ အချိန်မအား၊ အလုပ်မအားကြတော့ စားမှု၊ သောက်မှု ကိစ္စကလည်း နိစ္စဓူဝကိစ္စဆိုတော့ ကြေးများမနေအားဘဲ ပြီးလွယ်စီးလွယ် ဝယ်စားကြရတာပါပဲ။
မြန်မာပြည်သူလူထုအများစုက ဆင်းရဲကြတော့ မနက်စာကို နွားနို့လည်း ဝယ်မသောက်နိုင်၊ လက်ဖက်ရည်တစ်ခွက်နှစ်ရာ၊ အီကြာကွေးတစ်ချောင်းတစ်ရာ၊ ရေကျဲကျဲ မုန့်ဟင်းခါးတစ်ပွဲနှစ်ရာ၊ အသုပ်တစ်ပွဲနှစ်ရာနဲ့ မနက်ခင်း အဆာပြေဝယ်စားကြရတဲ့ဘဝတွေ။ တချို့မုန့်ဟင်းခါးတစ်ပွဲဝယ် အိမ်ကထမင်းကြမ်းနဲ့ရော ပြီး နှစ်ယောက်စားရတဲ့ဘဝတွေ လည်း အများကြီးပါ။ အာဟာရ ပြည့်ဖို့ဆိုတာထက်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာတွေထက် မနက်နဲ့ည ထမင်းနပ်မှန်ဖို့ပဲ ခေါင်းထဲထည့်စဉ်းစားနေကြရတာဆိုတော့ UNICEF ပြောတာက အရေးမကြီး၊ ဆီဖိုး၊ ဆန်ဖိုးနဲ့ မီတာခပေးဖို့တွေက ပိုပြီးအရေးကြီးနေကြတာလေ။
ခန္ဓာကိုယ်အတွက် အသား ဓာတ်လိုတယ်ဆိုတာ သိကြပေ မယ့် အနီရောင်အသားက ရှားပါး ကုန်ဖြစ်နေပြီ။ ကြက်သားက လည်း သင်္ကြန်ပြီးကတည်းက ဈေးပြန်မကျသေးဘူး။ ငါးခူက ရှစ်ရာ၊ ငါးကြင်းက ခြောက်ရာ၊ သားစို၊ ငါးစိုရှားတော့ ငါးခြောက်တွေလည်း ဈေးတက်ပြီပေါ့။ ရခိုင်ပြည်မှာ ပေါချက်ပက်စက်တယ်ဆိုတဲ့ ငါးနီတူခြောက်တောင် အရင်က သုံးရာ၊ လေးရာဈေးပဲရှိတာ။ အခုသမ္မတကြီး ဦးသိန်းစိန်လက်ထက်ကျမှ ရှစ်ရာ၊ တစ်ထောင်ဈေးဖြစ်နေပြီ။ ရန်ကုန်သူတွေ ဝယ်စားဖို့ လက်တွန့်ကြရပြီ။ သားဈေး၊ ငါးဈေး၊ ကြက်၊ ဝက်ဈေးတက်တော့ ဆင်းရဲသားလက်လုပ်လက်စားတွေ စားဖို့ အာဟာရက ဘာဖြစ်နိုင်မလဲ။ ကြက်ဥ၊ ဘဲဥက တစ်လုံး တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်။ မိသားစုများတဲ့အိမ်တွေမှာ တစ်ယောက်တစ်လုံးနှုန်းနဲ့ မစားနိုင်ကြတော့ဘူး။ မိသားစုကိုးယောက်၊ ၁၀ ယောက်ရှိတဲ့ အိမ်တွေမှာ ဘဲဥတစ်ယောက်တစ် ခြမ်းစီနဲ့ ငါးပိ၊ တို့စရာနဲ့ စားနေကြ တာ ကျွန်မ ခဏခဏတွေ့ဖူး တယ်။ ဆင်းရဲသားအများစုတွေ စားနေကြတဲ့ ဟင်းပွဲကတော့ ရိုးရိုးလေးပါ။ ထိုင်ဝမ်ကန်စွန်းရွက်ပွပွက တစ်စည်းနှစ်ရာ၊ မြန်မာရေကန်စွန်းကျစ်ကျစ်က တစ်စည်းတစ်ရာ အခြေအနေအရ ထိုင်ဝမ်ပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ စားအုန်းဆီနဲ့ အချိုမှုန့်များများ၊ ကော်မှုန့်လေးဖြူးထားတဲ့ ကန်စွန်းပလိန်းကြော်တစ်ခွက်၊ ငါးပိတို့စရာလေးနဲ့ဆို ဟင်းလျာမြည်သွားပြီ။ တကယ်တော့ ကန်စွန်းပလိန်းနဲ့ငါးပိတို့စရာက ဘယ်လိုမှမလိုက်ဖက် မအပ်စပ်လှတာပါ။ မလိုက်ဖက်လှတာကိုပဲ လိုက်ဖက်ချင်ယောင်ဆောင် လိုက်ဖက်သလို တွဲဖက်ပြီး ကျွန်မတို့မြန်မာတွေ စားလာခဲ့ကြတာ နှစ်ပေါင်းများစွာပါ။ မြန်မာထုရဲ့ ဆင်းရဲခြင်းခံနိုင်ရည်စွမ်းပကားကတော့ဒီတစ်ချက်နဲ့တင် အံ့မခန်းပါပဲ။ အစိမ်းရောင်ရှိသော အသီးအရွက်တွေက ဗီတာမင်ကိုရစေတယ်ဆိုတဲ့အသိနဲ့ အားမွေးခဲ့ကြရတာပေါ့။ အချိုမှုန့်၊ စားအုန်းဆီ၊ ကန်စွန်းရွက် စားပြီး လူလုပ်နေကြသူတွေပေါ့။
ဝန်ထမ်းတွေ လစာတိုးပြီး ကုန်ဈေးနှုန်းတွေ မကျသေး သရွေ့တော့ အခြေခံလက်လုပ် လက်စားဘဝတွေနဲ့ လစာတိုးတဲ့ ဝန်ထမ်းတွေလည်း ဆင်းရဲနေကြဦးမှာပဲ။ တိုင်းပြည်လည်း ဆင်းရဲ နေဦးမှာပါပဲ။ သမ္မတကြီးက ပြည် သူတွေဆင်းရဲခြင်း ပပျောက်စေ ချင်ရင်တော့ အရင်ဦးဆုံး ကုန်ဈေး နှုန်းတွေကျနိုင်အောင် ကြိုးစားရ မှာပါ။ ခေတ်အဆက်ဆက်မှာ တရိပ်ရိပ်နဲ့ မသိမသာကျလာအောင်လုပ်နိုင်စွမ်းရမှာ။ ဒါမှ ပြည်သူတွေလည်း အာဟာရပြည့်ပြည့်ဝဝစားသုံးရပြီး သမ္မတကြီးလည်း ဂင်းနစ်စံချိန်ဝင်ချင်ဝင်သွားမှာ။ဝန်ထမ်းတွေကို လစာတိုးအောင်လုပ်နိုင်ခဲ့သေးရင် ကုန်ဈေးနှုန်းတွေကျဆင်းအောင်လည်း လုပ်နိုင်စွမ်းရမှာပေါ့။
ခုတော့ ကမ္ဘာက လက်ညှိုး ထိုးကုန်ကြပြီ။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေအလျှံပယ် ထွက်တဲ့နိုင်ငံ။ အဖိုးတန်ကျောက် မျက်ရတနာတွေဆိုတာ မြေကြီးထဲကနေ ထွက်ထွက်နေကြတာ ဆိုတဲ့နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသား တွေကတော့ အာဟာရချို့တဲ့ နေကြတာ စံချိန်မြင့်ပါပဲတဲ့လေ။ တော်သေးတာပေါ့။ အာဟာရချို့ တဲ့တဲ့အဆင့်မှာပဲရှိနေသေးလို့။ ငတ်မွတ်ခေါင်းပါးတဲ့အဆင့်ကို ရောက်ရင်ဖြင့် ရွှေမြန်မာတို့ အတွက် ရှက်စရာကောင်းပါဘိ။
Author: ခွန်းဆင့်သူသူ
7DAY DAILY
ရွှေမြန်မာတွေတဲ့လား
Reviewed by သစ်ထူးလွင်
on
19:10
Rating: