အာရှတွင် လယ်သမားများ အသက်ကြီးလာပြီး လူငယ်မျိုးဆက်များ လယ်ယာလုပ်ငန်းသို့ဝင်ရန် တွန့်ဆုတ်နေ

 အာရှတွင် လယ်သမားများ အသက်အရွယ်ကြီးရင့်လာ၍ လူငယ်မျိုးဆက်ကလည်း လယ်ယာ လုပ်ငန်း ခွင်သို့ ၀င်ရန် တွန့်ဆုတ်နေခြင်းကြောင့် စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်လာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊  မြို့တော် မနီလာတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စီးပွားရေးညီလာခံမှ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပညာရှင်များက ပြောကြားလိုက်သည်။

အာရှစိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးရေးဟု အမည်ရသည့် ဆွေးနွေးပွဲတွင် နိုင်ငံတကာ ဆန်စပါးသုတေသန(IRRI) ၏ ညွှန်ကြားရေးမှူးနှင့် ဖိလစ်ပိုင်အစိုးရအရာရှိတစ်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ပြီး ကြီးထွားလာသော လူဦးရေအတွက် လိုအပ်သော စားနပ်ရိက္ခာကို ဖြည့်ဆည်းရန် လုပ်သားလုံလောက်တော့မည်မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေမှာ လက်ရှိသန်း ၇,၀၀၀မှ သန်း
၉,၀၀၀ သို့ မြင့်တက်လာမည်ဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ် မှုမှာ ၇၀ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားကြ သည်။

ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်လယ်သမားတစ်ဦးသည် အသက် ၅၇ နှစ်ရှိပြီး လေးတန်းအထိ ပညာသင်ကြားထားကာ လယ် ၁ ဒသမ ၅ ဟက်တာကို လုပ်ကိုင်၍ တစ်လ၀င်ငွေ ဒေါ်လာ ၃၀အောက်သာရကြောင်း ဖိလစ်ပိုင်စားနပ်ရိက္ခာဖူလုံရေးနှင့် စက်မှုစိုက်ပျိုးလုပ်ငန်း တပ်ဆင်ရေးစီမံကိန်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ဖရန်စစ်အန်ပန်ဂျီလီနန်က ပြောသည်။

“ဒါဟာ လစ်လျူရှုခံရခြင်း ဒါမှမဟုတ် အမေ့ခံထားရခြင်း ကို ထင်ထင်ရှားရှားဖော်ညွှန်းပြနေတာပဲ”ဟု ၎င်းက ပြောသည်။ “ဖိလစ်ပိုင်မှာ မျိုးဆက်သစ်တွေဟာ လယ်ထဲမဆင်းချင်တော့ဘူး။ မျိုးဆက်သစ်တွေက လယ်ဆက်မလုပ်ရင် ကျွန်တော်တို့ စားစရာတွေ ဘယ်ကရမလဲ။ ဒါဟာ စိုးရိမ်လွန်နေတာ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အာရုံစိုက်တာတွေကို ပြောင်းဖို့ သတိပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အရှေ့တောင်အာရှ လယ်သမားများ၏ ပျမ်းမျှအသက်မှာ ၅၀ ကျော်၊ ၆၀ ကျော်များဖြစ်ပြီး ဂျပန်တွင် လယ်သမားပျမ်းမျှအသက် ၆၇ နှစ်ရှိကြောင်း IRRI ညွှန်ကြားရေးမှူးချုပ် ရောဘတ်အက်စ်ဇစ်ဂလာက ပြောသည်။ အမေရိကန်ပြည်ထောင်စုတွင် လူငယ်မျိုးဆက်မှာပို၍ ပညာတတ်ကြပြီး လုပ်ငန်းနည်းပညာများလည်း ပိုမိုကျွမ်းကျင်သောကြောင့်  စိုက်ပျိုးမွေးမြူရေးတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် အာရှတွင် ထိုအခြေအနေမျိုးရှိလာရန် မျိုးဆက်တစ်ခုခန့် စောင့်ရမည်ဖြစ်ကြောင်း ဇစ်ဂလာက ပြော သည်။

“ကျွန်တော်ဟာ ကမ္ဘာတစ်ဝှမ်းက  စပါးစိုက်တဲ့ တိုင်းပြည်တွေကို သွားရောက်လေ့လာတဲ့အခါတိုင်း၊  လယ်သမားတွေနဲ့ တွေ့ဖြစ်အောင် တွေ့ပါတယ်။ ပြီးရင် လယ်သမားတွေကို သူတို့သားသမီးတွေကို ဘာဖြစ်စေချင်သလဲဆိုတာမေးဖြစ်ပါတယ်။ ကျွန်တော် ၁၉၈၅ ခုနှစ်ကတည်း ဒီလိုမေးလာပေမယ့် သူတို့သားသမီးတွေကို လယ်သမားဖြစ်စေ ချင်တယ်လို့ ပြန်ဖြေတာ တစ်ခါမှမကြားရသေးပါဘူး”ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောကြားသည်။

“အနာဂတ်မှာ လယ်သမားတွေကို ပညာမသင်ပေးနိုင်ရင်၊ နည်းပညာသစ်တွေ တတ်မြောက်အောင် မလုပ်ပေးနိုင်ရင် စားနပ်ရိက္ခာလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး”ဟု ၎င်းက ထည့်သွင်းပြောကြားသည်။ လယ်သမားများမှာ ထိခိုက်မှုအများဆုံးဖြစ်ပြီး ထိုင်းကဲ့သို့ နိုင်ငံမျိုးတွင် ကြားပွဲစားများက  လယ်ထဲတွင် ရုန်းကန်ထွန်ယက်ရသော လယ်သမားများထက် ပို၍အကျိုးအမြတ်ရရှိ နေကြောင်း ၎င်းက ပြောသည်။

“လယ်သမားတွေဟာ အောက်ခြေက ဒုက္ခတွေ အားလုံးကို ရင်ဆိုင်ခံစားရပြီးတော့ တခြားသူတွေက အပေါ်ကနေ အမြတ်ထုတ်ကြတယ်။ လယ်သမားတွေ နည်းပညာသစ်တွေ အသုံးချပြီး ဆန်းသစ်တီထွင်မှုတွေ လုပ်တာကိုကျွန်တော်တို့လိုချင်ရင် ဒီညီမျှခြင်းကို ပြောင်းပစ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

“အာရှမှာ စားနပ်ရိက္ခာ ဖူလုံမှုမရှိရင် ကမ္ဘာကြီးရဲ့ စားနပ်ရိက္ခာလည်း ဖူလုံမှုမရှိတော့ပါဘူး”ဟု ၎င်းက ပြောသည်။ “နိုင်ငံတွေအကြားမှာ အဆက်မပြတ်ဆွေးနွေးမှုတွေပြုလုပ်ပြီး လယ်သမားတွေနဲ့ ကျေးလက်ဒေသက တကယ့်အသံတွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာ တက်ရောက်ဆွေးနွေးနိုင်စေဖို့ အရေးတကြီးလိုအပ်နေပါတယ်”ဟု ၎င်းက တိုက်တွန်းသည်။

- မောင်လူဧ (Source: Jakarta Globe)

The Farmer Media


အာရှတွင် လယ်သမားများ အသက်ကြီးလာပြီး လူငယ်မျိုးဆက်များ လယ်ယာလုပ်ငန်းသို့ဝင်ရန် တွန့်ဆုတ်နေ  အာရှတွင် လယ်သမားများ အသက်ကြီးလာပြီး လူငယ်မျိုးဆက်များ လယ်ယာလုပ်ငန်းသို့ဝင်ရန် တွန့်ဆုတ်နေ Reviewed by သစ်ထူးလွင် on 04:15 Rating: 5
Powered by Blogger.