ထိုင်းတွင် စစ်တပ်အာဏာသိမ်းမှု အာဆီယံဥက္ကဋ္ဌ သီးခြားထုတ်ပြန်ရန်မရှိ


 ထိုင်းနိုင်ငံတွင် စစ်တပ် က (၁၉)ကြိမ်မြောက်အာဏာ သိမ်းခြင်းအပေါ် အာဆီယံဥက္ကဋ္ဌ အနေဖြင့် ထိုင်းနိုင်ငံ၏ ပြည်တွင်း ရေးပြဿနာကို ငြိမ်းချမ်းစွာဖြေ ရှင်းနိုင်မည်ဟု ယုံကြည်ပြီး အာဆီယံအဖွဲ့က သီးခြားထုတ် ပြန်ချက်ပြုရန်မရှိကြောင်း အာဆီ ယံရေးရာပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
    ‘‘အာဆီယံအနေနဲ့တော့ ဒီ ကိစ္စကို သီးခြားထပ်ပြောဖို့မရှိပါ ဘူး။ နောက်ဆုံးကျင်းပထားတဲ့ ထိပ်သီးအစည်းအဝေးက ထုတ် ပြန်ချက်အတိုင်းပဲ ရှိပါသေး တယ်။ အခု ထိုင်းအာဏာသိမ်း တာကို မြန်မာကထောက်ခံတယ် ဆိုပြီး တချို့သတင်းဌာနတွေက ရေးသားတာတွေ မဟုတ်ပါဘူး။ အာဆီယံရဲ့မူက အားလုံးတိုင်ပင် ပြီးမှ ထုတ်ပြန်သင့်တာထုတ်ပြန် မှာပါ’’ဟု ဦးရဲထွဋ်က ပြောသည်။

    အာဏာသိမ်းမှုကို မြန်မာ အပါအဝင် အာဆီယံက နှုတ် ဆိတ်နေသော်လည်း အမေရိကန် နှင့် နိုင်ငံတကာက ဝိုင်းဝန်းဝေဖန် နေကြသည်။ ထိုင်းနိုင်ငံတွင် ဆူပူ မှုများမဖြစ်ပွားရန်၊ လူငါးဦးထက် ပိုပြီး မစုဝေးရန်နှင့် ညမထွက်ရ အမိန့်များကို အာဏာသိမ်းစစ် တပ်က ထုတ်ပြန်ခဲ့သည်။ ထိုင်း အိမ်စောင့်အစိုးရနှင့် အတိုက်အခံ များကို စစ်တပ်က ဖမ်းဆီးထိန်း သိမ်းထားသည့်အပေါ် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီက ပြန်လွှတ်ပေးရန် တောင်း ဆိုထားပြီး ထိုင်းနိုင်ငံနှင့် ပူးပေါင်း ထားသည့် စစ်ရေးအကူအညီများ အားလုံးကို အမေရိကန်က ယာယီဆိုင်းငံ့ထားလိုက်ပြီဖြစ် ကြောင်း BBC သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

    နေပြည်တော်တွင် မေလ ၁၁ ရက်က ကျင်းပခဲ့သည့် အာဆီ ယံထိပ်သီးအစည်းအဝေး၌ ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများ ကို တွေ့ဆုံဆွေးနွေးခြင်း၊ ဒီမို ကရေစီအခြေခံမူများနှင့် တရား ဥပဒေစိုးမိုးမှုကို အပြည့်အဝလေး စားလိုက်နာခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန်လိုအပ်နေပြီး ထိုင်း နိုင်ငံပြည်သူများ၏ အကျိုးစီးပွား နှင့်   စိတ်ဆန္ဒရှိမှုများနှင့်အညီ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိုမြှင့်တင်ရန် လိုအပ်နေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ က သတင်းထုတ်ပြန်ထားသည်။
    ‘‘အခု ထိုင်းမှာ ကျောင်းတွေ ကို မေလ ၂၅ ရက်အထိ ပိတ်ခိုင်း ထားတယ်။ နယ်စပ်ဂိတ်တွေအား လုံးလည်း ပိတ်ထားတယ်။ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရ တော့ အလုပ်တွေစောစောသိမ်း တာပဲရှိပါတယ်။ ဆဲဗင်းအလဲဗင်း စတိုးတွေဆို ည ၉ နာရီဆိုပိတ်ပါ တယ်။ အလုပ်တွေကတော့ အခက်အခဲမရှိလုပ်နိုင်ပါတယ်’’ ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ပညာ ရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့မှ မဝေနှင်းပိုက ပြောသည်။ ထိုင်းနိုင်ငံရေးအကျပ် အတည်းမှာ နှစ်ပေါင်းများစွာ အတွင်း အပြင်းထန်ဆုံးအခြေ အနေဖြစ်လာပြီး ရှပ်နီ၊ ရှပ်ဝါနှစ် ဖက်စလုံးက အင်အားကြီးလက် နက်များ၊ လက်ပစ်ဗုံးများဖြင့် ပစ် ခတ်တိုက်ခိုက်မှုများအရှိန်မြင့် လာခြင်းကြောင့် အာဏာသိမ်း လိုက်ခြင်းက လတ်တလော ပြဿနာကို ဖြေရှင်းရာရောက် ကြောင်း အာဆီယံလူထုဖိုရမ်၏ ဆက်သွယ်ရေးတာဝန်ခံ ဦးကျော် လင်းဦးက ပြောသည်။

အာဆီ ယံဥက္ကဋ္ဌအနေဖြင့်ရော အိမ်နီး ချင်းနိုင်ငံအနေဖြင့်ပါ ပြည်တွင်း ရေးကို စွက်ဖက်ရာမရောက်သော အကြံဉာဏ်ကောင်းများ တိုက် တွန်းမှုများပေးသင့်ကြောင်း ၎င်း က အကြံပြုသည်။    ‘‘ထိုင်းနိုင်ငံရေးအကျပ် အတည်းကြောင့် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကို မှီခိုနေရတဲ့ ထိုင်း စီးပွားရေးကျဆင်းလာတယ်။ ဒီ တော့ ထိုင်းစီးပွားရေးလုပ်ငန်း တွေကို အများဆုံးမှီခိုနေရတဲ့ မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ တွေလျော့နည်းလာနိုင်ပါတယ်’’ ဟု ဦးကျော်လင်းဦးက ပြော သည်။

    ထိုင်းနိုင်ငံ၏ စစ်တပ်အာ ဏာသိမ်းမှုကို အာဆီယံအထွေ ထွေအတွင်းရေးမှူးချုပ်ရုံးက လည်း တစ်စုံတစ်ရာထုတ်ပြန် ချက်မပြုခဲ့ဘဲ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကမူ  စိုးရိမ်ကြောင်း ပြောကြား ထားသည်။

Author: အေးသူစံ

7DAY DAILY

ထိုင်းစစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ဘန်ကောက်မြို့တစ်နေရာတွင် ထိုင်းစစ်သားများကိုမေ၂၃ရက်ကတွေ့ရစဉ်(ဓာတ်ပုံ−အီးပီအေ)



ထိုင်းတွင် စစ်တပ်အာဏာသိမ်းမှု အာဆီယံဥက္ကဋ္ဌ သီးခြားထုတ်ပြန်ရန်မရှိ ထိုင်းတွင် စစ်တပ်အာဏာသိမ်းမှု အာဆီယံဥက္ကဋ္ဌ သီးခြားထုတ်ပြန်ရန်မရှိ Reviewed by သစ်ထူးလွင် on 11:06 Rating: 5
Powered by Blogger.