မှန်ထဲမှာ ပေါ်နေတဲ့ မိမိရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း မခင်မြတ်နွယ် တစ်ယောက် ရှိုက်ကြီး တငင် ငိုချလိုက် မိပါတယ်။ သူမရဲ့ မျက်နှာဟာ အရင်က ကြည့်ကောင်း ပေမယ့်လည်း အခုတော့ ဒဏ်ရာ ဒဏ်ချက် များကြောင့် အရင်လို ကြည့် မကောင်း တော့ပါဘူး။
““မျက်နှာပေါ် က ဒဏ်ရာတွေ ကိုကြည့်ပြီး အကြိမ်ကြိမ် ငိုခဲ့ရတယ်။ဒဏ်ရာတွေ ကြောင့် ရုပ်က သူများ တွေလို မလှပတော့ဘူး။မလှတဲ့ အတွက် အလုပ် လျှောက်တဲ့ အခါ အခက် အခဲတွေ အများကြီး ရင်ဆိုင် ရပါတယ်””လို့ မခင်မြတ်နွယ် က ပြန်ပြောပါတယ်။
မခင်မြတ်နွယ် ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ လ (၂၁) ရက်နေ့မှာ ဖြစ်ခဲ့တဲ့ လှည်းတန်း အများသုံး သန့်စင်ခန်း ဗုံးခွဲခံရမှုမှာ အသက်မ သေဘဲ ကျန်ရစ် ခဲ့သူဖြစ်ပါတယ်။ အသက် (၂၄) နှစ် အရွယ်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ကြောင့် သူမဟာ အသက် မသေဆုံး ခဲ့ပေမယ့်လည်း မျက်နှာ တစ်ခြမ်း ပျက်စီးခဲ့ပြီး မျက်လုံး တစ်လုံး ဆုံးရှုံးကာ လည်ပင်း အပါ အ၀င် ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ဟာ လူကောင်း တစ်ဦးကဲ့သို့ မရှိ တော့ဘဲ ဒဏ်ရာ ဒဏ်ချက်များ ကြောင့် အကျည်းတန် ခဲ့ရပါတယ်။
““ဗုံးပေါက်မယ့်နေ့ က ကောင်လေး တစ်ယောက် သန့်စင်ခန်းကို မနက် အစောကြီး ကြိုရောက်နေ တယ်။ အထုပ်တွေကို သန့်စင်ခန်း မှာ အပ်ထားတယ်။ သူ့အဖွားကို စောင့်နေတာလို့ ပြောတယ်။ ဘယ်မှလည်း မသွားတတ်ဘူး တဲ့။ နေ့လည် ထမင်းစားချိန် ရောက်တဲ့ အခါ ထမင်းစားမလား မေးတော့ ဒီနားမှာ သွားစားမယ် ဆိုပြီး ထွက်သွားတယ်။ သူသွားပြီး သိပ်မကြာဘူး ဗုံး ထပေါက်တာပဲ။ သေသွားတဲ့ အဒေါ် ကြီးက ကျွန်မထိုင်တဲ့ ပိုက်ဆံ ကောက်တဲ့ နေရာမှာ ၀င်ထိုင်လို့ သေသွားတာပါ။ သူသာ မထိုင်ရင် ကျွန်မသေမှာပါ””လို့ သူမက ဆို ပါတယ်။
၂၀၁၁ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ လှည်းတန်း မီးပွိုင့် အနီးက အများ သုံးသန့်စင်ခန်း ဗုံးပေါက်ကွဲမှု မှာ အမျိုးသမီး တစ်ဦး အသက် ဆုံးရှုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ ပါတယ်။ ဒဏ်ရာ ရရှိသူ အမျိုးသမီးကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသ ပေးနေတယ် လို့လည်း သက်ဆိုင်ရာ က သတင်းထုတ်ပြန် ခဲ့ပါတယ်။
““ဆေးရုံ တက်နေချိန်မှာ သေသွားပြီ ဆိုတဲ့ သတင်းတွေ ထွက်လာ တယ်။ သေပြီလို့ပဲ အားလုံးက ထင် ထားတယ်။ ပြန်ကောင်းလာမယ် လို့ လုံးဝ မထင်ထားဘူး””လို့ မခင်မြတ်နွယ်ရဲ့မိခင် ဒေါ်စန်းမြင့်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ မှာ ဒီအလုပ်ကို သူမ စတင် လုပ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တော့ သန့်စင်ခန်း ဗုံး ခွဲခံရမှုနဲ့ အတူ သူမဘ၀ဟာ လည်း တစ်ဆစ်ချိုး ပြောင်းလဲ ခဲ့ရပါတယ်။ သူမဟာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့် မြို့နယ်၊ ကန်ရွာက ဖြစ်ပြီး သားသည် မိခင် တစ်ဦး လည်းဖြစ်ပါတယ်။ စားဝတ်နေရေး အခြေအနေ ကြောင့် တစ်နှစ်ခွဲ အရွယ် သားလေး တစ်ဦးနဲ့ လင်သားကို ခေတ္တ စွန့်ခွာကာ ရန်ကုန်မြို့ကို တက်လာ ပြီး လုပ်ငန်းခွင် ၀င်နေခဲ့ သူတစ်ဦး လည်း ဖြစ်ပါတယ်။
““ဒီလို ဒဏ်ရာတွေကြောင့် သူ့ယောက်ျား ကလည်း သူ့ကို မ ပေါင်းတော့ဘူး။ကလေး တစ်ယောက် နဲ့ ပစ်ထားခဲ့တယ်””လို့ သူမရဲ့ မိခင်က ဆက်ပြောပါတယ်။
သူမဟာ ဗုံးကွဲမှု ကြောင့် ရလာ တဲ့ ဒဏ်ရာတွေ ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ အရိုးအကြော ဆေးရုံ ကြီးတွေမှာ သုံးလနီးပါး ကုသခဲ့ရ ပြီး ဒဏ်ရာပေါင်း( ၂၄ )ခု အထိ ရရှိခဲ့ပါတယ်။ ဒဏ်ရာများ သက်သာလာချိန် မှာတော့ မူလ အလုပ် အကိုင်ဖြစ်တဲ့ လှည်းတန်း လမ်းဆုံက အများသုံး သန့်စင်ခန်း မှာပဲ ပိုက်ဆံ ကောက်တဲ့ အလုပ်ကို ဆက် လက် လုပ်ကိုင် ခဲ့ပါတယ်။
““ဒဏ်ရာတွေ ကို မှန်ထဲမှာ ကြည့်ပြီး စိတ်ဓာတ်တွေ ကျဆင်း နေချိန်မှာ အရိုး ဆေးရုံကြီး လည်း ရောက်ရော စိတ်ဓာတ်တွေ ပြောင်းလဲ လာတယ်။ အရိုး ဆေးရုံကြီးမှာ သွားပြနေတုန်း အစ်မကြီး တစ်ယောက် ကိုတွေ့တယ်။ ဆံပင် အရှည်ကြီးနဲ့ အရမ်းချော တယ်။ ဒါပေမဲ့ သူမှာ ခြေထောက် နှစ်ဖက် မရှိဘူး။သူများ တွန်းလှည်း တွန်းပေးမှ သွားလာရ တဲ့ ဘ၀ကို မြင်လိုက် ရတယ်။ဒီ အချိန်မှာ တွေးမိလိုက် တာက ငါဟာ မျက်နှာပဲ ထိခိုက် ပျက်စီးသွားတာ။ကျန်တာတွေ က အားလုံး ကောင်းနေတယ်။ ငါ အလုပ် လုပ်နိုင်သေး တယ်ဆိုပြီး စိတ်ဓာတ် ပြန်တက် လာတယ်””လို့ မခင်မြတ်နွယ်က ဆိုပါတယ်။
ဒီလို လုပ်ကိုင်နေချိန် တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ် အတွက် ကမာရွတ် ရဲစခန်းက မကြာခဏ ခေါ်ယူ စစ်ဆေးမှုတွေ ကြောင့် သန့်စင်ခန်း ပိုင်ရှင်တွေက သူမကို အလုပ်ထုတ် ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။သန့်စင် ခန်းက အလုပ်ထုတ် လိုက်ချိန်မှာ တော့ သူမဟာ မိဘတွေရှိ တဲ့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့က ကန်ကြီးထောင့် မြို့နယ်ကို ပြန်သွား ခဲ့ရပါတယ်။
ကန်ကြီးထောင့် မြို့နယ် ကန်ရွာ မှာ မိဘတွေနဲ့ တစ်နှစ် လောက် နေထိုင်ခဲ့ချိန်မှာ လည်း မခင်မြတ်နွယ်ဟာ ဆီးကွမ့် ပိုက်ဆံအိတ် လေး တွေကို ထိုးပြီး ရောင်းချခဲ့ ပါသေး တယ်။ ဒါပေမဲ့လည်း ရရှိခဲ့တဲ့ မျက်လုံး ဒဏ်ရာ၊ နား ဒဏ်ရာတွေ ကြောင့် တာရှည် မလုပ်ကိုင် နိုင်ဘဲ (၃)လ အကြာမှာ ရပ်နား ခဲ့ရပါ တယ်။
““မိသားစုက လည်း စီးပွား ရေး အဆင် မပြေဘူး။ အလုပ်က အရမ်း လုပ်ချင် နေတယ်။ ရုပ်ကလည်း မလှတော့ ဘယ်မှာမှ ၀င်လုပ်လို့ မရဘူး။ အလုပ်တွေ လုပ်ဖို့ ရှာတဲ့ အခါ ရုပ်မလှလို့ အလုပ်မရဘူး။နောက်ဆုံး ဘုရင်နောင် ပွဲရုံက သူ ငယ်ချင်း တစ်ယောက်က ကူညီလို့ ဒီအထည်ချုပ် စက်ရုံမှာ အလုပ်ရ ခဲ့တာပါ””လို့ မခင်မြတ်နွယ် က သူမ ဘ၀အကြောင်း ကို ပြောပြပါတယ်။
အထည်ချုပ် စက်ရုံ ၀န်ထမ်း အဖြစ် လုပ်ကိုင် နေချိန်မှာတော့ လှိုင် သာယာမြို့နယ်၊ ဗိုလ်ချုပ်မှတ်တိုင် အနီးက အလုပ်သမားများ နဲ့ အခြေခံ လူတန်းစားများ စုပေါင်း နေထိုင်တဲ့ အဆောင် တစ်ခုမှာ တစ်လကို ကျပ်နှစ်သောင်း ငါးထောင်နှုန်း နဲ့ ပေးပြီး နေထိုင် ခဲ့ပါတယ်။
သူမဟာ မိုးလင်း မိုးချုပ် စက် ရုံထဲမှာသာ အချိန်ကုန် တဲ့ အထည် ချုပ်ဝန်ထမ်း အလုပ်ကို လုပ်ကိုင်နေ ခဲ့တာ တစ်နှစ်ကျော် အထိ ရှိလာခဲ့ပါပြီ။ ဒီအလုပ်ဟာ ပတ်ဝန်းကျင်နဲ့ ထိတွေ့ ဆက်ဆံရမှု နည်းပါးခြင်း၊ အပြင်မထွက် ရခြင်း စတဲ့ အချက်တွေကြောင့် သူမအတွက် အဆင်ပြေ စေခဲ့ပါတယ်။ အထည်ချုပ် အလုပ် သမဘ၀နဲ့ လှုပ်ရှား ရုန်းကန်ရင်း ရွာမှာကျန်ရစ် ခဲ့တဲ့ မိဘ နှင့် သားငယ် လေးကို လည်း လစဉ်ပုံမှန် ထောက်ပံ့ ပေးခဲ့ပါတယ်။
ဒါ့အပြင် တစ်ဖက် တစ်လမ်း မှာလည်း သူမရဲ့ မျက်နှာကို ကုသဖို့ အတွက် နည်းလမ်းတွေကို ရှာဖွေ နေခဲ့ပါ တယ်။ ဒါပေမဲ့ လည်း ဆေးဝါး ကုသမှုအတွက် ကုန်ကျစားရိတ် တွေဟာ သူမလို တစ်နေ့လုပ် တစ်နေ့စား အလုပ်သမ တစ်ဦးအတွက် လက်လှမ်းမီ နိုင်တဲ့ အနေအထား မှာတော့ ရှိမနေခဲ့ပါဘူး။
““အစိုးရဖက် ကတော့ ဆေးရုံ မှာ ကုသနေချိန် တစ်လျှောက်လုံးကို သိန်း ၁၈၀ လောက် အကုန်ခံပြီး ကုသပေး ခဲ့တယ်။ ဒီနောက်ပိုင်း မှာတော့ ဘယ်သူမှ မကူညီသလို ဘာမှလည်း ပြောသံ မကြားရတော့ပါ ဘူး။ သန့်စင်ခန်း ပိုင်ရှင်သူဌေး က ဆေးရုံ တက်နေချိန်မှာ ငွေ ၆ သိန်း ပေးတယ်။ မျက်စိ ကတော့ ကိုယ့်ငွေ နဲ့ ကိုယ် မျက်လုံး အတု ထည့်ထားတာ ၂ သိန်း ကုန်တယ်။ မျက်နှာအတွက် “ကောင်းဆက် ဒိန်ချဉ်” ပိုင်ရှင် အန်တီက အလကား လုပ် ပေးမယ် ပြောပါတယ်။ အလုပ်က ပိတ်ရက် မရတော့ အဆင်မပြေဘူး။ပန်းလှိုင် ဆေးရုံမှာ ကုသဖို့ စုံစမ်းတော့ လည်း ၁၀ သိန်းလောက် ကုန် မယ်လို့ သိရတဲ့ အတွက် မတတ်နိုင် ဘူး။ အခုတော့ ဘာမှ မမျှော်လင့် တော့ဘဲ အလုပ်ကိုသာ စိတ်နှစ် ထား ပါတယ်””လို့ သူမက ဆိုပါတယ်။
မခင်မြတ်နွယ် ဟာ ဗုံးပေါက်ကွဲ မှုကြောင့် ရလာတဲ့ ဒဏ်ရာတွေ နဲ့ အတူ ဘ၀ကို ခက်ခဲစွာ ဖြတ်သန်း နေချိန်မှာ တစ်ခြား လူသားတွေ လိုပဲ အဖြစ်ချင်ဆုံး ဆန္ဒတွေ သူမဆီမှာ ရှိနေပါတယ်။ သူမရဲ့ ပထမဆန္ဒကတော့ မျက်နှာကို လူတကာ နဲ့ ရင်ဘောင်တန်း နိုင်တဲ့ အနေအထားမျိုး ရောက်အောင် ကုသလိုခြင်း နဲ့ ဒုတိယ ဆန္ဒကတော့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထက် ပိုမို ကောင်းမွန်တဲ့ အလုပ်တစ်ခု ကို ၀င်ရောက် လုပ်ကိုင်လိုတဲ့ ဆန္ဒတွေပဲ ဖြစ်ပါ တယ်။
““အခုအလုပ် က ဒဏ်ရာအခြေ အနေ နဲ့ မကိုက်ဘူး ဖြစ်နေတယ်။တခါ တစ်လေမှာ ခေါင်းတွေ ကိုက် တယ်။ အထည်ချုပ် လုပ်ငန်းက မီးချောင်းတွေ ထွန်းပြီး လုပ်ရတဲ့ အတွက် အရမ်းပူပါတယ်။ သက်သောင့် သက်သာ မရှိပါဘူး။ နားကလည်း တစ်ခါတလေ မှာ ပြည်ယိုတာ တွေဖြစ်တယ် ။ မကြားရတာ တွေရှိတယ်။ ဒါကြောင့် ဖြစ် နိုင်ရင် ဒီနှစ်ခုပဲ ဖြစ်ချင်ပါတယ်။ မျက်နှာလေးသာ ကောင်းသွားရင် အလုပ် မရှားတော့ပါဘူး””လို့ မခင်မြတ်နွယ်က ဆက်ပြောပါတယ်။
လှည်းတန်း မီးပွိုင်အနီး က ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဟာ ယခုဆို ရင် အချိန်ကာလ အားဖြင့် နှစ်နှစ် ကျော်ကာလ အတွင်းကို ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။ အချိန်တွေ တရွေ့ရွေ့ ပြောင်းလဲ ကုန်ဆုံးလာ ပေမယ့်လည်း ဗုံးပေါက်ကွဲမှု အတွက် တရားခံကတော့ ဖမ်းဆီး ရမိခြင်း မရှိသေးပါဘူး။
““သတင်းစာတွေ ကို ဖတ်ပါ တယ်၊ တရားခံ မိသွားပြီလား ရှာ ကြည့်ပါတယ်။ ဒါပေမဲ့ အခုထိ ဖမ်းမမိ သေးပါဘူး။ လုပ်တဲ့သူကို မမိပေမယ့် ခံရတဲ့ သူတွေက တော့ ခံခဲ့ရပါတယ်။ တစ်နေ့လုပ် တစ်နေ့ စား ဆင်းရဲသား ပြည်သူတွေကို ဘာလို့များ အဲဒီလို ထိခိုက်နစ်နာ အောင် လုပ်ရသလဲ ဆိုတာကိုတော့ သိချင်တယ်””လို့ မခင်မြတ်နွယ်ရဲ့ အမေက ပြောပါတယ်။
လှည်းတန်း မီးပွိုင့် အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တဲ့ နောက်မှာ တခြားသော မြန်မာ ပြည် အနှံ့အပြားမှာ လည်း ဗုံးပေါက်ကွဲမှုများ၊ ဗုံးသတင်းများ ဆက်တိုက် ဖြစ်ပေါ်လာ ခဲ့ပါတယ်။ ဒီလို ဖြစ်စဉ်တွေ ကြောင့် ထိခိုက် သေဆုံး ခဲ့ရသူတွေ ရှိနေခဲ့သလို ဒဏ်ရာ အနာတရများနဲ့ သေရာပါ ဖြစ်ခဲ့ရသူတွေ လည်း အများအပြား ရှိနေခဲ့ပါ တယ်။ ဒီဖြစ်စဉ်များ ကို ဖန်တီးခဲ့သူ တွေကို လည်း သက်ဆိုင်ရာ အာဏာ ပိုင်များက ဖမ်းဆီး နိုင်ခဲ့တာ တွေရှိသလို မဖမ်းဆီးနိုင်ဘဲ လွတ်မြောက် နေသူတွေ လည်း ရှိနေပါသေးတယ်။
““အပြစ် တကယ်ရှိတဲ့ သူကိုပဲ လုပ်ပါ။ အပြစ်မရှိတဲ့ သူတွေကို မလုပ်ပါနဲ့။ ကျန်တဲ့ ကိုယ့်လိုပဲ အ ပြစ်မရှိတဲ့ သူတွေကို မလုပ်ကြပါနဲ့ လို့ ပြောချင်ပါတယ်။ အခုဆိုရင် ဒုန်းဆိုတဲ့ အသံကို ကြားရင် လန့်တယ်။ ဗုံးပေါက်တဲ့ အသံကြားရင် လန့်တယ်။ လူစည်ကားတဲ့ နေရာ တွေကို မသွားရဲတော့ဘူး””လို့ အရင်က ပွဲလမ်းသဘင် သွားလာမှု တွေအပေါ် ခုံမင်ခဲ့ဖူးတဲ့ မခင်မြတ်နွယ်က ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲ့ စီးပွားရေးမြို့ တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လှည်းတန်း လမ်းဆုံ မီးပွိုင့်နားက အများ သုံး သန့်စင်ခန်း ဗုံးပေါက်ကွဲမှု ပုံ သဏ္ဍာန်မျိုး ဖြစ်စဉ်တွေ အများအပြား ဖြစ်ပေါ်ခဲ့ ဖူးပါတယ်။ အထူး သဖြင့် န၀တ အစိုးရ လက်ထက်မှာ ဖြစ်ခဲ့တဲ့ ကမ္ဘာအေးဘုရား စွယ်တော် ဗုံးပေါက်ကွဲမှု၊ Yangon Trade Center ၊ ဒဂုံစင်တာ၊ ရှစ်မိုင် Junction ၊ X2O သင်္ကြန်မဏ္ဍပ် စတဲ့ လူစည်ကားရာ မြို့တွင်းနေရာတွေ မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သေ ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ ရှိသလို မခင်မြတ်နွယ် လို အရေပြားပေါ် မှာ သေရာပါ အမာရွတ် တွေရခဲ့တဲ့ ပြည်သူတွေ လည်း ရှိနေခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုတွေ ပြည်တွင်း မှာ ဖြစ်ပေါ်ခဲ့ ပေမယ့် ထိခိုက် ဆုံးရှုံး နစ်နာခဲ့ရသူများ ကတော့ ပြည်သူ တွေပဲဖြစ်ပါတယ်။
ဆံပင်ကို အမြဲ ဖားလျား ချ ထားရပြီး မျက်မှန် တစ်လက်ကို တပ်ဆင်ကာ မျက်နှာပေါ်က အမာရွတ် တွေကို သနပ်ခါးနဲ့ ဖုံးအုပ်ပြီး အထည်ချုပ် စက်ရုံမှာ အလုပ်ဝင်နေ တဲ့ မခင်မြတ်နွယ် ဟာ သေလုမြောပါး ခံစားခဲ့ရတဲ့ ဝေဒနာတွေ ကို ဖြတ်ကျော်နိုင် ခဲ့ပေမယ့်လည်း ကျန်ရှိ တဲ့ လူသက်တမ်း မှာတော့ ပုံမှန် လူသားတွေ လိုပဲ လူဝင်ဆံ့နိုင်ရေး အတွက်မျက်နှာ နဲ့ ခန္ဒာကိုယ်ပေါ် က အမာရွတ်တွေ က အခက်အခဲ တွေ အဖြစ် တားဆီး နေခဲ့ပါတယ်။တကယ်လို့များ သူမမျက်နှာ နဲ့ ခန္ဒာကိုယ်က အမာရွတ်တွေ ကို အဆင့်မြင့် ဆေးပညာတွေ နဲ့ ကုသမှုခံယူနိုင် ခဲ့မယ် ဆိုရင်တော့ သူမရဲ့ ဘ၀ဟာ အခုထက်ပို သာယာ လှပလာလိမ့် မယ် လို့လည်း သူမက ယုံကြည် နေရှိ ပါတယ်။ ဆေးကုသဖို့ မျှော်လင့် ချက်တွေ ဆန္ဒတွေ ရှိနေပေမယ့် လည်း စားဝတ်နေရေး နဲ့ သူမသားလေး ရဲ့နောင်ရေး ကလည်း ရှိနေလေတော့ ဆန္ဒနဲ့ ဘ၀ဟာ တစ်ထပ်တည်း မကျနိုင် ခဲ့ရှာပါဘူး။
““ဒီနှစ်ဆိုရင် သားလေးက ကျောင်းထား ရတော့မယ်။ ငွေကို ပိုပြီး ရအောင် ရှာရတော့မယ်””လို့ သူမက ပြောပါတယ်။
မသမာသူ တချို့ရဲ့ ဗုံးဖောက် ခွဲခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်ဦး ဟာ သေရာပါ ဒဏ်ရာတွေနဲ့ အတူ ဘ၀ကို ခက်ခဲစွာ ရုန်းကန် နေခဲ့ရပါ ပြီ။ သူမရဲ့ အနာဂတ်ဘ၀ သာယာ လှပရေး အတွက် နိုင်ငံတော် အပိုင်း က ကူညီ ထောက်ပံ့ခဲ့ရင် သို့တည်း မဟုတ် လူမှု အဖွဲ့အစည်းတွေ အပါ အ၀င် ငွေကြေး တတ်နိုင်သူ တစ်ဦး ဦးက ကူညီ ကုသပေးခဲ့မယ် ဆိုရင် တော့ သူမလိုချင် တောင့်တနေတဲ့ ဆန္ဒတွေပြည့်ဝပြီး သူမရရှိခဲ့တဲ့ အပြစ်မဲ့ ဒဏ်ရာတွေ ရာနှုန်းပြည့် မဟုတ် တောင်တချို့တစ်ဝက် ပျောက်ကင်း သက်သာ သွားနိုင်မှာပါ။
မျိုးထွန်းနိုင်
Messenger News Journal

ရာဇ၀တ်ဘေး ပြေး၍ လွတ်နေသော ဗုံး
Reviewed by သစ်ထူးလွင်
on
10:07
Rating: