ကိုရင်တွေ စာမေးပွဲပြီးလို့ အောင်စာရင်းတွေ ထွက်တဲ့အခါမှာ စာအောင်ပွဲ အခမ်းအနား ကျင်းပပြီး စာမေးပွဲအောင် ကိုရင်တွေကို ဆုပေးဖို့ဆိုပြီး ဒကာ ဒကာမတွေဆီကို အလှူခံပြန်ပါတယ်။ ဒကာ ဒကာမတွေ လှူတဲ့အတိုင်း ဆိုရင် စာအောင်ကိုရင် တစ်ပါးကို သုံးသိန်းကျော်လောက် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရင်တစ်ပါးကို ငါးထောင်လောက်ပဲ ပေးပြီး ကျန်တာကို သူတို့ နှစ်ပါးက ခွဲဝေပြီး ယူကြပါတယ်။ ကိုရင်တွေ အသက် တစ်ဆယ့်ခုနစ်နှစ် တစ်ဆယ့်ရှစ်နှစ်လောက် ရှိလာရင် သူတို့နှစ်ပါးကို ခံတန်တန် လုပ်လာမှာမို့ ပဲခူးက စာသင်တိုက်ကြီးကို ပို့ပေးလိုက်ပါတယ်။
အဲဒီလို မွေးမြူရေး လုပ်စားကြတာ အခုဆိုရင် တစ်ပါးကို လုံးချင်းတိုက် နှစ်လုံးစီလောက် ပိုင်ဆိုင်နေကြပြီ ဖြစ်တယ်လို့ အဲဒီကျောင်းမှာနေတဲ့ သူငယ်ချင်း ရဟန်းတစ်ပါးက မိမိသူ့ဆီ အလည်သွားတုန်းက ပြောပြလိုက်ပါတယ်။ မိမိသူငယ်ချင်း ရဟန်းကိုတောင်မှ စီးပွားရေးဘုန်းကြီး နှစ်ပါးလုံး မလွန်ဆန်ဝံ့တဲ့ ဆရာတော်ကြီးတစ်ပါးက “ငါ့တပည့်လေးကို ရန်ကုန်မှာ သင်တန်းတက်နေတုန်း မင်းတို့ကျောင်းမှာ နေခွင့်ပေးလိုက်ပါ” လို့ ပြောကြားတာကြောင့် မထားချင်ဘဲ ထားရတာပါ။ သူတို့နှစ်ပါး အကြောင်းကို မိမိသူငယ်ချင်းက ခြေခြေမြစ်မြစ် သိရှိသွားတာကြောင့် အကြောင်းမရှိ အကြောင်းရှာပြီး သူငယ်ချင်းကို ကျောင်းကနေ နှင်ထုတ်ပစ်လိုက်ကြပါတယ်။ ဒါကြောင့်မို့ တောရွာမှ ဘုန်းတော်ကြီးများ အနေနဲ့လည်း မိမိတို့တပည့် ကိုရင်လေးတွေကို မြို့က စာသင်တိုက်များကို စာသင်ဖို့ စေလွှတ်တဲ့အခါမှာ အမှန်တကယ် သာသနာ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေတဲ့ စာသင်တိုက် ဟုတ်မဟုတ် ဆိုတာ လေ့လာစိစစ်ပြီးမှ ပို့သပေးသင့်ပါတယ်။ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့ မလေ့လာ မစူးစမ်းဘဲ ပို့မပေးသင့်ပါဘူး။
သာသနာ့ ဝန်စီးများ ဖြစ်ကြတဲ့ ခရိုနီဘုန်းကြီး စီးပွားရေးဘုန်းကြီးတွေ အကြောင်းကို သိသလောက်သာ ပြောပြရေးပြရမယ် ဆိုရင်တော့ မဟာဗြဟ္မေ လျှာကုဋေဖြင့် နှစ်လအသင်္ချေ ကြာသည့်တိုင်အောင် ပြောလို့လည်း ကုန်ဆုံးနိုင်မယ် မထင်ပါဘူး။ တကယ်တော့ ဘုန်းကြီးခရိုနီ ဆိုတာကလည်း အခုခေတ်ကျမှ ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ် ကာလတုန်းကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင် လက်ထက်တော်မှာ ရှိခဲ့တဲ့ ဘုန်းကြီးခရိုနီ တချို့ထဲက ထင်ရှားကျော်ကြားတဲ့ ဘုန်းကြီး ခရိုနီတစ်ပါး အကြောင်းကို ပြောပြချင်ပါတယ်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးကို ကောဏ္ဍည အမှူးရှိသော ပုရောဟိတ်ကြီးများ လက္ခဏာတော်ကို ဖတ်စဉ်အခါတုန်းက ဆွေတော်မျိုးတော် ရှစ်သောင်းတို့ဟာ ဘုရားအလောင်းတော် မင်းသား စကြဝတေးမင်းပဲဖြစ်ဖြစ် သဗ္ဗညုဘုရားပဲဖြစ်ဖြစ် တစ်အိမ်လျှင် သာကီဝင် မင်းသား တစ်ယောက်ကို အလောင်းတော် မင်းသားရဲ့ အခြံအရံအဖြစ် ပေးကြကုန်အံ့လို့ သုဒ္ဓေါဓန မင်းကြီးထံမှာ ဝန်ခံကတိပြု စကား ပြောကြားကြပါတယ်။ နောင်အခါ အလောင်းတော်မင်းသား သဗ္ဗညုဘုရား ဖြစ်တော်မူတဲ့အခါမှာ ခံဝန် ကတိစကား အတိုင်းပဲ မိမိတို့ရဲ့ သားများကို ရဟန်းပြုစေ၍ ဘုရားရှင်အထံတော်ကို ပို့ကြပါ တယ်။ သုဒ္ဓေါဓနမင်းကြီးကို လျှောက်ထားတဲ့ ခံဝန် ကတိစကား အတိုင်းဆိုရင် သာကီဝင်မင်းသား ရဟန်းပေါင်း ရှစ်သောင်းတိတိ ရှိရမှာပါ။ ဒါပေမဲ့ မင်းသား ခြောက်ယောက်က ရဟန်းမပြုသေးဘဲ နေတာကြောင့် သာကီဝင်မင်းသား ရဟန်းရှစ်သောင်း ပြည့်ဖို့ ရဟန်းခြောက်ပါး လိုနေပါတယ်။
ရဟန်းမပြုကြသေးတဲ့ မင်းသားများကတော့ ၁။ ဘဒ္ဒိယမင်းသား ၂။ အနုရုဒ္ဓါမင်းသား ၃။ အာနန္ဒာမင်းသား ၄။ ဘဂုမင်းသား ၅။ ကိမိလမင်းသား ၆။ ဒေဝဒတ္တ မင်းသားတို့ပဲ ဖြစ်ပါတယ်။ ဒီမင်းသား ခြောက်ယောက် ရဟန်းမပြုကြသေးဘဲ နေတာကို တွေ့မြင်ကြရတဲ့ ဆွေတော်မျိုးတော်တို့က “ဒီမင်းသား ခြောက်ယောက်ဟာ ရဟန်းပြုပြီး ဘုရားရှင်ရဲ့အထံမှာ အခြံအရံအဖြစ် မနေကြဘူး။ ဒီမင်းသားတွေဟာ ဘုရားရှင်နဲ့ ဆွေမျိုးမတော်ကြဘူး ထင်ပါရဲ့” စသဖြင့် ကဲ့ရဲ့ အတင်းဆိုစကား ပြောကြားကြတာကြောင့် မင်းသား ခြောက်ယောက်လုံး ဥပါလိ အမည်ရှိတဲ့ ဆတ္တာသည်နဲ့အတူ ဘုရားရှင်ထံ သွားရောက်ပြီး ရဟန်းပြုကြပါတယ်။
သာသနာတော်ရဲ့ ယဉ်ကျေးမှု ထုံးစံက ရဟန်းအရင်ဖြစ်တဲ့သူကို နောက်မှ ရဟန်းဖြစ်တဲ့သူက အရိုအသေ ပြုရပါတယ်။ မိမိထက် တစ်စက္ကန့်မျှ စောပြီး ရဟန်းဖြစ်ရင်တောင်မှ အရိုအသေ ပြုရပါတယ်။ ဒါကြောင့် မင်းသား ခြောက်ယောက်ဟာ မင်းမျိုးမင်းနွယ်ဆိုတဲ့ ဇာတိမာန်ကို နှိမ့်ချတဲ့ အနေနဲ့ သူတို့ရဲ့ ကျွန်ဖြစ်တဲ့ ဥပါလိဆတ္တာသည်ကို အရင်ရဟန်းပြုစေပြီးမှ မင်းသား ခြောက်ယောက်က ရဟန်းပြုကြပါတယ်။ မင်းသား ခြောက်ယောက်ဟာ လူ့ဘဝက မင်းသား ဆိုပေမယ့် ကျွန်ဖြစ်တဲ့ ဥပါလိက သူတို့အရင် ရဟန်းဖြစ်တာကြောင့် ဥပါလိနဲ့ တွေ့တိုင်း သူတို့ကပဲ ရှိခိုးကန်တော့၍ အရိုအသေ ပြုကြရပါတယ်။ အံ့ချီးလောက်တဲ့ မင်းသားတွေပါပဲ။ နောင်အခါမှာ အရှင်ဥပါလိမထေရ်၊ အရှင်ဘဒ္ဒိယမထေရ်၊ အရှင်ကိမလမထေရ်၊ အရှင်ဘဂုမထေရ်၊ အရှင်အနုရုဒ္ဓါမထေရ်တို့ဟာ ရဟန္တာများ ဖြစ်သွားကြပြီး အရှင်အာနန္ဒာမထေရ်ကတော့ သောတာပန် ဖြစ်သွားပါတယ်။ အရှင်ဒေဝဒတ္တ မထေရ်ကတော့ ပုထုဇဉ်ဘဝနဲ့ပဲ ဈာန်အဘိညာဉ်တွေကို ရရှိပါတယ်။
နောင်အခါ ကောသမ္ဗီပြည်မှာ ရှင်တော်မြတ်ဘုရား သီတင်းသုံးနေတော်မူစဉ်မှာ ကျောင်းတော်ကို လာရောက်ကြတဲ့ ဒကာ ဒကာမတွေဟာ “မြတ်စွာဘုရားရှင် ဘယ်မှာ သီတင်းသုံးနေပါသလဲ။ အရှင်သာရိပုတ္တရာ ဘယ်မှာ သီတင်းသုံးနေပါသလဲ။ အရှင်မဟာမောဂ္ဂလာန် ဘယ်မှာ သီတင်းသုံးနေပါသလဲ။ အရှင်ဘဒ္ဒိယ၊ အရှင်ကိမိလ၊ အရှင်ဘဂု အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာတို့ကော ဘယ်မှာ သီတင်းသုံးနေကြပါသလဲ” စသဖြင့် ရဟန်းငယ်တွေကို မေးမြန်း စုံစမ်းကြပေမယ့် “အရှင်ဒေဝဒတ် ဘယ်မှာ သီတင်းသုံးနေပါသလဲ” လို့ တစ်ဦးတစ်ယောက်ကမျှ မမေးမြန်း မစုံစမ်းကြပါဘူး။ အရှင်ဒေဝဒတ် သီတင်းသုံးရာကို တကူးတက သွားရောက် လှူဒါန်းခြင်းလည်း မပြုကြပါဘူး။
ထိုအခါမှာ “ဤသူတို့သည် ငါနဲ့အတူတကွ ရဟန်းပြုသူများ ဖြစ်ကြကုန်၏။ သူတို့သည်လည်း မင်းမျိုးမင်းနွယ်မှ ရဟန်းပြုခဲ့ကြသူများ ဖြစ်၏။ ငါသည်လည်း မင်းမျိုးမင်းနွယ်မှ ရဟန်းပြုခဲ့သူ ဖြစ်၏။ သို့သော် ငါ့ကိုကား ဘယ်သူကမှ မေးမြန်းစုံစမ်းခြင်း၊ လာရောက်လှူဒါန်းခြင်း မပြုကြ။ သူတို့ ထင်ပေါ်ကျော်ကြားသလောက် ငါ့ကိုကား ဘယ်သူမှ မသိကြ။ ငါသည် သူတို့နဲ့ တန်းတူရည်တူ ဖြစ်အောင်၊ လာဘ်လာဘ ပေါများအောင် အဘယ်ကဲ့သို့ ပြုလုပ်ရပါအံ့နည်း။ ဗိမ္ဗိသာရ မင်းကြီးသည်လည်း သောတာပန် ဖြစ်၏။ ကောသလမင်းကြီးသည်လည်း ဘုရားရှင်နှင့် အလွန်အကျွမ်းတဝင် ရှိ၏။ ထို့ကြောင့် ငါသည် ထိုမင်း နှစ်ပါးအား ဆွဲဆောင်စည်းရုံး၍ သိမ်းသွင်းခြင်းငှာ မဖြစ်နိုင်။ အဇာတသတ် မင်းသားလေးသည်ကား ငယ်ရွယ်သူ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်သောသူအား လူဆိုးဖြစ်မည်၊ လူကောင်းဖြစ်မည်ဟု မခွဲခြားနိုင်သေး။ ငါသည် အဇာတသတ် မင်းသားလေးကို ဆွဲဆောင် သိမ်းသွင်းပေတော့အံ့” လို့ မာနနဲ့ ယှဉ်သော အလိုလောဘဖြင့် ကြံစည် စဉ်းစားပါတယ်။
အရှင်ဒေဝဒတ်ဟာ သူရဲ့ ကြံစည် စဉ်းစားမှုကို အကောင်အထည် ဖော်ရန်အတွက် ကောသမ္ဗီပြည်ကနေ ရာဇဂြိုဟ်ပြည်ရှိ အဇာတသတ် မင်းငယ်လေးရဲ့ အိပ်ခန်းထဲသို့ အဘိညာဉ်တန်ခိုးရဲ့ စွမ်းအားကို အသုံးပြု၍ ကောင်းကင်ခရီးဖြင့် သွားရောက်ပါတယ်။ အဇာတသတ် မင်းသားရဲ့ အပါးထံကို သွားရောက်တဲ့အခါမှာ ရဟန်းအသွင်နဲ့ မသွားရောက်ဘဲ မိမိကိုယ်ကို လုလင်ငယ် တစ်ယောက်အသွင် ဖန်းဆင်ကာ အလွန်အင်မတန် အဆိပ်ပြင်းထန်သော မြွေလေးကောင်ကို လက်ခြေတို့၌ ရစ်ပတ်နေစေ၍ လည်းကောင်း၊ မြွေတစ်ကောင်ကို ဆွဲကြိုးကဲ့သို့ လည်ပင်းမှာ ရစ်ပတ်နေစေ၍ လည်းကောင်း၊ တစ်ကောင်ကို ဦးခေါင်းပေါ်၌ ကရွတ်ခွေကဲ့သို့ တင်ထား၍ လည်းကောင်း၊ တစ်ကောင်ကို ပခုံးပေါ်၌ နေစေ၍ လည်းကောင်း မိမိကိုယ်ကိုယ် မြွေတို့ဖြင့် တန်ဆာဆင်ကာ အဇာတသတ် မင်းသားငယ်လေးရဲ့ ရင်ခွင်ထဲကို သက်ဆင်းလိုက်ပါတယ်။
အဇာတသတ် မင်းသားငယ်လေးက ကြောက်ကြောက်လန့်လန့်နဲ့ “သင်ဘယ်သူလဲ” လို့ မေးမြန်းတဲ့အခါမှာ “ငါ ဒေဝဒတ္တရဟန်း ဖြစ်တယ်” လို့ ဖြေကြားပြီးတော့ ဒုကုဋ်သပိတ်သင်္ကန်း ပရိက္ခရာ စုံလင်စွာဖြင့် ကြည်ညိုဖွယ်ရာ ရဟန်းအသွင်ကို ပြန်လည် ဖန်ဆင်းပြလိုက်ပါတယ်။ ထူးထူးဆန်းဆန်းသော တန်ခိုးပြသမှုကို မြင်တွေ့လိုက်ရတဲ့ အဇာတသတ် မင်းသားငယ်လေးဟာ အရှင်ဒေဝဒတ်ကို အလွန်အကဲ ကြည်ညိုသွားပြီး နေ့စဉ်နေ့စဉ် ဆွမ်းအုပ်ငါးရာ ဆက်ကပ် လှူဒါန်းပါတယ်။ အရှင်ဒေဝဒတ်ဟာ ဆွမ်းအုပ်ငါးရာ နေ့စဉ်ရရှိခြင်း ဟူသော-လာဘကို သာမက အရိုအသေ ပြုခံရခြင်း ဟူသော-သက္ကာရ ထင်ပေါ်ကျော်ကြားခြင်း ဟူသော-သိလောကကိုပါ ထပ်မံလိုလား ပြန်တာကြောင့် ဘုရားရှင်နေရာကိုပါ ရယူလိုတဲ့ လောဘ ဖြစ်ပေါ်ပါတယ်။ အဲဒီလို လောဘစိတ် ဖြစ်တာနဲ့ တစ်ပြိုက်နက် အရှင်ဒေဝဒတ်ရဲ့ ဈာန်အဘိညာဉ် တန်ခိုးတွေက ပျောက်ကွယ်သွားပါတော့တယ်။
အရှင်ဒေဝဒတ်ဟာ ဝေဠုဝန်ကျောင်းတော်မှာ မင်းနှင့်တကွသော ပရိသတ်တို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးနေတော်မူသော ဘုရားရှင်ထံ သွားရောက်ပြီး “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် ယခုအခါ အိုမင်းကြီးရင့်သော အရွယ်သို့ ရောက်ခဲ့ပါပြီ။ ဖလသမာပတ် ချမ်းသာကို ခံစား၍ ကြောင့်ကြမဲ့ နေတော်မူပါ။ တပည့်တော်သည် မြတ်စွာဘုရားရှင်၏ ကိုယ်စား ရဟန်းအပေါင်းအား အကြီးအမှူးလုပ်၍ အုပ်ချုပ်ပါအံ့။ မြတ်စွာဘုရားရှင်သည် တပည့်တော်အား အာဏာလွှဲပြောင်း၍ ပေးတော်မူပါ” လို့ လျှောက်ထားပါတယ်။ “သင့်လို သူတစ်ပါးတို့ ထွေးပစ်ထားသော တံတွေးကို စားသူအား ရဟန်းပရိသတ်၏ အကြီးအမှူး အုပ်ချုပ်သူ နေရာကို မပေးနိုင်” လို့ ဘုရားရှင်က မိန့်ကြားတော်မူကာ အရှင်ဒေဝဒတ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပါတယ်။
Written by မိုးသု (မန္တလေး)
The Voice Weekly
ဘုန်းကြီးခရိုနီ (၁) ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဘုန်းကြီးခရိုနီ (၂)
Reviewed by သစ်ထူးလွင်
on
19:31
Rating: