ယာဉ်မောင်းလိုင်စင် မရှိသည့် ယာဉ်ထိန်းရဲ၏ ဆိုင်ကယ်ဖြင့်တိုက်မိသော အမျိုးသမီးကြီးသေဆုံး


 ရန်ကုန်၊ မေ ၁၄

 သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စု ခုံးတံတားအနီးရှိ ကမ္ဘောဇဘဏ်ရှေ့တွင် မေလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်က လမ်းဖြတ်ကူးနေသော အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးကို ယာဉ်စောင့်လိုင်စင် မရှိသည့် ယာဉ်ထိန်းရဲတပ်သား တာဝန်ချိန်ပြင်ပ၌ မောင်းလာသော မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိရာမှ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၂၈) မှ ရဲတပ်သား နေလင်းအောင်သည် ယင်းနေ့က ပြည်ထောင်စု ခုံးတံတားဘက်မှ သုဝဏ္ဏ မီးပွိုင့်ဘက်သို့ မော်တော်ဆိုင်ကယ် မောင်းလာစဉ် အဆိုပါ ဘဏ်ရှေ့တွင် လမ်းဖြတ်ကူးနေသော အမျိုးသမီးကြီးကို ဝင်တိုက်မိခဲ့သောကြောင့် ယင်းအမျိုးသမီးကြီးမှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး စံပြဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်မောင်းတဲ့ ယာဉ်ထိန်းရဲက ယာဉ်မောင်းလိုင်စင် မရှိဘူး။ တာဝန်ရှိ ဝန်ထမ်းတစ်ယောက် ဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့အပြင် အရှိန်နဲ့မောင်းပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံး ခဲ့ရတဲ့အတွက် ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင် မရှိဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်သော ယာဉ်ထိန်းရဲ တပ်သားကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက ယာဉ် (ပ)၁၆/၁၄၊ ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ၌ ယာဉ်တိုက်မှု ၂၉၆ မှု ဖြစ်ပွားခဲ့ရာတွင် ၅၆ ဦးသေဆုံးကာ ၅၀၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မှု၊ မော်တော်ဆိုင်ကယ် တိမ်းမှောက်မှု တို့ကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ဧပြီလအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်၌ ဆိုင်ကယ်အစီးရေ ၄၀၀ ဖမ်းဆီးရမိကာ ၄၇ စီးမှာ လိုင်စင်မဲ့ ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly


ယာဉ်မောင်းလိုင်စင် မရှိသည့် ယာဉ်ထိန်းရဲ၏ ဆိုင်ကယ်ဖြင့်တိုက်မိသော အမျိုးသမီးကြီးသေဆုံး  ယာဉ်မောင်းလိုင်စင် မရှိသည့် ယာဉ်ထိန်းရဲ၏ ဆိုင်ကယ်ဖြင့်တိုက်မိသော အမျိုးသမီးကြီးသေဆုံး Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.