မန္တလေးမြို့လယ်ကောင် ပြိုင်ကားပေါ်မှဆင်း၍ ဓားခုတ်မှုတရားခံ ရှစ်လအကြာတွင် ဖမ်းမိ

 မန္တလေး၊ မေ ၂၅

မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် မန္တလေး တက္ကသိုလ်အနီး ၇၃ လမ်း၊ ဗန်းမော်တိုက် လမ်းကြားတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခဲရောင် ပြိုင်ကားပေါ်မှဆင်း၍ ဆိုင်ကယ်မောင်းသူကို ဓားဖြင့်ခုတ်သည်ဟု တိုင်ကြားခံရသူကို ရှစ်လအကြာ မေလတတိယ အပတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ရီက ပြောကြားသည်။

ကျူးလွန်သည်ဟု တိုင်ကြားခံရသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် အမျိုးသားများဖြစ်ပြီး ကားရှေ့တွင် ဆိုင်ကယ်ရပ်သည့် ကိစ္စဖြင့် စကားများကာ ဒေါသအလျောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဓားဖြင့်ခုတ်သူမှာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ ထွက်ပြေး တိမ်းရှောင်ရာမှ မန္တလေးသို့ ပြန်ရောက်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးက ထပ်မံပြောကြားသည်။
“ဆိုင်ကယ်က ကားနဲ့အလွတ်ကြီး ရပ်ထားပေးတာ။ အဲဒါကို မင်းဘာဖြစ်လို့ ငါတို့သွားမယ့်လမ်းကို ပိတ်ရပ်တာလဲဆိုပြီး စဖြစ်ကြတာ” ဟု အဆိုပါအမှုကို မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ကျူးလွန်သူဟု ယူဆရသူများကို ၂၀၁၄ ခုနှစ် မေလတတိယ ပတ်အတွင်းတွင် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အမှတ် (၉) ရဲစခန်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် အကြောင်းလာခြင်း မရှိသေးကြောင်း မေလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က မဟာအောင်မြေမြို့နယ် ဗန်းမော်တိုက် လမ်းကြားတွင် ရပ်ထားသော ပြိုင်ကားခဲရောင်သည် ထွက်မည် ပြုလုပ်စဉ် သမီးရည်းစားစုံတွဲ စီးလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသဖြင့် ဆိုင်ကယ်က ရပ်ထားပေးရာ ကားပေါ်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ် မောင်းနှင်သူကို ဓားဖြင့်ခုတ်ရာ ယာလက်ကောက်ဝတ်တွင် ဒဏ်ရာ ရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဓားဖြင့်ခုတ်သူဟု တိုင်ကြားခံရသူနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု တိုင်ကြားခံရသူတို့ကို မဟာအောင်မြေ မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၆၈၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ပြီး ကျူးလွန်သူများကို တရားရုံး စွဲတင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

The Voice Weekly


မန္တလေးမြို့လယ်ကောင် ပြိုင်ကားပေါ်မှဆင်း၍ ဓားခုတ်မှုတရားခံ ရှစ်လအကြာတွင် ဖမ်းမိ  မန္တလေးမြို့လယ်ကောင် ပြိုင်ကားပေါ်မှဆင်း၍ ဓားခုတ်မှုတရားခံ ရှစ်လအကြာတွင် ဖမ်းမိ Reviewed by သစ်ထူးလွင် on 21:15 Rating: 5
Powered by Blogger.