ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်သည့်သတင်းမမှန်ဟုဆို


ရန်ကုန်၊ မေ ၂၁

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေကောင်စီ အစိုးရလက်ထက်က တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ကွယ်လွန်ပြီဆိုသော သတင်းများမှာ ဟုတ်မှန်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ သတင်းများသည် မဟုတ်မှန်ဘဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) သည် ကျန်းမာလျက် ရှိကြောင်း ၎င်း၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက The Voice သို့ ပြောကြားသည်။

အင်တာနက် လူမှုကွန်ရက် ဖေ့ဘွတ် (Facebook) စာမျက်နှာများတွင် အဆိုပါ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ငြိမ်း) ကွယ်လွန်သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မေလ ၂၁ ရက် နံနက် ၄ နာရီတွင် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ သတင်းကို နိုင်ငံခြားအသံလွှင့် သတင်းဌာနတစ်ခု၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖော်ပြခဲ့ပြီး ယင်းဖော်ပြမှုနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကလည်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ပြန်လည် ဝေဖန်ခဲ့သည်။

သတင်းနှင့် သက်ဆိုင်သည့် တာဝန်ရှိသူများကို အတည်ပြုချက် ရယူခြင်းမရှိဘဲ ကွယ်လွန်သွားကြောင်း သတင်းထွက်ပေါ်ဟု ရေးသားခြင်းသည် အခြေခံ သတင်းစာကျင့်ဝတ်နှင့် ညီမညီ ပြန်လည် ဆန်းစစ်သင့်ကြောင်း၊ မျိုးနွယ်စု၊ လူအုပ်စုနှင့် ဘာသာရေး ကိစ္စများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ယင်းသို့ ဖော်ပြမိပါက အခြေအနေမှာ ယခုထက် ပိုမိုဆိုးရွား သွားစေနိုင်ကြောင်း ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“လမ်းဘေးမှာ ကြားသမျှ၊ အင်တာနက်မှာ တွေ့သမျှဟာ အားလုံးကိုတော့ Main Stream Media လို့ခေါ်တဲ့ အသံလွှင့်ဌာနတွေ၊ ဂျာနယ်တွေက ထွက်ပေါ်ထွက်ပေါ်ဆိုပြီး လိုက်ရေးမယ်ဆိုရင် အဲဒါတွေက တည်ငြိမ်မှုကို ဖြစ်စေလား၊ မဖြစ်စေလား ဆိုတာတော့ မီဒီယာတွေက စဉ်းစားသင့်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါသတင်း မဟုတ်မှန်ကြောင်းကို လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဖြေရှင်းခဲ့ခြင်းနှင့် ပတ်သက်၍ အငြိမ်းစား ယူပြီးသား ပုဂ္ဂိုလ်တစ်ဦးအတွက် လက်ရှိ အစိုးရအဖွဲ့ဝင်တစ်ဦး အနေနှင့် ပါဝင်ဖြေရှင်းရန် မသင့်ကြောင်းလည်း အင်တာနက် အသုံးပြုသူများက ဝေဖန် ရေးသားခဲ့သည်။

သို့သော် ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သည့် ဦးရဲထွဋ်က တစ်ချိန်က တပ်မတော် အကြီးအကဲတစ်ဦး၏ ကျန်းမာရေး အခြေအနေကို လက်ရှိ အစိုးရအဖွဲ့ဝန်ကြီး တစ်ယောက်အနေနှင့် အမှန်အတိုင်း ဖြေရှင်းပေးရန် တာဝန်ရှိသဖြင့် ဝင်ရောက် ဖြေရှင်းခြင်း ဖြစ်ကြောင်း The Voice သို့ ရှင်းလင်းပြောကြားသည်။

The Voice Weekly


ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်သည့်သတင်းမမှန်ဟုဆို ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်သည့်သတင်းမမှန်ဟုဆို Reviewed by သစ်ထူးလွင် on 19:44 Rating: 5
Powered by Blogger.