*တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာတလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား
မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
*မှတ်ထားဟေ့
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။
၂၀၀၉ ခုနှစ်ပြင်သစ်နိုင်ငံ ထုတ်စာအုပ်တစ်အုပ်မှာ ကဗျာ ဆရာရဲ့ လက်ရေးနဲ့ မူရင်းအ တိုင်းဖော်ပြခံခဲ့ရတဲ့ ကဗျာ။ ပြင် သစ်လိုလည်း ဘာသာပြန်ထားတဲ့ ကဗျာ ‘‘ကျားရဲ ငါ’’။ အဲဒီကဗျာ ရှည်ကြီးထဲက ကျွန်မအကြိုက်ဆုံး နောက်ဆုံးနှစ်ပိုဒ်ပါ။ ၁၉၉၀ ပြည့်နှစ်လောက်က ဆရာကြီးဟံသာဝတီ ဦးဝင်းတင်အင်းစိန်ထောင် ထဲမှာ ရေးစပ်ခဲ့တဲ့ သမိုင်းဝင် ကဗျာ။
ဆရာကြီးသခင် ကိုယ်တော် မှိုင်းက လူတွေ အသက်ရလာတဲ့ အခါ စိတ်သွားတိုင်း ကိုယ်မပါ တော့တဲ့ အတွက် ‘‘အိုမင်း မစွမ်း’’ အိုပြီရင် မင်းတောင်မစွမ်းတော့ဘူးလို့ ဆရာသိန်းဖေမြင့်တို့လို တပည့်တွေရှေ့မှာ ညည်းခဲ့ဖူးတယ်။ ဒါပေမဲ့အခုကျွန်မတို့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကတော့ အိုနေတာ မှန်ပေမယ့်စိတ်တန်ခိုးတွေကြောင့် စွမ်းနေဆဲပါပဲ။ အ ထက်ပါ ကဗျာထဲကအတိုင်း သူ့ ကိုယ်သူ ကျားရဲတစ်ကောင် စိတ် သွင်းထားတာ ကြက်သီးများ တောင်ထမိပါရဲ့။
စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်က လုံးဝရှင်းလင်း ပစ်ချင်တဲ့ သံမဏိစိတ်ဓာတ်။ စာ ဖတ်သူ မြင်ဖူးမှာပါ။ ပြီးခဲ့တဲ့ အခြေခံဥပဒေ (၂၀၀၈) နဲ့ ပတ် သက်ပြီး ပြင်မလား၊ သစ်မလား၊ NLD က ဦးဆောင်ပြီး လူထုဆန္ဒ ခံယူတော့ ဗဟန်းဗိုလ်စိန်မှန်ကွင်း မှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်။ ရာခိုင် နှုန်းကိုးဆယ်ကျော်က ပြင်ဆင်ဖို့ ဆန္ဒပြုတယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ဟံသာဝတီ ဦးဝင်းတင်တစ်ဦးတည်း အသစ်ရေးဆွဲဖို့ ဆန္ဒပြုခဲ့တယ်။
၂၀၀၈ အခြေခံဥပဒေဆိုတာ ကို အစကတည်းက မထောက်ခံ ခဲ့ဘူး။ ဆွဲဆုတ်ပစ်ဖို့ကောင်းတဲ့ နာဂစ်ဥပဒေဆိုပြီး အခုလည်း မပြင်ဘူး၊ အသစ်မှတဲ့။ အဲဒါခိုင် မာတဲ့ သူ့ရဲ့ ရပ်တည်ချက်။ ဗိုလ် ချုပ်သမီးမို့ လေးစားတာမဟုတ် ဘူး။ တကယ်ကို သူမတူအရည်အ ချင်းတွေရှိလို့ နေရာပေးပြီး လေး စားတာလို့ အမြဲချီးမွမ်းခဲ့တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တောင် အတိုက်အခံစိတ်ဓာတ် လက်ကိုင်မထားရကောင်းလား လို့ အားမလို၊ အားမရဝေဖန်ခဲ့ဖူး ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်မှာ ဆရာကြီး ဦးဝင်းတင်ကို စစ်အစိုးရက ထောင်ထဲထည့်ခဲ့ တယ်။ ဒါဟာ အာဏာရှင်အစိုးရ ရဲ့ သရုပ်သကန်ကို မြန်မာ့သမိုင်း မှာ အမှန်အတိုင်း မှတ်တမ်းတင် ဖို့ အကြောင်းဖန်လာတာပါပဲ။ ၁၉၈၈ နောက်ပိုင်း မြန်မာ့ဒီမိုက ရေစီအရေးလှုပ်ရှားသူတွေကို စစ်အာဏာရှင်လက်ပါးစေတွေ က ထောင်ထဲမှာ လူမဆန်စွာ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ကျွန်မတို့ ရင်နင့်စွာ သိခွင့်ရခဲ့ တယ်။ ဆရာကြီး ဦးဝင်းတင် ကိုယ်တွေ့ နှိပ်စက်ခံခဲ့ရတာတွေ ကို ၂၀၁၀ ပြည့်နှစ်မှာ ‘‘ဘာလဲဟဲ့ လူ့ငရဲ’’ဆိုတဲ့ စာအုပ်နဲ့ ပြည်သူ လူထုသိအောင် ဖွင့်ချခဲ့တယ်။ မီ ဒီယာသမား ပီသပေစွ။
တကယ်တော့ ဆရာကြီးရဲ့ ငယ်ဘ၀အိပ်မက်က စစ်သား။ ဖက်ဆစ်တော်လှန်ရေးကာလ ဗိုလ်ချုပ်တို့ လျှို့ဝှက်ကိစ္စနဲ့ ပဲခူး တိုင်းကို အရောက် ကြို့ပင် ကောက်မြို့က ဆရာကြီးတို့ အိမ်
ကို လာတည်းတော့ သူကအလယ် တန်းပဲ ရှိသေးတာ။ ဦးလေးဖြစ် သူနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အလုပ်များနေတာကို အရိပ်အကဲ ကြည့်ရင်း ဗိုလ်ချုပ်ကို စကား ပြောခွင့်စောင့်နေသတဲ့။
ဗိုလ်ချုပ်အတွက် ချိုးရေခပ်ပေးရင်း ‘‘ကျွန်တော်လည်း စစ်ထဲဝင်ချင်တယ်’’ဆိုတော့ ဗိုလ်ချုပ်က ‘‘မင်းကျောင်းသားဆိုရင် ပညာတတ်အောင်သင်။ စစ်တိုက်မယ့်သူက ရှိပြီးသား။ လွတ်လပ်ရေးရလို့ တို့တိုင်းပြည်ကို ထူထောင်တဲ့အခါ ပညာတတ်တွေ အများကြီးလိုတယ်’’လို့ ပြောသွားတယ်။ ဗိုလ်ချုပ်စကားနားထောင်ပြီး သူကြိုးစားခဲ့လို့ အခုလိုအောင်မြင်တဲ့ သတင်းစာဆရာတစ်ယောက် ဘ၀ရခဲ့တာလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့ဖူးပါတယ်။
စာနယ်ဇင်းသမားကောင်း တစ်ယောက်ပီသစွာ ပြည်သူ့ဘက်က အမြဲရပ်တည်ခဲ့တယ်။ ကျွန်မလေးစားအားကျခဲ့ရတဲ့ ဟံသာဝ တီ ဦးဝင်းတင်ရဲ့ခံယူချက်ပါ။ ဒီလှိုင်းစာစောင်ထဲမှာ အပတ်စဉ်ပါနေကျ ဆရာကြီးရဲ့ ဆောင်းပါးတွေဟာ ကျွန်မတို့အတွက်တော့အဖိုးမဖြတ်နိုင်တဲ့ ခွန်အားရှိသောစာတွေပါ။ သတ္တိရှိရှိ၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့်ပြည်သူ့ ဘက်ကရပ်တည်ပြီး တပ်မတော်၊ အစိုးရနဲ့ လွှတ်တော်တွေရဲ့ လိုအပ်ချက်တွေ၊ အမှားတွေ၊ ပြုပြင်သင့်တာတွေကို အားမနာတမ်း ထောက်ပြလေ့ရှိတယ်။
၁၉၈၈ နောက်ပိုင်းဆရာကြီး အင်းစိန်ထောင်ရောက်တော့ အ သက် (၆၀)။ လူ့ငရဲစာအုပ်ထဲမှာဆရာကြီးကိုယ်တွေ့ ခံစားရတာလေးကို ရင်နင့်စွာ မျှဝေလိုက် ချင်ပါတယ်။ ‘‘ကျွန်တော်ထောင် ထဲရောက်ရောက်ချင်း ထောက် လှမ်းရေးစစ်ကြောရေးရဲ့ ဧည့် သည်ဖြစ်ရတယ်။ ဧည့်သည်ကို ဧည့်ခံပုံဆန်းတယ်။ ဧည့်သည်ကို မအန်မချင်းနပန်ကျင်းတယ်။ ဧည့်သည်မပြန်မချင်း ကျောပြင် ဗြော
တင်တယ်။ဆော်ပလော်တီးတာ ကို ပျော်ပျော်ကြီးခံရတယ်။ စစ် ကြောရေးမှာ ကျွန်တော့်ကို အထောက်အထားတွေပြပြီး စစ်လိုက်၊ တီးလိုက်လုပ်ကြတာများစစ်တီးဝိုင်းကြီး တဒုန်းဒုန်းဘင် တီးတာ ကျနေတာဘဲ’’တဲ့။
စာဖတ်သူ မျက်စိထဲ မြင် ကြည့်လိုက်ပါ။ ဦးဝင်းတင်ကို ညှဉ်းပန်းကြတဲ့ သူတွေထဲမှာ ရွယ်တူတော့ မပါလောက်ဘူး။ ကိုယ့် ကျင့်တရားဖောက်ဖျက်ကျူးလွန် ခဲ့တဲ့ ရာဇ၀တ်သားလည်း မဟုတ်။ကိုယ်နဲ့ မတူတာနဲ့ ကိုယ့်ရန်သူဆို ပြီး ကိုယ့်ဘကြီး၊ ဘထွေး၊ အဖေ အရွယ်ကြီးကို ထိုးရဲ၊ ကြိတ်ရဲ နှိပ် စက်ရဲတဲ့ နှလုံးသားပိုင်ရှင်များကို သြချမိပါရဲ့။ မကောင်းလိုက်တဲ့ အာဏာရှင်စနစ်ဆိုး။ ထောင်မကျဖူးတဲ့ ကျွန်မတို့က အဲဒီအဖြစ်ဆိုး တွေကို မသိခဲ့ကြဘဲ အပြင်လော ကမှာ မေ့လျော့ပျော်ရွှင်နေကြ ပေမယ့် ဆရာကြီးတို့အတွက်က တော့ အရှင်လတ်လတ်ငရဲကျနေ ကြတဲ့ အဖြစ်ပေါ့။
ဆရာကြီးထောင်ကျတဲ့အ တွက် အိမ်ခန်းဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ ရိက္ခာခံစားခွင့်ဆုံးရှုံးခဲ့ရတယ်။ ထောက်လှမ်းရေးစစ်ကြောရေး လက်ချက်နဲ့ သွားတွေအားလုံး ပြောင်သလင်းခါခဲ့တယ်။ ရှစ်နှစ်တိတိ ထောင်ထမင်းကြမ်းကို သွားဖုံးနဲ့ မြုံ့ခဲ့ရတယ်။ အစာအိမ်ရောဂါစွဲခဲ့တယ်။ အူကျရောဂါကို ငါးနှစ်တိတိကုခွင့်မပေးခဲ့ဘူး။ အချိန်လွန်လို့ မခွဲမဖြစ်ခွဲရတော့ အာရုံကြောတွေ ဖိညှပ်ပြီး ပေါင်တစ်ဖက်နာကျင်ကိုက်ခဲ့တဲ့ ဝေဒနာစွဲခဲ့ရတယ်။ နှလုံးရောဂါကို ထိရောက်တဲ့ ကုသမှုမပေးခဲ့လို့ အဲဒီရောဂါက သေရွာပို့မယ့်အဆင့်ရောက်နေပြီ။ မြန်မာပြည်သူတွေအတွက် ဦးဝင်းတင်ပေးဆပ်ခဲ့ရတာတွေထဲက တချို့ပေါ့။
တကယ်တော့ ဦးဝင်းတင်တို့ တိုက်ပွဲဝင်ပေးခဲ့တဲ့ ဒီမိုကရေစီ စနစ်ဟာ တစ်မျိုးသားလုံး ကောင်းစားရေးပါ။ နောင်မျိုး ဆက်သစ်အတွက် ဘ၀တစ်ခုလုံး စတေးတဲ့ မေတ္တာတရားကို လေးစားလို့ကိုမကုန်နိုင်ပါ။ (၃၀.၃.၂၀၁၄) နေ့ထုတ် ပုဂ္ဂလိကသတင်းစာတွေထဲမှာ ဆရာကြီးဦးဝင်းတင်ဆေးရုံတင်လိုက်ရတယ်တဲ့။ အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေလို့ ဆေးရုံကြီးအရေးပေါ်ခန်းထဲမှာ လိုအပ်တဲ့ ကုသမှုတွေ လုပ်နေရတယ်။ ဆရာဝန်တွေကတော့ နောက် ၇၂ နာရီကြာစောင့်ကြည့်ပြီးမှ အခြေအနေကို ပြောနိုင်မယ်တဲ့။ စိတ်မကောင်းလိုက်တာ။အင်းစိန်ထောင်က ပေးလိုက်တဲ့ဝေဒနာတွေ ဖိစီးနှိပ်စက်ပြီထင်ပါရဲ့။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် မှာလည်း ဆရာကြီး ကျန်းမာပါ စေ၊ အန္တရာယ်ကင်းပါစေဆိုတဲ့ ဆုတောင်းမေတ္တာတွေအချိန်မ လပ်တင်နေကြတာ ဖတ်ရတယ်။ တကယ်စိတ်ပူမိပါတယ်။ ဆရာ ကြီးကို အသက်နဲ့ ခန္ဓာမြဲနေတာ ပဲ မြင်ချင်ပါတယ်။ မနေ့တစ်နေ့ ကမှ ဆရာကြီးအသက်က (၈၄) နှစ်ပြည့်ခဲ့တာ။ အိုနေပြီဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ စွမ်းပါ သေးတယ်။
ဆရာကြီးချစ်တဲ့ တိုင်းပြည်အတွက် ဆရာကြီးပြောနေကျ စကားနဲ့ ပြန်သတိပေးပါရစေ။ သတိရပါနော်။ ‘‘ကျုပ်မှာ လုပ်စရာတွေ အများကြီးကျန်သေး တယ်။ ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်ရဦးမယ်။ တစ် မျှော်တစ်ခေါ်ခရီးကြမ်းကြီး။ ဧရာမ၀န်ထုပ်ဝန်ပိုးကြီး။ ရင်မော စိတ်ပန်းနှစ်ရှည်ကာလကြီး’’
မြန်မာပြည်သူတွေအတွက်။ မျိုးဆက်သစ် လူငယ်တွေအ တွက်။ ဆရာကြီးဦးဝင်းတင်တို့လို ကိုယ်ကျိုးစွန့်အနစ်နာခံချစ်တတ် တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ။ ‘‘ကျားရဲ’’ လိုစိတ်ဓာတ်မျိုးနဲ့ သူရဲကောင်း တွေရှိမှ ဖြစ်မှာမို့လို့ပါ။ ဆရာကြီး အမြန်ဆုံးကျန်းမာပါစေ။ အရင် လိုရဲရဲတောက်ဆောင်းပါးတွေ။ ပြတ်သားတဲ့ မိန့်ခွန်းတွေ အမြန် ဖတ်ချင်၊ ကြားချင်လို့ ဆရာကြီး ကျန်းခံ့သာလို့ မာပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်။
Author: ဂျေလှသင်
7DAY DAILY
ဂျေလှသင် |
အိုပေမယ့် စွမ်းသေးသူတစ်ဦး
Reviewed by သစ်ထူးလွင်
on
13:17
Rating: