‘‘သား ရေခဲချောင်း မရောင်းချင်ဘူး၊ မရောင်းဘူး’’
‘‘မရောင်းလို့မရဘူး။ ငါစပ် ခဲ့ပြီးပြီ။ မနက်ကျ ရေခဲချောင်း သည်လေးတစ်ယောက်လာခေါ် လိမ့်မယ်။ သူလည်းနင့်အရွယ်ပဲ။ သူတောင်လုပ်နိုင်သေးတာ။
နင် ဘာလို့မလုပ်နိုင်ရမှာလဲ။ ကျောင်းအားတုန်း ဆော့နေမယ့်အတူတူ ပိုက်ဆံရှာ။ နင့်အတွက် အထွက်ချည်းပဲ။ တစ်ပြားမှ နင်ဝင်အောင် မရှာနိုင်သေးဘူး။ ရောင်းရမယ်’’
‘‘မရောင်းဘူး’’
ကျွန်တော့်အိမ်ခြေရင်းဘက် နှစ်အိမ်ကျော်မှ သားအမိနှစ် ယောက်၏ အချေအတင်ပြောဆို နေကြသံများဖြစ်သည်။ ကလေး က ယခုနှစ်တွင်မှ သုံးတန်းဖြေ ထားသော ကလေးဖြစ်သည်။ အသက်ကရှိလှ ကိုးနှစ်ဆယ်နှစ် ပေါ့။ သို့သော် အထက်မှာဖတ်ခဲ့ ရသည့်အတိုင်း နွေရာသီကျောင်း ပိတ်ရက်မှာ အမေလုပ်သူက သားကိုပိုက်ဆံရှာခိုင်းနေသည်။ ‘နင့်အတွက် အထွက်ချည်းပဲ’တဲ့။ ‘တစ်ပြားမှဝင်အောင် မရှာနိုင် သေးဘူး’တဲ့။ နှစ်အိမ်ကျော်ဆို သော်လည်း ပေ ၄၀×၆၀မြေတစ် ကွက်ထဲမှာ သုံးအိမ်ကပ်ဆောက် ထားသည်မို့ သူတို့သုံးအိမ်မှ ဘာပြောပြောကျွန်တော့်အိမ်က အတိုင်းသား ကြားနေရသည်။ နောက်ပြီး စကားအကောင်းကို ပင် တိုးတိုးသက်သာပြောလေ့ မရှိကြတော့ ယခုလိုအချေအတင် ပြောသည့် ကိစ္စမျိုးဆိုလျှင်တော့ နားနားတေ့အော်နေသလားပင် အောက်မေ့ရ၏။
ကျွန်တော် သက်ပြင်းချမိ သည်။ သူတို့ကို သနားလည်း သနား၏။ တစ်ခါတစ်ခါ သိပ်ဆူ ညံပွက်နေလျှင် ဒေါသလည်းဖြစ် ၏။ ပညာလည်း မတတ်၊ ဘာစာ မှလည်း မဖတ်တော့ ကိုယ်သိသမျှ ကိုယ်တွေးတတ်သမျှကို အဟုတ် ထင်ကာ စွတ်ရွတ်ပြီးပြောချင်ရာ ပြော၊ လုပ်ချင်ရာ လုပ်တတ်ကြ သည်။ ယခုလည်း သူ့သားနှင့် ရွယ်တူကလေးတွေ ရေခဲချောင်း ရောင်းတာမြင်လာပြီး သူ့စိတ်ကူး နှင့်သူ သားကို ရေခဲချောင်းရောင်း ခိုင်းဖို့မြို့ထဲကရေခဲချောင်းဒိုင်မှာ အလုပ်စပ်လာခြင်း ဖြစ်သည်။ အိမ်ပြန်ရောက်လို့ သားလုပ်သူက မရောင်းဘူးပြောတော့ သားအမိ နှစ်ယောက် တစ်ယောက်တစ်ခွန်း အော်နေကြခြင်းဖြစ်၏။ ဖအေက ရပ်ကွက်ထဲက အဖော်လေးငါး ခြောက်ယောက်နှင့်အတူ မော်လ မြိုင်ဘက်မှာ အလုပ်သွားလုပ်နေ သည်။ ဟိုမှာ လက်သမားနေ့စား တစ်နေ့ငါးထောင်ရသည်ဟုဆို ကာ အဆွယ်ကောင်း၍ပါသွား ခြင်းဖြစ်၏။ သုံးလလောက်ရှိပြီ။ ယခုအချိန်အထိ တစ်ပြားမှပြန် မပို့နိုင်သေး။ မသွားခင် အလုပ်သမားခေါင်းက စရန်ပေးထားခဲ့သည့်ငွေငါးသောင်းကလည်း သားအမိနှစ်ယောက်စားလို့ကုန်ပြီ။ အိမ်မှာရှိသည့် အင်္ကျီ၊ ထဘီ အသစ်ကလေးတွေ၊ အချို့အိုးခွက်ပန်းကန်တွေတောင် အပေါင်ဆိုင်ရောက်သွားကြပြီ။ သည်တော့ ကြံမိကြံရာ သားကိုရေခဲချောင်း ရောင်းခိုင်းဖို့စီစဉ်ခြင်း ဖြစ်လေသည်။သြော်...ပြောဖို့မေ့နေသည်။ ထိုအမျိုးသမီးကလည်း အလုပ်လုပ်ပါသည်။ သူ၏တစ်ခုတည်းသောအလုပ်က နှစ်လုံး၊ သုံးလုံးထိုးခြင်းပေတည်း။ ဒါက တစ်ခြံတည်းသုံးအိမ်တွဲမှ အစွန်ဆုံးအိမ်၏ အကြောင်းတည်း။
အလယ်အိမ်ကတော့ လင် ကိုယ်မယား နှစ်ယောက်တည်း။ ယောက်ျားက လက်သမားလုပ် သည်။ ယခုမယားက ဒုတိယ မြောက်ဖြစ်သည်။ ပထမ မယား က လွန်ခဲ့သည့်နှစ် ၂၀ ကျော် က ဆုံးပါးသွားခဲ့ပြီ။ ပထမ မယားနှင့် သားသုံးယောက်ရှိသည်။ အကြီး ဆုံးသားက ၃၀နားကပ်နေပြီ။ အိမ်ထောင်ကျပြီး လင်မယား နှစ်ယောက်စလုံး လွန်ခဲ့သည့်သုံး နှစ်လောက်ကတည်းက ထိုင်းမှာ အလုပ်သွားလုပ်ကြသည်။ လူ လည်းပြန်မလာ၊ သတင်းလည်း မကြားရတော့ သားအလတ်က ရဟန်းဘဝနှင့် မော်လမြိုင်ဘက် က စာသင်တိုက်တစ်ခုမှာ အကြီး တန်းတက်နေ၏။ သားအငယ်က ကျွန်တော့်သားနှင့်ရွယ်တူ။ ကျွန် တော့်သားက တက္ကသိုလ်ဒုတိယ နှစ်ရောက်နေပြီ။ သူက ကိုရင်ဘဝနှင့် ရန်ကုန်ကစာသင်တိုက်တစ်ခု မှာ အငယ်တန်းတက်ဆဲ။ သည် တော့ သူတို့အိမ်မှာ လင်မယား နှစ်ယောက်တည်း။ ယောက်ျား လက်သမားက နှစ်သုံးဆယ် ကျော်လက်သမားလုပ်လာခဲ့သော်လည်း ယခုထိ အိမ်တစ်လုံးကို ဦးစီးခေါင်းဆောင်ပြီးမလုပ်နိုင်သေး။ အကြောင်းမှာ သူ၏လက်သမားဘဝသက်တမ်းတစ်လျှောက် အလုပ်ဆင်းသည့်ရက်ထက် နားနေသည့်ရက်က ပိုများသောကြောင့်ဖြစ်၏။ မယားကလည်း ယောက်ျားနှင့်လိုက်ဖက်ညီသည်။ ယောက်ျားအလုပ်အကိုင်ကောင်း၍ လက်ထဲမှာငွေစကြေးစလေးများရွှင်ပြီဆိုလျှင် အဝတ်အစားတောင် ငှားလျှော်သည်။ သောက်ရေကန်က ကျွန်တော်တို့ အိမ်၏ခေါင်းရင်းဘက် ပေ ၁၀၀ ကျော်သာသာလောက်မှာရှိသည်။ သို့သော် ထိုမိန်းမက ရေလည်း ကိုယ်တိုင်မထမ်း။ ရေတစ်ထမ်းကို ငွေငါးဆယ်ကျပ်နှင့် ဝယ်သုံးသည်။ သူ၏တစ်ခုတည်းသော အလုပ်က အရပ်ထဲလည်၍ ဗီဒီယိုကြည့်ခြင်းပင်တည်း။
တစ်ခြံတည်းသုံးအိမ်တွဲတွင် ကျွန်တော့်အိမ်နှင့်ကပ်လျက်အိမ် က လင်မယားကတော့ တော် သေးသည်ဟုဆိုရမည်။ ယောက်ျားက အတန်းပညာ ခုနစ်တန်းအထိသာ နေဖူးသော်လည်း ပန်းရန်ရော လက်သမားပါ နှစ်မျိုးစလုံးတတ် သည်။ အလုပ်ကြိုးစားသဖြင့် အသက်သုံးဆယ်ကျော်သာ ရှိသေးသော်လည်းလုပ်ငန်းတစ်ခုကို ဦးစီးခေါင်းဆောင်ပြီးလုပ်နိုင်သည်။ သည့်အတွက် ဟိုဘက်နှစ်အိမ်ထက်ပြေလည်၏။ အိမ်မှာ လျှပ်စစ်မီးရှိသည်။ တီဗီနှင့် ဗီဒီယိုနှင့်အပန်းဖြေနိုင်သည်။ မယားလုပ်သူက ဟိုဘက်နှစ်အိမ်မှ အိမ်ရှင်ယောက်ျားနှစ်ယောက်၏ တူမတော်သည်။ သူတို့မှာလေးနှစ်အရွယ်သားတစ်ယောက်ရှိသည်။ အလယ်အိမ်ကမိန်းမ သင်ပေးထားသဖြင့် အလွန်အဆဲသန် သည်။ သူတို့အိမ်၏ စိတ်ပျက် စရာကောင်းသည့်အချက်မှာ အလုပ်ရှင်ထံမှ ငွေထုတ်လာသည့်နေ့ဆို ယောက်ျားက အလွန်အကျွံ မူးလာကာ မိန်းမကဆဲဆိုပြီးရစ် စရာမရှိ ကြံဖန်ရစ်တတ်ခြင်းပင် ဖြစ်၏။ ကျွန်တော့်မှာ အိမ်ချင်း ကပ်လျက်ဆိုတော့ မကြားချင် လည်းကြားနေရသည်။ နောက် တစ်နေ့အမူးပြေ၍ ကျွန်တော်က ခေါ်ပြီး ပြောဆိုဆုံးမလိုက်လျှင် ‘ဟုတ်ကဲ့ပါ’ဟုဆိုတတ်၏။ နောက်တော့လည်းသည်အတိုင်း။
ကျွန်တော်တို့ရပ်ကွက် ကလေးက မြို့၏အစွန်ဆုံးမှာရှိ သည်။ ထိုအစွန်ဆုံးရပ်ကွက်တွင် ကျွန်တော်တို့အကွက်က အစွန် ဆုံး။ ကျွန်တော့်အိမ် ခေါင်းရင်း ဘက်အခြမ်းမှာ ဘာအိမ်မှမရှိ တော့။ မြို့ကျက်သရေဆောင် ဘုရားကြီးနှင့် ဘုရားကြီး၏ဟို ဘက်မှာ သင်္ချိုင်းပဲရှိတော့၏။ ကျွန်တော်တို့အကွက်မှာ ရင်ပေါင်တန်းလျက် ခြံသုံးခြံ၌ အိမ်ငါးလုံး ရှိသည်။ အထက်က ဆိုခဲ့သော အိမ်သုံးအိမ်မှာ အလယ်ခြံမှဖြစ်ကြ၏။ အစွန်ဆုံးခြံမှအိမ် အကြောင်းလည်းပြောရပါဦးမည်။ ထိုအိမ်မှာ အသက် (၇၀)ခန့် အဘွားတစ်ဦးနှင့် သမီးမိသားစုတို့နေကြ၏။ သမီးဖြစ်သူ၏ ယောက်ျားက ဆိုက်ကားနင်းသည့်အခါနင်းသည်။ ကုန်ထမ်းသည့်အခါ ထမ်းသည်။ ဘောက် လုပ်သည်ဟုဆိုရမည်။ အလုပ်လုပ်သည့်အချိန်ထက် မူးနေသည့် အချိန်ကပိုများသည်။ သူတို့မှာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။ အငယ်ဆုံးသမီးကလွဲ၍ သားနှစ်ယောက်လုံးမူလတန်းပြီးအောင် ကျောင်းမနေဖူးချေ။ ယခင်အဘိုးကြီးရှိစဉ်က ဆိုက်ကားနင်းပြီး သူ့မြေးတွေကို ကျောင်းထားပေးသည်။ အဘိုး ကြီးဆုံးသွားချိန်မှာ အကြီးကောင် ကသုံးတန်း၊ အငယ်ကောင်က တစ်တန်း၊ နှစ်ယောက်စလုံး ကျောင်းထွက်လိုက်ရ၏။ ယခု တော့ သားအကြီးက ၀ပ်ရှော့ တစ်ခုမှာ သင်လုပ်လုပ်နေသည်။ အငယ်ကတော့ လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ် နေ၏။
မတ်လ ၂၂ ရက်ထုတ် ဆဲဗင်းဒေးသတင်းစာတွင် အမေ ရိကန်ရောက်ကိုကျော်စိုးသည် ဇနီးဆုံးပါးပြီးနောက် အရက်ချည်း ဖိသောက်ကာ အလုပ်လည်း မလုပ်၊ ကလေးနှစ်ယောက်ကို လည်း မစောင့်ရှောက်နိုင်သဖြင့် သူကိုယ်တိုင်လည်း ပညာပေး သင်တန်းတက်ရပုံ၊ ကလေးနှစ် ယောက်ကိုလည်း ဖခင်က တာဝန်ယူစောင့်ရှောက်နိုင်သည့်အချိန် အထိ ကလေးထိန်းသိမ်းစောင့် ရှောက်ရေးဌာနက ကျောင်းထား ပေး၊ ထိန်းသိမ်းစောင့်ရှောက်ပေး ပုံတို့ကို ဆောင်းပါးရှင်ထားထား မြင့်က ‘ပြန်လည်ဆုံတွေ့ကြရာ ဝယ်’ဆောင်းပါးဖြင့် ရေးပြသည် ကို ဖတ်ရသောအခါ ကျွန်တော့် စိတ်ထဲဝယ် ‘သြော်...တို့ဆီမှာ လည်း ဒီလိုအစီအစဉ်တွေရှိရင် ဘယ်လောက်ကောင်းမလဲ’ဟု အတွေးဖြစ်မိ၏။
ကျွန်တော်က ကျွန်တော့် အိမ်နီးချင်းမိသားစုသုံးလေးစု အကြောင်း ဥပမာထား ရေးပြသော်လည်း နိုင်ငံအဝန်းမှာသည်လိုမိသားစုတွေအများကြီးရှိသည်။ ကျွန်တော်တို့ဆီက ဆင်းရဲသားမိသားစုများ၏ အိမ်ထောင် ဦးစီးယောက်ျားအတော်များများက အရက်ကိုအလွန်အကျွံ သောက်ကြ၏။ မိန်းမအတော်များများက ချဲ၊ နှစ်လုံးထိုးကြ၏။ ကလေးတွေကို အရွယ်မတိုင်ခင် အလုပ်ထဲချခိုင်းကြ၏။ ငါတို့ဘဝတွေနိမ့်ကျသလို ငါတို့သားသမီးတွေဘဝမနိမ့်ကျရအောင် ပညာသင်ပေးမည်ဟူသော အသိရှိ သည့်မိဘကအတော်နည်းသည်။
နည်းနည်းအရွယ်ရောက်လာ လျှင် ပိုက်ဆံရှာခိုင်းမည်ဆိုသည့် မိဘကများနေသည်။ အထူး သဖြင့် သားယောက်ျားလေးများ ပိုအခိုင်းခံရသည်။ အစိုးရက မူလတန်းပညာရေးကို အခမဲ့ သတ်မှတ်ထားသော်လည်း ကျွန်တော်တို့ရပ်ကွက်ထဲမှာပင် မူလတန်းမနေရသည့်ကလေးတွေ အများအပြားရှိသည်။
သည်ကလေးတွေက နောင် တစ်ချိန်မှာ တန်ဖိုးမဲ့သည့်လူသား အရင်းအမြစ်တွေဖြစ်လာလိမ့် မည်။ နိုင်ငံတည်ဆောက်ရေးမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ် မလာဘဲ အမှိုက်သရိုက်များအဖြစ် နိုင်ငံကိုဝန်ပိစေလိမ့်မည်။ အစိုးရ အနေဖြင့် နိုင်ငံ၏အနာဂတ် ကောင်းစေလိုလျှင် စီးပွားရေးစီမံ ကိန်းတွေ၊ ပညာရေးစီမံကိန်းတွေ လုပ်ဆောင်ရုံဖြင့် မလုံလောက်ဘဲ ကလေးသူငယ်ထိန်းသိမ်းစောင့် ရှောက်ရေးဌာနတွေဖွင့်ဖို့လိုပါ သည်။ အသိဉာဏ်နည်းသောမိဘ များကို ပညာပေးသည့်လုပ်ငန်း တွေများများလုပ်ဖို့လိုပါသည်။ အမြို့မြို့မှာ အရက်ဆိုင်များ ဖောင်းပွနေခြင်းကို ပြန်စိစစ်ဖို့လို ပါသည်။ နှစ်လုံး၊ သုံးလုံး၊ ဘော လုံး လောင်းကစားနေခြင်းများ အမြစ်ပြတ်အောင်လုပ်ဖို့လိုပါပြီ။ လိုင်းကြေးယူကာ ခွင့်ပြုပေးနေ သော တာဝန်ရှိသူများကို ထိထိ ရောက်ရောက်အရေးယူဖို့လိုပါ ပြီ။
ကျွန်တော် သည်ဆောင်းပါး ကို အဆုံးသတ်လုသတ်ဆဲမှာပင် တစ်ဖက်ခြံမှအသံများကို စိတ် မချမ်းမြေ့ဖွယ်ကြားနေရ၏။ ‘ရေ ခဲချောင်းမရောင်းရင် နင်အိမ်မှာ မနေနဲ့။ ခုဆင်း’တဲ့။ ။
Author: မင်းသန်းထိုက်(ဒေးဒရဲ)
7DAY DAILY
မင်းသန်းထိုက် (ဒေးဒရဲ) |
ကျွန်တော့်အိမ်နီးချင်းများ
Reviewed by သစ်ထူးလွင်
on
14:10
Rating: