လိပ်စာလွဲမှားမှုများကြောင့် ယာဉ်မတော်တဆမှု၌ အခက်အခဲရှိ

  နိုင်ငံသား မှတ်ပုံတင်ရှိသူ မည်သူမဆို ကား တင်သွင်းခွင့် မူဝါဒကို နိုင်ငံတော် အစိုးရက ခွင့်ပြုပြီးနောက် စီးပွားရေး သမားများမှ အဆိုပါအခွင့် အရေးကို အသုံးချကာ ကားများ ရောင်းဝယ် နေသောကြောင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် စုံစမ်းရန် ခက်ခဲမှုများ ရှိလာကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူများက ပြောသည်။

"တချို့ယာဉ်တိုက်မှုတွေမှာ ကားနံပါတ် မသိလိုက်ဘူး။ တိုက်ပြီး ထွက်ပြေးသွားတယ်။ ကား
နံပါတ်သိရင် လိုက်ဖို့ နည်းနည်းလေးလွယ်တယ်။ ကားရဲ့ လိပ်စာနဲ့ ပတ်သက်လို့လိုက်တဲ့ အခါမှာ
လိပ်စာထဲကအတိုင်းရှာတွေ့တယ်။ ဒါပေမဲ့ သူတို့မှာ ကားမရှိဘူး။ အထူးသဖြင့် သန်းခေါင်စာရင်းနဲ့
မှတ်ပုံတင်ငှားပြီး ၀ယ်ထားတဲ့ အနေအထားမျိုးမှာ ပိုတွေ့ရတယ်။ ပွဲစားတွေက အိမ်ထောင်စု
စာရင်းပေးရင် ကျပ် ငါးသောင်း ပေးမယ်ဆိုပြီး ငှားတယ်။ ဒီလိုအနေအထားမျိုးနဲ့ ကားဝယ်ထားပြီး
ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ သဲလွန်စရှာရတာ ခက်ပါတယ်" ဟု အမှတ်(၂) ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် ၀င်းလွင်က ပြောသည်။

"လူကူးမျဉ်းကျားက ကူးတဲ့ အရူးမကို တိုက်တဲ့ အမှုမှာဆိုရင် ဘာမှမသိရဘူး။ ကားက
နောက်ကြည့်မှန်လေးပဲ ကျကျန်ခဲ့တယ်။ လိုင်းကား တစ်စီးခေါင်းခန်းမှာ စီးလာတဲ့သူက
မြင်လိုက်လို့ ကားနံပါတ်ပြောတယ်။ လိုက်တော့ အဲဒီလိပ်စာက အိမ်မရှိဘူး။ ခြံပဲရှိတယ်။
ကိုးလလောက် လိုက်ပြီးမှ တိုက်သွားတဲ့ကားကို ကြည့်မြင်တိုင်မှာ တွေ့တယ်။ ပိုင်ရှင်က
သတ်သတ်ဖြစ်နေတယ်။ ပြီးတော့ တစ်ခုရှိတာက ပြည်သူတွေက ကားတိုက်တာကို
မြင်လိုက်ပေမယ့် ဘယ်ကိုပြောရမှန်း မသိတာတွေလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။ ယာဉ်မတော်တဆမှု တစ်ခုဖြစ်ရင်
ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ကြဖို့ လိုပါတယ်" ဟု ၎င်းက ပြောသည်။

ယခင်က တစ်ဦးချင်း ကားတင်သွင်းမည်ဆိုပါက ကားတန်ဖိုး၏ သုံးဆခန့်ငွေပမာဏ ဘဏ်စာရင်း
ထဲတွင်ရှိရန် လိုအပ်ပြီး နောက်ပိုင်းတွင်မူ မိမိတို့ ၀ယ်ယူမည့် ကားတန်ဖိုးပမာဏာရှိလျှင်
တင်သွင်းခွင့် ရရှိလာသည်။

"ကားတင်သွင်းတဲ့အခါ တခြားမှတ်ပုံတင်နဲ့ ၀ယ်ပြီး နာမည်မပြောင်းရင် ဘာမှမတတ်နိုင်ဘူး။
မှတ်ပုံတင်နဲ့ တကယ်သွင်းလိုက်ပြီးတော့ ပြန်ရောင်းတဲ့အချိန်မှာ ချက်ချင်းနာမည်မပြောင်းဘူး
ဆိုရင်လည်း ပိုင်ရှင်က ဘယ်သူဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဘယ်သူက ဘယ်သူ့ဆီ
ရောင်းလိုက်တယ် ဆိုတာမျိုးကိုတော့ လိုက်လို့ရတာပေါ့။ အရင်ကတော့ ဘဏ်စာအုပ်ထဲမှာ
ကားတန်ဖိုးရဲ့ သုံးဆကို ငွေထည့်ခိုင်းထားတာမျိုးရှိတယ်။ ငွေစစ်တာကျတော့ ဘဏ်ကလုပ်တာ
ဖြစ်တယ်။ ဘဏ်ထဲမှာ ငွေသုံးဆထည့်ခိုင်းတယ်ဆိုတာ ဘယ်ဥပဒေနဲ့ ထည့်ခိုင်းတယ်ဆိုတာ
မရှိဘူး။ လိုင်စင်လုပ်ပေးတုန်းက အိုအက်စ်အက်စ် (One Stop Service) အနေနဲ့ သတ်မှတ်
ထားတာ။ ဌာနကသတ်မှတ်ထားတာ မဟုတ်ဘူး။ အခုကျတော့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်လို့
ဆိုပြီး မလုပ်တော့ဘူး။ အခုကျတော့ဘဏ်ထဲမှာ သူ့ကားတန်ဖိုးနဲ့ ငွေတော့ရှိရမယ်။ သုံးဆ
ရှိရမယ်လို့တော့ သတ်မှတ်မထားတော့ဘူး" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်း က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန အနေဖြင့်လည်း စီးပွားကူးသန်းက တင်သွင်းခွင့်
ပြုလိုက်သော ယာဉ်များကို စာရွက်စာတမ်း ပြည့်စုံပါက ၎င်းတို့ လုပ်ထုံးလုပ်နည်းများ အတိုင်း
မှတ်ပုံတင်ပေးခြင်း ဖြစ်သည်။

မော်တော် ယာဉ်တင်သွင်းသူက မိမိနာမည်ပေါက် နာမည်ပြောင်းပါက ကညနရုံးသို့ ပိုင်ရှင်
ကိုယ်တိုင် သွားရောက်ရမည်ဖြစ်ပြီး အုံနာဘုတ်၊ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းတို့
ပါရှိရမည်ဖြစ် ပိုင်ရှင်ကိုယ်တိုင် မလာနိုင်ပါက စပယ်ရှယ်ပါဝါ သို့မဟုတ် ဂျင်နရယ်ပါဝါ ပါရှိရမည်
ဖြစ်သည်။

"ပွဲစားနဲ့ ကုမ္ပဏီနဲ့ အရှုပ်က ကျွန်တော်တို့ ကညနကို ရောက်ရောက်လာတယ်။ ကျွန်တော်တို့ဆီ
ကို သူတို့ မှတ်ပုံတင်တဲ့အခါ ကျွန်တော်တို့ ဆီက အချက်အလက် စာရွက်စာတမ်းအတိုင်းပဲ
လုပ်ပေးရတာ။ နာမည်ပြောင်းရင်လည်း လုပ်ထုံး လုပ်နည်းနဲ့ ညွှန်ကြားချက်အားလုံးက
သူ့အဆင့်နဲ့သူ ရှိပြီးသားပါ။ လုပ်ထုံးလုပ်နည်းများလို့ ဆိုပြီး နောက်ပိုင်းမှာ ဖြေလျှော့ထားတာတွေ
အများကြီးရှိတယ်။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်လို့ရတယ်။ ပိုလည်း လုပ်လို့မရဘူး။
လျှော့လည်းလုပ်လို့မရဘူး။ ဒါပေမဲ့ ပွဲစားတွေကလည်း လိမ်နိုင်သလောက်လိမ်တယ်" ဟု
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

အရောင်းပြခန်း ဖွင့်လှစ်ထားခြင်းမရှိဘဲ ကားပွဲစားတန်းတွင် ကားများရပ်တန့်ကာ ရောင်းချသည့်
သူများက တစ်ဦးချင်းယာဉ်တင်သွင်းခွင့်ကို အသုံးချလေ့ရှိသည်ဟု ဆိုသည်။

"တစ်ဦးချင်း ကားတင်သွင်းခွင့် ပါမစ်အတွက် မှတ်ပုံတင်တို့၊ သန်းခေါင်စာရင်းတို့ ငှားတာကတော့
သီရိမင်္ဂလာကားပွဲစားတန်းတို့၊ မင်းရဲကျော်စွာ ကားပွဲစားတန်းတို့က လုပ်ကြတာများတယ်။
အရောင်းပြခန်း မရှိဘဲကားတွေ အများကြီးဖြစ်နေတာမျိုးက သူတို့ ဒီလိုနည်းလမ်းနဲ့ သွင်းမှပဲ
ရမယ်။ အဓိကကတော့ မူဝါဒကြောင့်ပေါ့။ အစိုးရက အားလုံးကို လိုင်စင်နဲ့ လုပ်ရင် အခွန်လည်း
ကောက်လို့ရတယ်။ အရောင်းစင်တာတွေက စင်တာပါမစ်ရှိတော့ ပါမစ်နဲ့ပဲ သွင်းကြတယ်။
အခွန်လည်း ဆောင်ရတယ်။ တစ်ဦးချင်း တင်သွင်းတဲ့အခါ သူတို့ကို အခွန်ကောက်လို့ မရဘူး။

"ကားတောင် ၀ယ်မယ့်သူ တစ်ယောက်က အစိုးရကို ဘာအခွန်မှ ဆောင်မထားတဲ့သူ
တစ်ယောက် မဖြစ်သင့်ဘူး။ အရင်က သင်္ဘောသားနဲ့ ရှိုးဂျော့တွေကို ကားတင်သွင်းခွင့်ပေးတယ်
ဆိုတာ ဖြစ်သင့်တယ်။ ပြီးတော့ ပြည်တွင်းမှာ အခွန်ဆောင်တဲ့သူကို တင်သွင်းခွင့် ပေးတယ်
ဆိုရင်လည်း ပြည်သူတွေက အခွန်ဆောင်ချင်လာမယ်" ဟု Farmer Auto ပိုင်ရှင် ဦးစိုးထွန်း
က ပြောသည်။

 အေးငြိမ်းဝင်း

 မြန်မာတိုင်း(မ်)


လိပ်စာလွဲမှားမှုများကြောင့် ယာဉ်မတော်တဆမှု၌ အခက်အခဲရှိ   လိပ်စာလွဲမှားမှုများကြောင့် ယာဉ်မတော်တဆမှု၌ အခက်အခဲရှိ Reviewed by သစ်ထူးလွင် on 16:46 Rating: 5
Powered by Blogger.