စေတနာဆိုသော စကားမှာ သူတစ်ပါးအကျိုးကို လိုလားသော သဘောထားကို ဆိုလိုရင်း ဖြစ်ပါသည်။ ကျွန်တော် ခေါင်းစဉ် တပ်ထားသော အဆိပ်ပါသော စေတနာ ဆိုသည်မှာ သူတစ်ပါး အကျိုးကို လိုလားသယောင်နှင့် ကိုယ့်အကျိုးကို ရှေးရှု၍ သူတစ်ပါးထဲက ငွေကြေး၊ အကျိုးအမြတ်ကို ရယူသော စေတနာကို ဆိုလိုခြင်း ဖြစ်ပါသည်။
ပထမတွေ့ရသော အဆိပ်ပါသည့် စေတနာမှာ တန်ဖိုးနည်းဖုန်းများ ရောင်းချပေးခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းများကို ကျပ် ၁၅ သိန်းဖြင့် နီးစပ်ရာ လူများအား ရောင်းချပေးရာမှ အများပြည်သူသို့ ရောင်းချပေးသော စနစ်ကို သုံးလာ၍ နိုင်ငံသူ၊ နိုင်ငံသားများ ဝမ်းသာရပါသည်။ ကျပ် ၁၅ သိန်းတန်သော ဖုန်းများကို ယခုအခါ ကျပ် ၁၅၀၀ နှင့် ရောင်းပေးတော့မည် ဆိုသောအခါ အဆပေါင်း ၁၀၀၀ လျှော့ချ ရောင်းပေးတော့မည်။ လူတိုင်း ဝယ်နိုင်တော့မည်ဟူသော အသိတရားကြောင့် ပြည်သူပြည်သားများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
သို့သော် နောက်ဆက်တွဲ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက မဲနှိုက်၍ ယူရမည်ဆိုသော အချက်နှင့် ဖုန်းဝယ်ယူပြီးပါက တစ်လလျှင် ကျပ် ၂၅၀၀ ဖိုး သုံးစွဲရမည်။ ဝယ်ပြီးသည့် နေ့မှစ၍ ၁၅ ရက်အတွင်း အသုံးပြုရမည်ဆိုပြီး ယခုအခါ ရက် ၃၀ အထိ တိုးမြှင့်ပေးလိုက်သည်ဟု ဆိုပြန်သည်။ ယခုလို ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည်က ပြည်သူလူထုကို အနိုင်ကျင့်နေသည်နှင့် တူလှသည်။ ဖုန်း ကတ်ကို အပြည့်အစုံ မပေးနိုင်ဘဲနှင့် ဆင့်ခံတွင်း နှမ်းပက်သလို မဲဖောက်ရသည်။
မဲဖောက်သည် ဆိုကတည်းက မသမာမှုတွေ ပေါ်လာသည်။ နေရာအနှံ့ မကျေနပ်မှုတွေ ဖော်ပြကြသည်။ စီစဉ် သူတို့က ဘာမှဖြေရှင်း မပေးနိုင်ခဲ့ပါ။ အစကတည်းက ဖုန်းတွေကို အလုံအလောက် ပြည့်ပြည့်စုံစုံရှိမှ ဖြန့်ဝေပေးလျှင် ယင်းပြဿနာတွေ တွေ့ရမည် မဟုတ်ပါ။
ဖုန်းကတ်တစ်ခုကို ကိုယ်ရောင်းချင်သည့် ဈေးဖြင့် ရောင်းချပေးလို့ စားသုံးသူက ဝယ်ပြီးသွားပြီ။ သူ့လက်ထဲ ရောက်လျှင်သူ့သဘော။ သူပြောချင်မှ ပြောမည်။ သူပြောချင်သည့် အချိန်ပြောမည်။ သူပြောချင် သလောက်သာ ပြောမည်။ ဘယ်အချိန်စပြော၊ ဘယ်တန်ဖိုးအထိ ပြောဆိုရမည်ဆိုသော အမိန့် အာဏာ ထည့်ပေးဖို့မလိုပါ။ ကိုယ့်လက်ထဲက လွှတ်လိုက်ပြီးနေသည့် တိုင်အောင် အမိန့် ထပ်ပေးထားသည့် သဘောကပါ နေသေးသည်။ မဖြစ်သင့်ဘူး ဆိုသည်ကို နဖူးပေါ်လက်တင် စဉ်းစားဖို့ ကောင်းနေပါပြီ။
ယခုတစ်ဖန် လာပြန်သေးသည်။ သင်္ကြန်ကာလအတွင်း ငွေဖြည့်ကတ် ဝယ်သူများကို ဖုန်းပြောဆိုခ မိနစ်အချို့ အခမဲ့ ပြောဆိုခွင့်ပေးမည် ဆိုပြန်သည်။ သို့သော်လည်း သင်္ကြန် သတ်မှတ် ကာလအတွင်း အသုံးပြုရမည်။ မသုံးပါက ယင်းအပိုငွေကြေးများ အလိုအလျောက် ပြန်ရပ်သွားမည်ဟု ဆိုထားရာ ငွေကျပ်တစ်သောင်းကို နားမလည် သူများထံမှက လိမ်ကျပြီး ယူထားခြင်း ဖြစ်နေပါသည်။
အထက်တွင် ရေးခဲ့သလို မြန်မာ့ဆက်သွယ်ရေးက ဖုန်းကတ်များ ရောင်းချတိုင်း နှောင်ကြိုးများ ပါနေသည်ကို ကျွန်ုပ်တို့ သတိထားမိနေတာ ကြာနေပါပြီ။ သို့သော်လည်း လူမှုရေး၊ စီးပွားရေးအတွက် ပြည်သူလူထုမှာ မရှိမဖြစ်၍ ဝယ်နေကြရသည်။ တိုင်းသူပြည်သားတွေကို မလိမ့်တစ်ပတ်နှင့် အဘက်ဘက်က ဖိနှိပ်ပြီး ဖြတ်စားလျှပ်စား လုပ်နေတာ ကြာပြီးလို့သာ ပြောချင်ပါသည်။
ဖုန်းကတ်များ ဝယ်ယူဖြန့်ဖြူးနေသော မြန်မာ့ဆက်သွယ်ရေးသည် ကျပ် ၁၅၀၀ နှင့် ရောင်းနိုင်သော ပစ္စည်းကို ကျပ် ၁၅သိန်းနှင့် ရောင်းခဲ့ပြီး၍ ကျေနပ်ဖို့ ကောင်းသည်။ ယခုကျပ် ၁၅၀၀ နှင့် ရောင်းနိုင်သည်ကို ရောင်းချပေး၍ ကျေးဇူးတင်ခံပြီး လူထုမေတ္တာကို ခံယူဖို့ ကောင်းပါပြီ၊ သို့သော် မေတ္တာကို မလိုချင်ဘဲ နှောင်ကြိုးတွေ အထပ်ထပ်ရစ်ပြီး ရောင်းချနေသည်မှာ အဆိပ်ပါသော စေတနာကို ဖုန်းကိုင်သူများအား ဖြန့်ဝေ ကျွေးမွေးနေသည်ဟုသာ ဆိုရပါတော့မည်။
(ဤကဏ္ဍပါ ရေးသား ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏ အာဘော်မဟုတ်ပါ။)
The Voice Weekly
အဆိပ်ပါသော စေတနာများ (မောင်သစ္စာ)
Reviewed by သစ်ထူးလွင်
on
15:20
Rating: