ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ

ရန်ကုန် တဖက်ကမ်း ဒလမြို့နယ်ထဲက ရပ်ကွက်တချို့မှာ ပူပြင်းတဲ့ နွေရာသီကြောင့် ရေခန်းလာတဲ့ အတွက် သောက်ရေ ရှားပါးမှု အခက်အခဲ ကြုံတွေ့ နေရ ပါတယ်။

ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက်မှာရှိတဲ့ မဟာသင်္ကြန် သောက်ရေကန်မှာ ရေခန်း လာမှုကြောင့် ဒီ ရေကန် ကနေ သောက်ရေ အဓိကအားထား သုံးစွဲနေတဲ့ ရပ်ကွက်တွေမှာ သောက်ရေရရှိမှု အခက်အခဲနဲ့ ကြုံတွေ့နေရ ပါတယ်။

ဒလမှာ နှစ်စဉ်နွေရာသီ ရောက်တိုင်း ရေရှားပါးမှု ပြဿနာရှိနေတာဖြစ်ပြီး ရေရှိတဲ့ရပ်ကွက် တွေကနေ ဝယ်သုံးနေရတဲ့ အတွက် မိသားစုဝင်ငွေကို ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံ ကိုသန်းနိုင်က ပြောပါတယ်။

မဟာသင်္ကြန် သောက်ရေကန်ကို ရာဇာသင်္ကြန်ရပ်ကွက်က အဓိကမှီခိုနေပြီး ရေရှားတဲ့ ရပ်ကွက် ခြောက်ရပ်ကွက်လောက် က သောက်ရေအတွက်မှီခိုနေတယ်လို့သိရပါတယ်။

မဟာသင်္ကြန် သောက်ရေကန်ထိန်းသိမ်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှမြင့်က လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်း ဒီရေကန်မှာ နွေရာသီ ရေရှားပါးမှုတွေ ဖြစ်လာတဲ့အတွက် တနေ့ကို ၁ နာရီသာ ရေခတ်ခွင့်ပြုတယ်လို့ ပြောပါတယ်။

ဒလမြို့မှာ ရာဇသင်္ကြန်ရပ်ကွက်အပြင် ဗညား ဒလ၊ တပင်ရွှေထီး ရပ်ကွက်တွေမှာလည်း သောက်ရေအပြင် သုံးရေပါ ရှားပါးမှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒလမြို့နယ် စည်ပင်သာယာက ရေပေးဝေမှုရှိပေမယ့် မြို့ပေါ်ရပ်ကွက်တွေကိုသာ ဖြန့်ဝေနေပြီး မြို့ပြင်ရပ်ကွက်တွေကတော့ စည်ပင်ကရေကို မသုံးစွဲနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 By သဇင်ထွေး (ဒီဗွီဘီ)


ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ ဒလတွင် သောက်သုံးရေ အခက်ခဲနှင့် ကြုံတွေ့နေ Reviewed by သစ်ထူးလွင် on 16:53 Rating: 5
Powered by Blogger.