ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်ပြီး နောက်ပိုင်းမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု (Education Reform)ကို အားသွန်ခွန်စိုက် ဆောင်ရွက်လာ ခဲ့တာကို တွေ့မြင် နေရ ပါတယ်။ အဲဒီလိုဆောင်ရွက် နေရာမှာ နိုင်ငံတော် အဆင့် အနေနဲ့ အမျိုသား ပညာရည်ဖွံ့ဖြိုး တိုးတက်မှု နှစ်ရှည်စီမံကိန်း (၂၀၁၁-၁၂ ခုနှစ် မှ ၂၀၃၀-၃၁ ခုနှစ်)၊ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲများ၊ ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၊ အထူးလုပ်ငန်းအဖွဲ့၊ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းဆွေးခြင်း၊ CESR လုပ်ငန်းဆန်းစစ် လေ့လာခြင်းများပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နေရင်းကနေ အခုဆိုရင် အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည့်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်က မေလ နောက်ဆုံးပတ်မှာကျင်းပမယ့် ပုံမှန်အစည်းအဝေးကနေ ဆွေးနွေးအတည်ပြုတော့မှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်နေချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်စရာ ရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စာရေးသူ လက်လှမ်းမီသမျှ တင်ပြဆွေးနွေးဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

ပထမဦးစွာ ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ တက္ကသိုလ်များရဲ့   အုပ်ချုပ်မှုပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းနှိုးဆော်နေတာကို အားလုံးလည်း ကြားသိပြီးဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှာ တက္ကသိုလ်တွေကို ဦးစီးနေတဲ့ ဦးစီးဌာန ၂ ခု ရှိနေပါတယ်။ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နဲ့   စက်မှုနှင့်သက်မွေးပညာဦးစီးဌာနဖြစ်ပါတယ်။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အနေနဲ့ ကွန်ပျူတာတက္ကသိုလ် ၂၅ ခု နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကသပညာတက္ကသိုလ်တွေကို ကွပ်ကဲနေပြီး ကျန်နည်းပညာတက္ကသိုလ် တွေကိုတော့ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနက ကွပ်ကဲနေပါတယ်။ အဲဒီမှာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကညွန်ကြားရေးမှူးချုပ်ကတော့ အရပ်ဖက်တက္ကသိုလ်က လာတဲ့ပညာရှင်ဖြစ်ပေမယ့် စက်မှုနှင့်သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ တပ်က လာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရဲ့ အမိန့်ကြော်ငြာစာ အမှတ် ဝ၆၂/၂၀၁၃နဲ့ ကြည်း ၁၄၃၂၃ ဗိုလ်မှူးကြီးဇော်ဝင်းအား ဟာ နည်းပညာ တက္ကသိုလ် (ရမည်းသင်း) မှာ ဒုတိယပါမောက္ခချုပ်ရာထူးနေရာမှာခန့်ထားပြီး စက်မှုနှင့်သက်မွေးပညာဦးစီးဌာန(ရုံးချုပ်) မှာ တာဝန် ထမ်းဆောင်စေခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ ၁-၃-၂၀၁၃ မှာပါ။ အဲဒီနောက်တော့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂၉/၂၀၁၃နဲ့ နည်းပညာတက္ကသိုလ် (ရမည်းသင်း) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းဟာ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန် ပေးအပ်ခံခဲ့ရပါတယ်။ အဲဒီညွှန်ကြားရေးမှူးချုပ်တာဝန်ပေးတဲ့နေ့ကတော့ ၁၂-၃-၂၀၁၃ ပါ။  ဒါဟာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအနေနဲ့ နည်းပညာဆိုင်ရာတက္ကသိုလ်များကို တပ်ကနေ အမိန့်ပေးစေခိုင်းနေသလို ဖြစ်နေပါတယ်။ အဲဒီ အချက်ကို လုံးဝပြင်ရပါမယ်။ အဆိုပါ ပုဂ္ဂိုလ်ကို တက္ကသိုလ်ကောလိပ်သိပ္ပံတွေနဲ့ မဆိုင်တဲ့နေရာကိုပဲ ပို့သင့်ပါတယ်။ မဟုတ်ရင် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ရည်ရွယ်ချက်ရှိရှိ တပ်ကနေ နေရာယူထားတယ်လို့ မပြေးသော်ကံရာရှိ အပြောခံရတော့မှာဖြစ်ပါတယ်။ တကယ့်ရည်ရွယ်ချက်ကတော့ သက်ဆိုင်သူတွေပဲ သိပါမယ်။
ဒုတိယအချက်ကတော့ တပ်မတော်မှ အငြိမ်းစားပေးပြီး အရပ်ဖက်သို့ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်စေသော အရာရှိဟောင်းများကိစ္စဖြစ်ပါတယ်။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ ရှိသူများကို နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တွေမှာ စေလွှတ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ဖွဲ့စည်းပုံမှာ လုံးဝမရှိတဲ့ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဆိုတဲ့ ရာထူးတွေနဲ့ ပို့ခဲ့တာပါ။ ဘာရည်ရွယ်ချက်နဲ့ ပို့တာလဲဆိုတာကတော့ စဉ်းစားစရာပါ။ အဆင့်မြင့် ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရေးနဲ့ လုံးဝ နီးစပ်ပတ်သက်မှုမရှိတဲ့ အဲဒီ တပ်ငြိမ်းတွေဟာ တော်တော်လေး ပြဿနာဖြစ်နေတာကိုလည်းတွေ့နေရပါတယ်။ သူတို့ကို တချို့သောတက္ကသိုလ်တွေမှာ စီမံရေးရာနေရာတွေ ရောက်နေတာကို တွေ့နေရပါတယ်။ အဲဒါ အလွန်လွဲမှားနေပါတယ်။ ၀န်ထမ်းရေးရာကိစ္စကို တပ်ငြိမ်းတွေကို ကိုင်ခိုင်းတော့ ပညာရှင် ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်ရောက်နေသလိုဖြစ်နေပါတယ်။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီ သူတွေကိုလည်း သက်ဆိုင်ရာတက္ကသိုလ်တွေကနေ ဖယ်ရှားဖို့ လိုမှာဖြစ်ပါတယ်။

တတိယတစ်ချက်ကတော့ ပါမောက္ခချုပ်တွေကို တက္ကသိုလ်တွေ တွဲကိုင်ခိုင်းထားတာပါ။ ဥပမာအနေနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်(မန္တလေး) ကို ဒေါက်တာအေးမြင့်တစ်ဦးတည်းနဲ့ ရန်ကုန်ကွန်ပျုတာတက္ကသိုလနဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်ကို ဒေါက်တာမီမီသက်သွင်တစ်ဦးတည်းကို တာဝန်ပေးထားတာပါ။ ကျန်ရှိတဲ့ ပညာရှင်တွေက အရည်အချင်းမရှိလို့၊ အဆင့်မမီလို့ များလားလို့တောင်တွေးမိပါတယ်။ ဒါလည်း မဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို တစ်ဦးစီဖြစ်အောင် စီမံ ဆောင်ရွက် စေသင့်ပါတယ်။

စတုတ္ထအချက်ကတော့ ကျောင်းများဖွင့်လှစ်ခြင်းကိစ္စရပ်တွေဖြစ်ပါတယ်။ အခုလို ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်နေချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဟာ နောက်ထပ်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်တာတွေလုပ်နေတာကို တွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ ကွာခြားတာကို တွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနမှာတော့ မန္တလေးမှာ စီးပွားရေးတက္ကသိုလ်ဖွင့်ဖို့ သက်ဆိုင်ရာလွှတ်တော်မှာ တင်ပြတာကို ပညာရေးပြုပြင်ပြောင်းလဲမှုအရ တက္ကသိုလ်များ စုဖွဲ့ခြင်းများလုပ်ပြီးမှ လို့ဖြေပါတယ်။ ဒီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှာတော့ COE အမည်ခံတက္ကသိုလ်တွေကိုထပ်မံတိုးချဲ့မယ်လို့ သိနေရပါတယ်။ လက်ရှိ COE များမှာ ဘယ်လောက်များအဆင်ပြေနေပြီလဲ မေးချင်ပါတယ်။ တကယ် အဆင့်မီနေပြီလား မေးချင်ပါတယ်။ မနိုင်ဝန်ကို ထမ်းလို့ စနစ်ပျက်ခဲ့ရတဲ့ ရှေ့ဥပမာရှိနေပါလျက် ဘာကြောင့်များ ခုလို ထပ်လုပ်ချင်ရပါသလဲ မေးချင်ပါတယ်။ ထို့အတူပဲ ရန်ကုန်မှာလဲ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကို တက္ကသိုလ်များလှိုင်နယ်မြေ မှာ ဆောက်နေပါတယ်။ Education Reform လုပ်နေချိန်မှာ ဒီလို ထပ်မံလုပ်ဆောင်မှုတွေဟာ ဘာကြောင့်လဲဆိုတာ ပွင့်လင်းစွာ ချပြဆွေးနွေးနိုင်ဖို့လိုပါတယ်။ မဟုတ်ရင် နိုင်ငံတော် ဘဏ္ဍာငွေတွေကို အပိုဖြုန်းတီးနေသလို ဖြစ်နေမယ်။
ပဉ္စမ အချက်အနေနဲ့စာရေးသူပြောချင်တာကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာ ရှိတဲ့တက္ကသိုလ်တွေဟာ အခြေခံအဆောက်အဦးပိုင်းအားနည်းနေတာတွေ တွေ့နေရပါတယ်။ အဲဒါတွေကတော့ သင်ကြားရေးဝန်ထမ်း၊ စီမံရေးရာဝန်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာ မရှိတာတွေ၊ မပြည့်စုံတာတွေနဲ့ ကျောင်းသားကျောင်းသူများအတွက် အဆောင်ဆောက်လုပ်စီစဉ်ရေးအတွက် စီမံစဉ်းစားခြင်းမရှိတာတွေပဲဖြစ်ပါတယ်။ ကျောင်းသစ်အများစု( နေရာရွှေ့ပြောင်းခံကျောင်းများအပါ) ဖြစ်နေတာများပါတယ်။ ယခုအချိန်အထိလည်း ၀န်ထမ်းအိမ်ရာနဲ့ အဆောင်ကိစ္စကို စနစ်တကျ စီမံချက်ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာကို တွေ့နေရပါတယ်။ ဒါကလည်း ရေရှည်အတွက် မဖြစ်မနေ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

ဆဋ္ဌမအချက်ကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တက္ကသိုလ်တွေမှာ ခုချိန်အထိ ကိုယ်ပိုင် Web Site မရှိသေးတာတွေကို ၀မ်းနည်းဖွယ်ရာတွေ့နေရပါတယ်။ ရှိတဲ့တက္ကသိုလ်တွေရဲ့ Web Site တွေကလည်း အချက်အလက်တွေ Up to date မဖြစ်တာကို တွေ့နေရပါတယ်။ နည်းပညာပိုင်း ဆိုင်ရာတက္ကသိုလ်တွေဖြစ်တဲ့အတွက် အဲဒီ Web Site ကတော့ မဖြစ်မနေကို ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခု စာမေးပွဲဖြေနေချိန်မှာ သိရတာကတော့ နည်းပညာက ဇုန် ၇ ခုနဲ့ ကွန်ပျူတာက ဇုန် ၅ ခုနဲ့ မေးခွန်းထုတ်တယ်ဆိုတာပါ။ တက္ကသိုလ်လို့တောင် အဆင့်မြှင့်ပြီး အခုအချိန်အထိ ကိုယ်ပိုင်သင်ရိုး၊ ကိုယ်ပိုင်မေးခွန်း၊ ကိုယ်ပိုင်အရည်အချင်းစစ်ဆေးနိုင်စွမ်းမရှိသေးဘူးဆိုတော့ ဒီတက္ကသိုလ်တွေ ၂၀၀၇ ဇန်န၀ါရီမှာ နည်းပညာကောလိပ်၊ ကွန်ပျူတာကောလိပ်တွေ ကို တက္ကသိုလ်အဆင့် မြှင့်ထားတာဆိုတော့ ၇ နှစ်ကျော်နေပြီ။ အရည်အချင်းမပြည့်လို့ မေးခွန်း ထုတ်ခွင့်မပေးတာပါဆိုရင်တော့ ၇ နှစ် လုံးလုံး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဘယ်လို စီမံခန့်ခွဲခဲ့သလဲလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပါပြီ။

စာရေးသူအနေနဲ့တော့ ယခု လက်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးအနေနဲ့ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးအနေဖြင့်လည်းကောင်း၊ အထူးလုပ်ငန်းအဖွဲ့ (Task Force)၏ ဥက္ကဋ္ဌတစ်ဦးအနေဖြင့်လည်းကောင်း အထက်ဖော်ပြပါ ပြဿနာရပ်ခြောက်ခုကို ကောင်းစွာဖြေရှင်းပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိတက္ကသိုလ်များကို ပညာရေးမြှင့်တင်မှု အောင်မြင်စွာဆောင်ရွက်နိုင်ပါစေကြောင်း။

စံပယ်မ

BY THIT HTOO LWIN


ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန Reviewed by သစ်ထူးလွင် on 07:36 Rating: 5
Powered by Blogger.