မော်လမြိုင် ဧပြီ ၂၅
မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ သတင်းရရယူခွင့် အပြည့်အ၀ရ ရှိရေးအတွက် မွန်ပြည်နယ်တွင် အင်အား (၃၈)ဦးရှိသည့် သတင်းထောက်များ က ယနေ့နံနက် (၈) နာရီတွင် မော်လမြိုင်မြို့ ကမ်းနားလမ်း တစ်လျှောက် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြသည် ။
“ ဆန္ဒထုတ်ဖော်ခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာကို (၂၀) ရက်နေ့က ကျွန်တော်တို့ ခွင့်ပြုချက် တောင်ခံတင်ပြခဲ့ပါတယ် ။ (၂၂) ရက်နေ့မှာခွင့်ပြုချက်ရပြီး ဒီနေ့မှာ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ကြတာပါ ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်သူ မွန်ပြည်နယ် သတင်းစာဆရာများအသင်း ဥက္ကဌ ဦးသိန်းလှိုင်က ပြောကြားသည် ။
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်စတင်ကျင့်သုံးသည့် ၂၀၁၁ ခုနှစ်မှစတင်ကာ ဒီမိုကရေစီ စံနှုန်းနှင့် ညီညွတ်သည့် တောင်းဆိုချက်များကို တောင်သူလယ်သမားများအပါအ၀င် အဖွဲ့အစည်း အသီးသီးမှ စဉ်ဆက်မပြတ် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည် ။
“ကျွန်တော်တို့ အနေနဲ့ ဆန္ဒထုတ်ဖော်ရတဲ့ရည်ရွယ်ချက်က မြန်မာတစ်နိုင်ငံလုံး လွတ်လပ်စွာ သတင်းရယူခွင့် အပြည့်အ၀ရရှိရေး အတွက် ဖြစ်ပါသည် ။ မတရားဖမ်းဆီး ထောင်ချခံရတဲ့ DVB သတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) ကို ချက်ချင်းလွှတ်ပေးဖို့က အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင် ပါသည်။ အဓိကရည်ရွယ်ချက်ကတော့ လွတ်လပ်စွာ သတင်းရယူခွင့် အပြည့်အ၀ ရရှိရေးအတွက် ဖြစ်ပါသည်။
မွန်ပြည်နယ် မှာသတင်းရယူခွင့်နှင့်ပတ်သက်လို့ အထိုက်အလျောက် ရရှိပါတယ်။ အပြည့်အ၀တော့ မဟုတ်သေးပါဘူး။ အခု ဆန္ဒထုတ်ဖော်ရတာက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းထောက် တွေအနေနဲ့ သတင်းရယူတဲ့နေရာမှာ ဒီမိုကရေစီစံနှုန်းနဲ့အညီ တပြေးညီ လွတ်လပ်စွာ သတင်းရယူခွင့်ရရှိဖို့အတွက်ပါ ။ တစ်ဖက်မှာလည်း သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်ကိုလိုက်နာပြီး ပြည်သူကိုအကျိုးပြုတဲ့ သတင်း မီဒီယာ ဖြစ်ရမှာပေါ့ဗျာ” ဟု ဦးသိန်းလှိုင်က ပြောသည် ။
လွတ်လပ်စွာ သတင်းရယူခွင့် အပြည့်အ၀ရရှိရေးအတွက် အင်အား (၃၈) ဦးရှိသည့် သတင်းထောက်များသည် မော်လမြိုင်မြို့ ကမ်းနားလမ်း၊ အမှတ် (၄) တံတား ၊ ဘုန်ကြီးထမင်းဆိုင်ရှေ့မှ စတင်ကာ ကမ်းနားလမ်း တစ်လျှောက် နံနက် (၈) နာရီတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ရာ (၉) နာရီခန့်တွင် ဆန္ဒဖော်ထုတ်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း သိရှိရသည်။
MOI Webportal Myanmar
လွတ်လပ်စွာ သတင်းရယူခွင့် အပြည့်အ၀ရရှိရေး မော်လမြိုင်တွင် သတင်းထောက်များ ဆန္ဒထုတ်ဖော်
Reviewed by သစ်ထူးလွင်
on
20:02
Rating: