နှစ်စဉ်ဆင်နွှဲနေတဲ့ သင်္ကြန် ပွဲတော်ကို ဒီနှစ်မှာတော့ အာဏာပိုင်တွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား ဆောင်ရွက် ပေးနေပါတယ်။
ခါတိုင်းနှစ်တွေကထက် ရေကစား မဏ္ဍဍပ်တွေ၊ ရေပက်ခံ ထွက်သူတွေ ပိုများနေတဲ့အတွက် သူတို့တွေရဲ့ လုံခြုံရေးကို အရင်ကထက် တိုးမြှင့် ချထားပေးတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရုံး က ရဲမှူးမြင့်ထွေးက ဘီဘီစီကို ပြောပြပါတယ်။
သင်္ကြန်ရက်တွေအတွင်း တုတ်၊ဓား လက်နက်တွေ ကိုင်ဆောင်ခွင့်မရှိ၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချခွင့် မရှိ ဆိုတဲ့ စည်းကမ်းတွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မဏ္ဍဍပ်တွေနဲ့ လူစည်ကားတဲ့ နေရာအနီးတဝိုက်မှာလည်း CCTV ကင်မရာတွေ တပ်၊ လုံခြုံရေး ကွပ်ကဲမှုရုံးတွေ ထားရှိပြီး ခိုက်ရန် ဖြစ်ပွားသူတွေ၊ မူးယစ် ရမ်းကားသူတွေကို ချက်ချင်း အရေးယူမှာ ဖြစ်တယ်လို့ ရဲမှူးမြင့်ထွေးက ဆိုပါတယ်။
(၂၀၁၀)သင်္ကြန်တုန်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍဍပ်မှာ လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ဗုံးပေါက်ကွဲမှု လို ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် သင်္ကြန် မစခင်ကတည်းက မိုင်းရှင်းလင်းရေး အဖွဲ့နဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် သင်္ကြန် ရောက်တိုင်း လူငယ်တွေက အရက်သေစာနဲ့ စိတ်ကြွဆေးလို မူးယစ်ဆေးဝါးတွေကို မဆင်မခြင် သုံးစွဲကြတာမို့ ဒီကနေ ကား မတော်တဆ တိုက်မှုတွေဖြစ်ပြီး ထိခိုက် ဒဏ်ရာရမှုတွေနဲ့ လူသေဆုံးမှုတွေ ရှိလာနိုင်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ သုံးစွဲတဲ့လူငယ်တွေထက် အရက်နဲ့ မူးယစ်ဆေးဝါး ရောင်းသူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ တချို့က သုံးသပ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
သင်္ကြန်မှာ ရမ်းကားသူတွေကို ရဲက ချက်ချင်း အရေးယူမယ်လို့ ဆို |
သင်္ကြန်ရက်တွေအတွင်း လုံခြုံရေး တိုးမြှင့်ချထား
Reviewed by သစ်ထူးလွင်
on
10:40
Rating: