‘‘လူနာ အဖျားအရမ်းတက်နေလို့ သွားခေါ်တယ်။ ဒါပေမဲ့ ဆရာဝန်က မြွေကိုက်တဲ့လူနာကို ဦးစားပေးပြီး ကုနေရတယ်။ ဟိုဘက်လူနာကို ကိုယ်ချင်းစာပေမယ့် တစ်ခုခုဖြစ်သွားမလားဆိုပြီးတော့ စိုးရိမ်တယ်’’ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ဆေးရုံတက်နေရသူ ဦးလေးဖြစ်သူကို လူနာစောင့်အဖြစ် လာရောက်နေသူ ကိုဇော်ကြီးက ယခုရက်ပိုင်းအတွင်း သူကြုံတွေ့ခဲ့ရသည်များကို ပြောပြနေခြင်းဖြစ်သည်။
ကျန်းမာရေးအသုံးစရိတ် မြှင့်တင်လိုက်၍ ပြည်သူ့ဆေးရုံများကို အားထားလာကြပြီး လူနာနှစ်ဆခန့်မြင့်လာသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း အရေအတွက် မလုံလောက်မှုကြောင့် အလုပ်ဝန်ပိမှုက လူနာများအပေါ် ဆိုးကျိုးများရရှိနိုင်ပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမပြေလည်မှုများကို ပိုမိုဆိုးရွာလာစေနိုင်သည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဖြစ်စေရန် အစိုးရအနေဖြင့် ထိုကွက်လပ်ကို အလျင်အမြန်ဖြည့်ဆည်းပေးရန် စဉ်းစားရတော့မည်ဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးများတွင် ယခုနှစ်အပိုင်းအခြားအတွင်း ဆေးကုသရန် လာရောက်သူ သိသိသာသာများပြားလာပြီး ကုသမှုပေးရသည့်အပိုင်း၌ ဆရာဝန်နှင့် လူနာ အင်အားမမျှတမှုများကိုလည်း ကြုံတွေ့နေရသည်ဟု ပြည်သူ့ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသည့် အထွေထွေရောဂါကုဆရာဝန်အချို့က ပြောသည်။
အရပ်သားအစိုးရ စတင်တာဝန်ယူချိန်မှစ၍ ကျန်းမာရေးအသုံးစရိတ် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်၍ ကျပ်ငွေဘီလီယံပေါင်းများစွာ သုံးစွဲမည်ဟု ကြေညာခဲ့ပြီး အရေးပေါ်ဆေးဝါးများ အခမဲ့ပေးခြင်း၊ ဆေးရုံအချို့တွင် ရောဂါရှာဖွေစက်များ ပိုမိုထားရှိလာခြင်း၊ ဆေးရုံအတွင်းပိုင်းအချို့၌ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့မှုကြောင့် လာရောက်ကုသမှုခံယူသည့် လူနာအရေအတွက်ကလည်း နှစ်ဆခန့်အထိ မြင့်တက်ခဲ့သည်။ သို့သော် ဆေးကုသမှုပေးနိုင်သည့် ဆရာဝန်အရေအတွက်မှာ နည်းပါးနေဆဲဖြစ်၏။
‘‘အခုက ဆေးရုံမှာ အရမ်းပြိုင်းတယ်။ လက်မလည်ဘူး။ ညဘက်ဂျူတီကျလို့ ခွဲစိတ်ခန်းဝင်ရပြီဆိုရင် Ward ထဲမှာ ဆရာဝန်တစ်ယောက်လောက်ပဲ ကျန်ရှိတော့တယ်။ လူနာက အယောက် ၅၀၊ ၆၀ လောက်ရှိတယ်’’ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် ထမ်းဆောင်နေသူ ဒေါက်တာပြည့်ဖြိုးကပြောသည်။
ညအချိန်ဂျူတီများတွင် ဆေးကုသဆောင်အတွင်း၌ ဘွဲ့လွန်တက်နေသော ဆရာဝန်တစ်ယောက်၊ လက်ထောက်ဆရာဝန်တစ်ယောက်နှင့် အလုပ်သင်ဆရာဝန်တစ်ယောက်သာ ရှိသည်ဟုဆိုသည်။
အဆိုပါအခြေအနေမျိုးသည် ဆရာဝန်အတွက် အလုပ်အလွန်များ၍ မနိုင်မနင်းအခြေအနေများ ကြုံတွေ့ရနိုင်ပြီး အရေးပေါ်လူနာများအတွက်လည်း အလွန်စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ကြောင်း ဒေါက်တာပြည့်ဖြိုးကပြောသည်။
ဆေးဝါးများ အခမဲ့ပေး၍ ကုသပေးခြင်းကြောင့် ပြည်သူ့ဆေးရုံများသို့ လာရောက်သည့်လူနာ တိုးပွားလာခြင်းနှင့်အမျှ ဆေးရုံတိုင်းတွင် ၀န်ထမ်းလိုအပ်ချက်များရှိလာကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မတ်လအတွင်း ရန်ကုန်မြို့ရှိ ဆေးရုံများကို လေ့လာရာတွင် ဆေးရုံအုပ်များနှင့် ဆေးပညာရှင်များ၏ တင်ပြချက်များကို အခြေခံ၍ ပြောဆိုခဲ့သည်။
လိုအပ်သောဝန်ထမ်းများ ဖြည့်ဆည်းရန် နိုင်ငံတော်က တာဝန်ယူဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။
‘‘တကယ်လို့ အသည်းအသန်တွေ ဖြစ်လာပြီဆိုရင် တခြား Ward (ဆေးကုသဆောင်)က ကိုယ့်လူ(ဆရာဝန်)တွေကို ဟိုလူကယ်ပါဦး၊ ဒီလူကယ်ပါဦးဆိုပြီး အကူအညီလှမ်းတောင်းရတယ်’’ဟု လူနာပေါင်း ငါးဆယ်၊ ခြောက်ဆယ်အား ဆရာဝန်တစ်ယောက်တည်း စောင့်ရှောက်မှုပေးရချိန်တွင် တစ်ခါတစ်ရံ ဖြစ်ပျက်တတ်မှုများကို ၎င်းကဆက်လက်ပြောပြ၏။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နှလုံးသွေးခဲ၍ လေဖြန်းရောဂါကြောင့် ဆေးရုံတက်နေရသည့် ဦးကြည်စိုးက ‘‘တာဝန်ကျဆရာဝန်က တခြားလူနာကို ကြည့်နေတဲ့အချိန် ကိုယ်ကလည်း တစ်ခုခုအရေးပေါ်လို့ သွားပြောရင် အဟောက်ခံရတယ်။ အဲဒီအခါမျိုးကျရင် စိတ်ထဲမကောင်းဘူး။ ဒေါသလည်း ထွက်တာပေါ့’’ဟု ၎င်း၏ခံစားချက်ကိုပြောသည်။
ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများကလည်း ၀န်ပိလာခြင်းကြောင့် လူနာနှင့် ဆရာဝန်ကြား အနုတ်လက္ခဏာဆောင်သောဆက်ဆံရေး ပေါ်ပေါက်လာခြင်းနှင့်အတူ ဆေးကုသမှုမှားယွင်းခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် နောက်ဆုံးအဆင့်အနေဖြင့် မလိုလားအပ်သော အသက်သေဆုံးမှုများကိုပါ ဖြစ်ပေါ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သုတေသနပြုစာတမ်းများတွင် ဖော်ပြ၏။
အလုပ်များခြင်းကြောင့် စောင့်ရှောက်ကုသမှု အပြည့်အ၀မပေးနိုင်၍ အသက်မသေသင့်ဘဲ သေဆုံးမှုများသည် တစ်နှစ်လျှင် လူပေါင်းကိုးသောင်းရှစ်ထောင်ခန့်ရှိသည်ဟု ပျမ်းမျှဆရာဝန်တစ်ဦးလျှင် လူနာသုံးရာငါးဆယ်ခန့်အချိုးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အမေရိကန်နိုင်ငံ၏စစ်တမ်းများက ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်မူ တိကျသောအချက်အလက်၊ စစ်တမ်းများမရှိသော်လည်း ကျန်းမာရေးဝန်ထမ်းများ အချိန်မပေးနိုင်သည့် အခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများက ပြည်သူ့ဆေးရုံများတွင်သာမက ပုဂ္ဂလိကဆေးရုံများ၌ပင် ရှိနေသည်။
မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးလျှင် လူနာနှစ်ထောင့်ရှစ်ရာနှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရပြီး လူဦးရေသန်းခြောက်ဆယ်ကျော်အတွက် ဆေးပညာလက်မှတ် (ဆမ)ရသူပေါင်းမှာ သုံးသောင်းကျော်သာ ရှိနေသေးသည်။ ပြည်သူ့ကျန်းမာရေးအတွက် နိုင်ငံတော်လုပ်ငန်းခွင်ဝင်နေသူမှာ တစ်သောင်းသုံးထောင်ခန့်သာ ရှိပါသည်။
‘‘အဓိကကတော့ လူ့စွမ်းအားအရင်းအမြစ် မလုံလောက်သေးတာပါ။ ဆရာဝန်တွေ အလုပ်အရမ်းများတယ်ဆိုတာကလည်း ဟုတ်ပါတယ်။ လူနာအရမ်းများလို့ တစ်ခါတလေမှာ မမှားသင့်ဘဲ မှားတာတွေရှိကြပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း ဒါတွေကိုသိတော့ လိုအပ်ချက်ပြည့်မီဖို့ ကြိုးစားနေတယ်။ ချက်ချင်းကြီးဖြစ်မလာပေမယ့် တဖြည်းဖြည်းနဲ့ ပြည်စုံလာလိမ့်မယ်လို့ ယုံကြည်ပါတယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးအဆင့်ရှိသူ ဒေါက်တာတစ်ဦးကပြောသည်။
ဆရာဝန်နှင့် လူနာဦးရေ မမျှတခြင်းက လူနာရှင်များ၏ အိတ်ထဲရှိ ဆေးကုသစရိတ်ကိုလည်း ကြီးမြင့်စေပါသည်။ အလုပ်ဝန်ပိခြင်းက ဆေးကုသမှုဆိုင်ရာ အမှားအယွင်းများခြင်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပြီး ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ရှိဆရာဝန်သည် မလိုလားအပ်သော ဆေးစစ်မှုကို ၂၂ ရာခိုင်နှုန်းအထိ လုပ်ခိုင်းလေ့ရှိသည်ဟု အမေရိကန်နိုင်ငံတွင် ပြုလုပ်ထားသော သုတေသနအရ ဆိုင်ရာအဖွဲ့အစည်းကြီး၏ သုတေသနဂျာနယ်က ဖော်ပြပါသည်။ ထိုသို့ ပြုလုပ်ရခြင်း၏အဖြေမှာ လူနာများပြားသောကြောင့် လုံလောက်သော စမ်းသပ်စစ်ဆေးမှု မလုပ်နိုင်ခြင်းကြောင့်ဟု ဆိုပါသည်။
‘‘နိုင်ငံတကာမှာတော့ မပြောတတ်ဘူး။ ဒီကဆေးရုံမှာတော့ လူနာတွေ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စဉ်းစားပေးထားတယ်။ မလိုအပ်ဘဲ ဘာမှမစစ်ခိုင်းဘူး။ တစ်ခါတစ်ခါတော့ ရောဂါအခြေအနေ အပြောင်းအလဲဖြစ်သွားလို့ နည်းနည်းပါးပါး ပိုပြီးဆေးစစ်ခိုင်းတာလေးတွေတော့ ရှိပါတယ်’’ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။
နှစ်စဉ်တိုးမြှင့်လျက်ရှိသော ကျန်းမာရေးအသုံးစရိတ်ကြောင့် ပြည်သူများ တိုက်ရိုက်အသီးအပွင့်ခံစားရသည်မှာ ဆေးရုံသွားလျှင် ယခင်ကဲ့သို့ ဆေးအားလုံးဝယ်ပေးရန် မလိုအပ်တော့ခြင်းဖြစ်သည်။ အနည်းငယ်သာဝယ်ပေးရသည်ဟု ဆေးရုံတက်နေသည့် လူနာအများစုက ပြန်လည်ဖြေကြားကြသည်။ ယခင်ကဲ့သို့ အော်ငေါက်မှုများ နည်းပါးသွားသော်လည်း စိတ်ရှည်မှုနှင့် နွေးထွေးသောဆက်ဆံရေးကို လူနာများ တောင့်တနေရဆဲဖြစ်သည်။
‘‘ဆရာဝန်တွေက လူနာတွေကို ဆက်တိုက်ကြည့်ရတာဆိုတော့ သိပ်တော့ ဂရုမစိုက်နိုင်အားဘူး။ ကိုယ့်အလှည့် တော်တော်နဲ့မရောက်နိုင်ဘူး’’ဟု ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် နှလုံးအပေါက်ပါရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူနေရသူ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံကြီးအချို့ကို သွားရောက်စစ်ဆေးရာတွင် အဓိကတင်ပြတောင်းဆိုမှုမှာ ၀န်ထမ်းမလုံလောက်မှုဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၁-၁၂ တွင် ကျပ် ၉၂ ဘီလီယံ၊ ၂၀၁၂-၁၃ တွင် ကျပ် ၄၀၀ ဘီလီယံ၊ ၂၀၁၃- ၁၄ တွင် ကျပ် ၅၂၈ ဘီလီယံ သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ကျပ် ၆၅၂ ဘီလီယံအထိ သုံးစွဲရန်လျာထားသည်ဟု ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီက ပြောကြားခဲ့သည်။
သို့သော် ယခင်အစိုးရလက်ထက်က လူ့စွမ်းအားအရင်းအမြစ် အသုံးချမှုနည်းပါးခြင်းကြောင့် မနိုင်မနင်းဖြစ်ခဲ့ရသော ကျန်းမာရေးစနစ်သည် ယခုနှစ်ပိုင်းအတွင်း ပြန်လည်ပြုပြင်နေသော်လည်း ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှုက ဘတ်ဂျက်တိုးမြှင့်ခြင်းနှင့်အတူ မြင့်တက်လာသော လူနာများကို စောင့်ရှောက်မှုပေးရာတွင် အခက်အခဲများစွာ ကြုံနေရသည်။
‘‘ဆရာဝန်အနားရှိလျှင် ရောဂါပျောက်သလို ခံစားရတယ်’’ဟု လူနာအများစု ပြောကြားသော စကားသည် အစိုးရ၏ ကျန်းမာရေးဆိုင်ရာမူဝါဒများ အလျင်အမြန်ရွေ့လျားရန် တွန်းအားပေးနေသည်။
ရဲနောင်၊ ယမင်း၊ ဇွဲဉာဏ်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၅)

လူနာများ နှစ်ဆတိုးလာသော်လည်း
Reviewed by သစ်ထူးလွင်
on
16:06
Rating: