သူ၏အစိုးရသည် ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်ရမည်ဟု သမ္မတဦးသိန်းစိန် ကြွေးကြော်ခဲ့သည်မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်ပြီဖြစ်သည်။
အစိုးရသစ်က သူကြွေးကြော်ထားသည့် ကတိက၀တ်များအတိုင်း သုံးနှစ်တာကာလအတွင်း မည်မျှလုပ်ဆောင်နိုင်ခဲ့ပါသလဲ။
ဦးသိန်းစိန် အရပ်ဝတ်လဲပြီး သမ္မတအဖြစ် တာဝန်ယူခဲ့သည့် သုံးနှစ်တာကာလအတွင်းတွင်တော့ တိုးတက်မှုက အနည်းငယ်ရှိခဲ့သည်။ ၂၀၁၁ က ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု တတိယအများဆုံးနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ခံခဲ့ရသော်လည်း ဒုတိယနှစ်ဖြစ်သည့် ၂၀၁၂ ခုနှစ်တွင် ညွှန်းကိန်းများက အဆင့်ငါးနေရာသို့ တက်လာခဲ့ပြီး တတိယနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် အဆင့် ၂၀ သို့ ထိုးတက်လာခဲ့သည်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ဒေသတွင်းနိုင်ငံများထဲတွင် အဂတိလိုက်စားမှု အများဆုံးနိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်နေဆဲပင်ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး၊ အဂတိလိုက်စားမှုများ၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေပြဿနာများ၊ နိုင်ငံအတွင်း ပြဿနာအရပ်ရပ်ဖြေရှင်းရာတွင် ယခင်အစိုးရနှင့်ကွာခြားမှုမှာ မျက်နှာပန်းလှသည့် ကိန်းဂဏန်းများ အစိုးရလက်ဝယ် ရရှိလာခြင်းပင်ဖြစ်သည်။
အစိုးရသည် ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရဟု ကြွေးကြော်ခဲ့သော်လည်း လက်တွေ့တွင် ကြွေးကြော်သံအတိုင်း အကျင့်ပျက်ခြစားမှုများကို အောင်မြင်အောင် မတိုက်ဖျက်နိုင်ခဲ့ကြောင်း သီပေါမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သုံးနှစ်သားအစိုးရပေါ် သူ၏အမြင်ကိုပြောသည်။
‘‘အဲဒီလို ဘာကြောင့်ဖြစ်သလဲဆိုတော့ အောက်မှာဘာတွေဖြစ်နေသလဲဆိုတာကို မသိဘူး။ နောက်ပြီး ဗဟိုအစိုးရကိုယ်တိုင် စံပြအနေနဲ့ မရပ်တည်ခဲ့ဘူး။ ဒါတွေဟာ အပြောင်းအလဲတွေ မထိရောက်တာနဲ့ ဆက်စပ်နေတယ်’’ဟု ဦးရဲထွန်းကပြောသည်။
ဦးသိန်းစိန် အရပ်ဝတ်မလဲမီ သုံးနှစ်အလို ၂၀၀၈၊ ၂၀၀၉ နှင့် ၂၀၁၀ နှစ်များတွင် မြန်မာသည် ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှု အဆိုးဆုံးသောသုံးနိုင်ငံ စာရင်းဝင်ခဲ့သည်။ ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများအဖြစ် ပင်လယ်ဓားပြများစံပျော်ရာ ဆိုမာလီယာ၊ တာလီဘန်များ၏အရိပ်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေရသည့် အာဖဂန်နစ္စတန်တို့နှင့်အတူ မြန်မာနိုင်ငံတို့က ရပ်တည်နေခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟု ကြွေးကြော်သံများကြားမှ သမ္မတက ကျပ်ငွေသုံးသိန်းအထိ လက်ဆောင်ပစ္စည်းရယူခွင့်ကို ၀န်ကြီးဌာနများကို ခွင့်ပြုခဲ့သည်။
အဆိုပါပမာဏသည် အစိုးရ၀န်ထမ်း လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး တစ်လရရှိသည့်လစာ၏ နှစ်ဆခန့်ဖြစ်ပြီး အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူးရရှိသည့် တစ်လတာ လစာနှစ်သိန်းထက်လည်းများသည့် ပမာဏဖြစ်သည်။
‘‘ရန်ကုန်မှာတော့ ဘယ်လိုလဲတော့မသိဘူး။ နယ်တွေမှာ ငွေမပါရင်မပြီးဘူး။ နည်းနည်းကုန်တာနဲ့ များများကုန်တာပဲကွာတယ်’’ဟု ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်းမှ ရပ်မိရပ်ဖတစ်ဦးကပြောသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလအတွင်းက ဆက်သွယ်ရေးဝန်ကြီးနှင့် အရာရှိ ၂၀ ကျော်၊ အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၁၆ ဦးတို့အား အရေးယူခဲ့ခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရဌာနများအတွင်း လာဘ်ပေး၊ လာဘ်ယူ တိုက်ဖျက်ရေးအတွက် အထင်ရှားဆုံး တပ်လှန့်မှုတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း ၎င်းတို့အား ဌာနပြောင်းရွှေ့ခြင်း၊ ရာထူးလျှော့ချခြင်းနှင့် မယူမနေရ အငြိမ်းစားပေး အရေးယူခြင်းတို့သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရင်ဆိုင်ခဲ့ရသည်။
‘‘လာဘ်စားခဲ့တဲ့ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းတဲ့အထိ လုပ်ပစ်ဖို့လိုတယ်။ အဲဒါမှ ရာထူးကပြုတ်လည်း ဘာဖြစ်လဲ ဘ၀ဖူလုံသွားရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးမရှိမှ လာဘ်ပေး၊ လာဘ်ယူပျောက်မှာ’’ဟု အစိုးရ၏ အဂတိတိုက်ဖျက်ရေးမူဝါဒအပေါ် ရခိုင်အမျိုးသားပါတီ၏ခေါင်းဆောင် ဦးအေးသာအောင်ကပြောသည်။
နှစ်ပေါင်း ၆၀ ကျော် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို အဆုံးသတ်ရန် အစိုးရသစ်က ကြိုးပမ်းနေသော်လည်း အောင်မြင်မှုမရသေးဘဲ အချို့နေရာများတွင် လက်နက်ကိုင်တိုက်ပွဲများပင် ပြန်လည်ဖြစ်ပွားနေခဲ့သည်။
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ရှိသည့်အနက် ၁၄ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရခဲ့သော်လည်း နှစ်ရက်လျှင်တစ်ကြိမ်နီးပါး တိုင်းပြည်၏ တစ်နေရာမဟုတ်တစ်နေရာတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
အဆိုးရွားဆုံးမှာ ဆယ်စုနှစ် နှစ်ခုနီးပါးကြာအောင် ထိန်းထားနိုင်ခဲ့သည့် မြန်မာပြည်မြောက်ပိုင်းမှ ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် (KIO/KIA) တို့နှင့် ဖြစ်ပွားသည့် တိုက်ပွဲများဖြစ်သည်။ အဆိုပါတိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်တစ်ခုတည်းမှ တပ်သားအင်အား ၅၀၀၀ နီးပါး ကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းများအကြောင်း အထူးပြုရေးသားသည့် အင်္ဂလန်အခြေစိုက် Jame's Defence Weekly က ခန့်မှန်းခဲ့သည်။
အစိုးရ၏ ဖုန်းကတ်ချထားပေးရေးစီမံချက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ကိုယ်ကျိုးအတွက် ရောင်းချသည်ဟု တိုင်ကြားခြင်း၊ သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သူများကိုပင် အစိုးရအရာရှိများက တရားစွဲဆိုခဲ့သည်။
နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှု နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြောင်း ဝေဖန်မှုများလည်းရှိသည်။
‘‘နဂိုကတည်းကလည်း ဒီလိုဖြစ်ရင် ဒီလိုပဲခံခဲ့ရတာလေ။ အခု နည်းနည်းပိုတာက ဒီလိုပြဿနာမျိုးလေးတွေ ရှိတယ်ဆိုတာကို မီဒီယာတွေမှာ နည်းနည်းရေးလို့ရတယ်။ သိသွားတယ်။ ဒီအဆင့်ပဲရှိတာပါ။ ဒီထက်ပိုတာမရှိပါဘူး’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်ကပြောသည်။
သမ္မတဦးသိန်းစိန်က သူ၏လက်ထက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၄၉)ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ၆၈,၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်ဟု သုံးနှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ထိုအထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဦးခွန်ထွန်းဦးကဲ့သို့သော လူသိများသည့် နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ခဲ့သည်။
သမ္မတက ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေမည့် Zero Level အစီအစဉ်ကို မြန်မာအစိုးရက ကြေညာခဲ့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသူများ စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင်များဆီသို့ ပို့ဆောင်ခံနေရဆဲဖြစ်ကြောင်းလည်း ဦးရဲအောင်ကပြောသည်။
အစိုးရသစ်လက်ထက်တွင် စစ်အစိုးရလက်ထက်ကဲ့သို့ စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင်များဆီသို့ ပို့ဆောင်ခံရသူများမှာ လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်သည်ဟု သံသယရှိသူများတင်မဟုတ်။ လယ်ယာမြေဆုံးရှုံးမှုအတွက် တောင်းဆိုနေကြသူများလည်း အပါအ၀င်ဖြစ်သည်။
လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည့် ထောင်သောင်းချီသည့် နိုင်ငံအနှံ့မှ တောင်သူလယ်သမားများ၏ လယ်မြေများ သိမ်းယူခံရသည့်ပြဿနာကို အစိုးရသစ်က သူ၏သက်တမ်းအတွင်း ပြေလည်အောင် ဖြေရှင်းပေးနိုင်မှုမရှိသေး။
‘‘ယခင်အစိုးရခေတ်ကာလများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံးနည်းလမ်းတွေကို ရှာဖွေဖြေရှင်းပေးလျက်ရှိပါတယ်’’ဟု သူ၏ ရာထူးလက်ခံသည့် သုံးနှစ်ပြည့်မိန့်ခွန်းတွင် သမ္မတက ပြောကြားခဲ့သည်။
သမ္မတညွှန်းဆိုသည့် ‘‘တရားမျှတမှုအတွက် အသင့်လျော်ဆုံးနည်းလမ်း’’တွင် လယ်ယာမြေသိမ်းယူသည်ဟု စွပ်စွဲခံရသည့် အစိုးရနှင့် နီးစပ်သူ၊ အစိုးရအရာရှိဟောင်း၊ တစ်ဦးတစ်ယောက်မျှ အရေးယူမခံခဲ့ရဘဲ လယ်သိမ်းခံ တောင်သူလယ်သမားများကိုသာ အကျဉ်းထောင်အတွင်းသို့ ပို့ဆောင်ခဲ့သည်။
‘‘မျှော်လင့်ချက်ကတော့ အကြွေးလက်ခုပ်တစ်ဖောင်ကြားက လည်ပင်းရှည်နေပြီး ထမင်းတစ်နပ်လျှော့စားပြီးတော့ စောင့်နေတာပဲ။ အခုထိတော့ ဘာမှမပြောင်းလဲသေးဘူး’’ဟု ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြိုနယ်၊ နှံကျိုးကျေးရွာမှ လယ်သမားကြီးဦးသိန်းအောင်၏ ကြေကွဲမှုစကားသံဖြစ်သည်။
စီးပွားရေးဆိုင်ရာမူဝါဒနှင့် ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတဦးသိန်းစိန်အစိုးရက ပြုလုပ်ခဲ့သည်။ သို့သော် အခြေခံလူတန်းစားအများစုမှာ စားရေး၊ နေရေး ငတ်မွတ်မှုအတွက် ညဉ်းတွားနေရဆဲ ဖြစ်သည်။ ထို့အတူ အလယ်လတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလှည့်လည်စီးဆင်းမှုမှာလည်း ကျပ်တည်းသထက် ကျပ်တည်းလာနေသည်။ ကိန်းဂဏန်းတိုးတက်မှုများသာ ပြသနိုင်ခဲ့သည်။ အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို သုံးသပ်ပြုပြင်ရန် အချိန်တစ်နှစ်သာ လိုတော့သည်။
‘‘၀င်ငွေကနည်းပြီး အသုံးစရိတ်က တက်တက်လာတော့ စီးပွားရေးက ရုန်းကန်ရတဲ့ အခြေအနေပါပဲ’’ဟု ဖားမားဖိုးရာဇာအထွေထွေဝန်ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းကပြောကြားသည်။
အစိုးရသက်တမ်းသုံးနှစ်အတွင်း တိုင်းပြည်၏ နှစ်စဉ်ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းကြားရှိနေသော်လည်း ပြည်သူတစ်ဦးချင်း၏ ၀င်ငွေတိုးတက်မှုမရှိပေ။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ၀င်ငွေ ၃၀ ရာခိုင်နှုန်း ပါဝင်သည်။
‘‘အလိုချင်ဆုံးကတော့ နောင်ရွေးကောက်ပွဲမှာ သူတို့တွေ ၀င်မပြိုင်ကြရင် အကောင်းဆုံးပါပဲ။ လွတ်လပ်တဲ့ရွေးကောက်ပွဲလုပ်ပေးပြီး နောက်ဆုတ်ပေးလိုက်ကြပါတော့ဗျာ’’ဟု ကုန်သည်ဦးစိုးလွင်ကပြောသည်။
ဦးသိန်းစိန်အစိုးရသစ် ၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူပြီးနောက် စီးပွားရေးနှင့်ပတ်သက်၍ မူဝါဒအပြောင်းအလဲနှင့် ဖြေလျှော့မှု များစွာပြုလုပ်ပြီး ပြိုလဲနေသော စီးပွားရေးကို နှိုးဆွမှုအစီအစဉ်များစွာပြုလုပ်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအပေါ် စီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်ချက်ကြီးမားခဲ့ကြသည်။
သို့သော် မျှော်လင့်ချက်များစွာသည် ၂ နှစ်နီးပါးအချိန်ကြာလာချိန်တွင် ‘‘များများမျှော်လင့်ချက်ထားသူ များများရှုံးတာပဲ’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကမ္ဘာက မြန်မာနိုင်ငံအား အခွင့်အလမ်း၊ အရင်းအမြစ်များစွာနှင့် နဂိုမူလအတိုင်းရှိနေပြီး အလားအလာအလွန်ကောင်းသော အပျိုစင်နိုင်ငံဟု တင်စားနေချိန်တွင် မြန်မာနိုင်ငံ၏စီးပွားရေးမှာ နာလန်မထူနိုင်ဘဲ ဆက်လက်ကျဆင်းနေသည်။
စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် ခိုင်မာတိကျသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သော်လည်း မျှော်မှန်းသလောက် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းမရှိပေ။
ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ‘‘Look (ကြည့်)၊ Listen (နားထောင်)၊ Learn (သင်ကြား)၊ Leave (ပြန်ထွက်သွား)တဲ့ အနေအထားမျိုး’’ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒေါက်တာမောင်မောင်လေးက ပြောကြားဖူးသည်။
‘‘သမ္မတကြီးက ပြုပြင်ပြောင်းလဲမှုတွေကို သူ့ဆန္ဒအရဆိုရင် အောင်မြင်တယ်။ ဘေးအမြင်နဲ့ကြည့်ရင်တော့ အပေါ်ပိုင်းလှုပ်ရှားမှုဟာ အောက်ပိုင်းကို သက်ရောက်မှုမရှိဘူး’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောကြားသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဥပဒေများစွာပြဋ္ဌာန်းပြီး ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့သော်လည်း အောက်ခြေအဆင့်ဆင့်တွင် လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းတွင် များစွာအားနည်းနေကြောင်း အထက်ပါပုဂ္ဂိုလ်ကရှင်းပြသည်။
အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုမှာ တိုးမြင့်လာသော်လည်း အားရကျေနပ်စရာ မကောင်းသေးကြောင်း စီးပွားရေးပညာရှင်အချို့က ပြောကြားသည်။ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၁ဒသမ ၄ ဘီလီယံ၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၃ဒသမ ၅ ဘီလီယံထိသာ တိုးမြင့်လာသည်။ တိုင်းပြည်တစ်ခုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ အထက်ပါပမာဏခန့် တိုးတက်မှုသည် အားရစရာမရှိသေးကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပုံစံမှာလည်း ယခင်က သယံဇာတထုတ်လုပ်ရေးနယ်ပယ်မှာသာရှိခဲ့ပြီး ယခုအစိုးရသစ်လက်ထက်တွင် ၀န်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တက်လာသည်။ ထို့အပြင် သစ်လုပ်ငန်း၊ အခွန်ကောက်စနစ်၊ အနိမ့်ဆုံးလုပ်ခသတ်မှတ်မည့်အခြေအနေ၊ အခြေခံအဆောက်အအုံများ စသည့်ယုံကြည်စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ဖြစ်ရန် ဖော်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသော (၃)နှစ်ပြည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားသည်။
‘‘ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတိုးတက်ဆုံးက ကုန်သွယ်ရေးပဲ’’ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
သို့သော်လည်း ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ လုပ်သားအခြေပြုလုပ်ငန်း များသော်လည်း လျှပ်စစ်မီးအခက်အခဲ၊ မြေဈေးကြီးမြင့်မှု၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မျှော်လင့်သလောက် ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုမရှိသေးကြောင်း စီးပွားရေးသမားများက ပြောကြားသည်။
‘‘နောက်ကျန်တဲ့ နှစ်ကာလအတွင်းကတော့ ဒီလိုပဲဆက်သွားရင် ဘာမှမျှော်လင့်လို့မရနိုင်ဘူး။ နိုင်ငံကောင်းကျိုးအတွက် ပြည်သူလူထုကောင်းကျိုးအတွက် ပြည်သူလူထုစားဝတ်နေရေးကို အဆင်ပြေအောင် လုပ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်’’ဟု အငှားယာဉ်မောင်း ဦးသောင်းစိုးကပြောသည်။
ခိုင်ထွန်း၊ ပြည်သိမ်း၊ မင်းဟိန်းကျော်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၅)
ကိန်းဂဏန်းများနှင့် သုံးနှစ်သား အစိုးရ
Reviewed by သစ်ထူးလွင်
on
16:45
Rating: