မော်လိုက်တွင် နှစ်ပေါင်း ၅၀ အတွင်း အပူချိန် အမြင့်ဆုံးစံချိန်ရောက်

ရန်ကုန်၊ ဧပြီ ၂၃

 တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေ့အပူချိန်များ မြင့်တက်ကာ အပူဒဏ် အန္တရာယ်ကို တွေ့ကြုံ နေရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့၌ နှစ်ပေါင်း ၅၀ အတွင်း အပူချိန်အမြင့် ဆုံး စံချိန်သစ်ကို ရောက်ရှိ မှတ်တမ်း ဝင်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၂၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

အမြင့်ဆုံး အပူချိန်စံချိန်သစ်ကို ဧပြီလ ၂၃ ရက်နေ့တွင် ၄၃ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ဖြင့် ရောက်ရှိခဲ့ပြီး အမြင့်ဆုံး အပူချိန် စံချိန်ဟောင်းမှာ ၂၀၁၃ ခုနှစ် တွင် ၄၃ ဒီဂရီစင်တီဂရိတ် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ အတွင်းကလည်း ကျောက်တော်၊ ကလေးဝနှင့် ညောင်ဦးမြို့တို့တွင် နှစ်ပေါင်း ၅၀ အတွင်း အပူချိန် အမြင့်ဆုံး စံချိန်သစ်သို့ ရောက်ရှိခဲ့ဖူးသည်။

လက်ရှိ အချိန်တွင် နေ့အပူချိန်များမှာ တဖြည်းဖြည်း မြင့်တက်နေပြီး အန္တရာယ်ရှိ အပူဒဏ်လွန်ကဲခြင်း (Heat Stroke) အခြေအနေကို ခံစားရခြင်းကြောင့် ဦးနှောက် သွေးကြောပြတ်ခြင်းနှင့် လေဖြတ်ခြင်း စသည်တို့ဖြစ်ကာ အသက်ဆုံးရှုံးနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ကချင်ပြည်နယ်ရှမ်း ပြည်နယ် မြောက်ပိုင်းတို့တွင် ၅ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပြီး နေ့အပူချိန်များ ဆက်လက် မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

The Voice Weekly


မော်လိုက်တွင် နှစ်ပေါင်း ၅၀ အတွင်း အပူချိန် အမြင့်ဆုံးစံချိန်ရောက်  မော်လိုက်တွင် နှစ်ပေါင်း ၅၀ အတွင်း အပူချိန် အမြင့်ဆုံးစံချိန်ရောက် Reviewed by သစ်ထူးလွင် on 16:25 Rating: 5
Powered by Blogger.