ရန်ကုန်၊ မတ် ၁၄
ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ထောက်ပံ့ငွေများကို သွားလာရေး ခက်ခဲသော ဝေးလံဒေသများသို့ လွှဲပြောင်းရာတွင် ကမ္ဘောဇဘဏ် လီမိတက်နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း UNFPA ဌာနေ ကိုယ်စားလှယ် Ms. Janet Jackson က ပြောကြားသည်။
ရန်ကုန်မြို့တော် Chatrium Hotel တွင် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သော သန်းခေါင်စာရင်း ကောက်ယူရေး ထောက်ပံ့ငွေများ လွှဲပြောင်းရေး UNFPA နှင့် ကမ္ဘောဇဘဏ် လီမိတက် သဘောတူ လက်မှတ် ရေးထိုးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူချိန်တွင် သွားလာရေး ခက်ခဲသော ဒေသများနှင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ရှိ စာရင်းကောက်၊ စာရင်းစစ် ၁၂၀,၀၀၀ ကျော်ကို ပေးအပ်မည့် UNFPA ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုဖြင့် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း Ms. Janet Jackson ပြောဆိုသည်။
သွားလာရေး ခက်ခဲသော ဒေသများတွင် ဘဏ်ခွဲများ မရှိသောကြောင့် မော်တော်ယာဉ်ဖြင့် သွားရောက်ပြီး ထောက်ပံ့ငွေ လွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ် လီမိတက် ဒါရိုက်တာ ဒေါ်နန်းခမ်းနောင်က ပြောကြားသည်။
“ဟိုမှာရှိတဲ့ ငွေလက်ခံတဲ့ ဒေသခံတွေမှာ Bank Account (ဘဏ်စာရင်း) မရှိရင်လည်း ငွေသားနဲ့ ထုတ်ပေးလို့ ရအောင် စီစဉ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ UNFPA နှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံး ကောက်ခံမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားသည်။
The Voice Weekly
ဝေးလံဒေသများ သန်းခေါင်စာရင်း ထောက်ပံ့ငွေ လွှဲပြောင်းရေး UNFPA နှင့် ကမ္ဘာဇဘဏ် ပူးပေါင်း ဆောင်ရွက်မည်
Reviewed by သစ်ထူးလွင်
on
16:07
Rating: