Brave Bar ကလပ်မှာ ရိုက်နှက်ခံရတဲ့ ဦးမျိုးဇော်သောင်း ၏ ရှင်းလင်းချက်

         (၁၈-၃-၂၀၁၄)ရက်နေ့ထုတ် သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပါရှိသော (၁၆-၃-၂၀၁၄) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ Brave Bar  ကလပ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ ထင်ယောင်ထင်မှား မဖြစ်စေရန် ကာယကံရှင် ကုမ္ပဏီ၏ ဝန်ထမ်း ဦးမျိုးဇော်သောင်းမှ ရှင်းလင်းဖော်ပြချက်


ကျွန်တော်သည် (၁၆-၃-၂၀၁၄)ရက်နေ့ နံနက် (၃းဝ၀)နာရီခန့်က မရမ်းကုန်းမြို့နယ်၊ Brave Bar  ကလပ်ရှေ့၌ ဦးအောင်မျိုးထွဋ်နှင့် အတူရှိနေစဉ် ယခင်က ရင်းနှီးကျွမ်းဝင်ခြင်း မရှိသော လူ(၅)ဦးမှ မည်သည့်အကြောင်းမျှ မရှိဘဲ ကျွန်တော်အား ဆဲဆိုပြီး ရိုက်နှက်ထိုးကြိတ် ကန်ကျောက်ခြင်း ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ ရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၂၉၄/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်၍ ယင်းတို့ (၅)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

အထက်ပါ (၁၈-၃-၂၀၁၄)ရက်နေ့ထုတ် သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပါရှိသော (၁၆-၃-၂၀၁၄)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ Brave Bar  ကလပ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်တော် ဦးမျိုးဇော်သောင်းသည် NAING Group  ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးသာ ဖြစ်ပါသည်။ ကုမ္ပဏီပိုင်ရှင်လည်း မဟုတ်ပါ။ NAING Group  ကုမ္ပဏီ၏ B.O.D  အဖွဲ့ဝင်လည်း မဟုတ်ပါ။

ကျွန်တော်အား ထိုးကြိတ်ရိုက်နှက် ကန်ကျောက်သူ (၅)ဦးအား ကျွန်တော်မသိပါ။ ယင်းဖြစ်စဉ်မှာ NAING Group  ကုမ္ပဏီနှင့်လည်း သက်ဆိုင်ပတ်သက်ခြင်း မရှိပါ။ ကျွန်တော်မှ ၄င်းတို့(၅)ဦး၏ ထိုးကြိတ် ရိုက်နှိပ်ခြင်းကို ခံရသူသာဖြစ်ပါသည်။ သတင်းစာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ဖော်ပြချက် များကို ကန့်ကွက်ခြင်းလည်း မဟုတ်ပါ။ သို့ရာတွင် NAING Group  ကုမ္ပဏီနှင့် B.O.D  အဖွဲ့ဝင်များ၏ အမည်ကောင်းဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အတွက် အများပြည်သူထင်ယောင် ထင်မှားမဖြစ်စေရန် ရိုးသားစွာ ရှင်းလင်းတင်ပြခြင်းသာ ဖြစ်ပါသည်။

             အထက်ပါဖြစ်စဉ်မှာ ကျွန်တော်၏ ကိုယ်ပိုင်အချိန်တွင် ပြင်ပ၌ ဖြစ်ပွားခဲ့သော ကျွန်တော်၏ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်၍ NAING Group  ကုမ္ပဏီနှင့် မည်သို့မျှပတ်သက်ခြင်းလည်းမရှိပါ။ ကျွန်တော်၏ အလုပ်ချိန်မှာ နေ့စဉ်နံနက်(၉းဝ၀) နာရီမှ ညနေ(၅းဝ၀)နာရီထိသာဖြစ်ပါသည်။ ဤကဲ့သို့ သတင်းစာအချို့နှင့် အင်တာနက်တွင် ဖော်ပြပါ ရှိသဖြင့် ကျွန်တော့်အား ကုမ္ပဏီမှ အရေးယူခံရဖွယ် ရှိနိုင်ပါသည်။

ယခုအခါ ရန်ကုန်မြို့တွင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ရမ်းကားမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျွန်တော်၏ ဖြစ်စဉ်တွင်လည်း သတင်းစာဖော်ပြချက်များမှာ ထိခိုက်နစ်နာသူ ကျွန်တော့်ကိုသာလျှင် ဂုဏ်သိက္ခာကျဆင်းစေပြီး ရမ်းကားသူတို့နှင့် ပတ်သက်၍ ဖော်ပြချက်များ မတွေ့ရှိရသဖြင့် များစွာ ဝမ်းနည်း ရပါသည်။

သို့ပါ၍ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများအား အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင် ရေးအတွက် သတင်းစာ၊ ဂျာနယ်များမှ လိုအပ်သလို ပံ့ပိုးကူညီ ရေးသား ဖော်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ် ပါသည်။

                                                             ဦးမျိုးဇော်သောင်း
                                                            ၁၂/သခန(နိုင်)ဝ၇၈၆၆၅
                                                           ကုမ္ပဏီဝန်ထမ်း၊ နိုင်ဂရု(ပ်)ကုမ္ပဏီ လီမိတက်

Brave Bar ကလပ်မှာ ရိုက်နှက်ခံရတဲ့ ဦးမျိုးဇော်သောင်း ၏ ရှင်းလင်းချက် Brave Bar  ကလပ်မှာ ရိုက်နှက်ခံရတဲ့ ဦးမျိုးဇော်သောင်း ၏ ရှင်းလင်းချက် Reviewed by သစ်ထူးလွင် on 03:11 Rating: 5
Powered by Blogger.