ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့် မြို့နယ်၊ ကန်ကြီးထောင့်မြို့၌ မတ်လ(၆)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ - အခန်း (၁၂)၊ပုဒ်မ(၄၃၆)ပြင်ဆင်ရေး ၊ ပုဒ်မ-၅၉(ဃ)ပြင်ဆင်ရေး ၊ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ဥပဒေများ ပယ်ဖျက်ပေးရေး ၊ ပုဒ်မ - ၅၉ (စ) ပယ်ဖျက်ရေးအတွက် ကန်ကြီးထောင့် မြို့မဈေးမှ စတင်ကာ ကန်ကြီးထောင့်မြို့ခံပြည်သူ နှစ်ရာကျော်တို့ကဆိုင်းဘုတ်များကိုင်ဆောင်ကာကြွေးကြော်သံများဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုကို ဦးတင်ဦး နှင့် ကိုစည်သူအောင် တို့မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မတ်လ(၃)ရက်နေ့တွင်ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းခြင်းခွင့်ပြုမိန့်အမှတ်စဉ်-(၁/၂၀၁၄)ဖြင့်ရရှိခဲ့ကာ ကန်ကြီးထောင့်မြို့နယ် မှ ရဲတပ်ဖွဲ့ဝင်(၃၀)ခန့်မှ လုံလောက်သော အင်အားများဖြင့် လုံခြုံရေးအတွက် လိုက်ပါကူညီစောင့်ရှောက် ပေးခဲ့ကြောင်း ကန်ကြီးထောင့်မြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။
”ယခုဆန္ဒထုတ်ဖော်မှုသည်ကန်ကြီးထောင့်မြို့သမိုင်းတွင်ပထမအကြိမ်ဆန္ဒထုတ်ဖော်တဲ့ပွဲလေးပါ။ဖွဲ့စည်းပုံအခြေခံဥပဒေသည်မှန်ကန်မှုရှိပြီးအဓိပါယ်ရှိရပါမယ်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်စေခြင်းသည်တစ်ဦးတစ်ယောက်တည်းအတွက်ပြင်ဆင်စေခြင်းမဟုတ်ပါဘူး။နောင်လာနောင်သားတွေကောင်းကျိုးအတွက်ပြင်ဆင်စေရခြင်းပါ။နိုင်ငံသားတိုင်းသမ္မတအဖြစ်ရွေးချယ်ပိုင်ခွင့်ရှိရမယ်လေ။လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင်နိုင်ငံသားဖြစ်မှသမ္မတရွေးချယ်ပိုင်ခွင့်ရှိရမည်ဆိုတဲ့အချက်ပါဝင်နေခြင်းသည်မည်သည့်နိုင်ငံ၏ဥပဒေတွင်မှမရှိခဲ့ပါ။လက်ရှိမြန်မာနိုင်ငံသမိုင်းတွင်လည်း၁၉၇၄ခုနှစ်ဖွဲ့စည်းပုံဥပဒေလက်ထက်တွင်လည်းသမ္မတဦးနေ၀င်းသည်ကနေဒါနိုင်ငံသူနှင့်လက်ထပ်ပြီးတိုင်းပြည်တာဝန်ကိုထမ်းဆောင်နိုင်ခဲ့သလိုအမေရိကန်နိုင်ငံသမ္မတအိုဘားမား၏အဖေသည်လည်းနိုင်ငံခြားသူနဲ့လက်ထက်ထားခဲ့ပေမယ့်တိုင်းပြည်၏သမ္မတဖြစ်ခွင့်ရှိနေသည့်အတွက်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၅၉(ဃ)နှင့်ပုဒ်မ၅၉(စ)တွင်ပါဝင်နေ သောအချက်များသည်ဥပေဒ၌ကန့်သတ်ထားသလိုဖြစ်နေသောကြောင့်ယခုကဲ့သို့ဆန္ဒထုတ်ဖော်ခဲ့ရခြင်းပါ။”ဟုဦးဆောင်ဆန္ဒထုတ်ဖော်သူ ကန်ကြီးထောင့်မြို့ခံ ဦးတင်ဦးက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင်ကန်ကြီးထောင့်မြို့မဈေးရှေ့မှစတင်ကာရွှေဘိုတန်းလမ်းမကြီးအတိုင်းစီတန်းလှည့်လည်ကာကန်ကြီးထောင့်မြိုံ့ရှိ ရုံးပေါင်းရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်မှုတွင် ပုဒ်မ(၄၃၆)ပြင်ဆင်ပေး --- ဒို့အရေး ၊ ပုဒ်မ-၅၉(ဃ)ပြင်ဆင်ပေး --- ဒို့အရေး ၊ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ဥပဒေများ ပယ်ဖျက်ပေး --- ဒို့အရေး ၊ ပုဒ်မ - ၅၉ (စ) ပယ်ဖျက်ပေး --- ဒို့အရေး အစရှိသည့်တို့အား ဆိုင်းဘုတ်များ ၊ ဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ရပ်တည်မှု ၊ ပြည်သူလူထုရဲ့ အသက်သွေးကြောဖြစ်တာကြောင့် ပြည်သူ့လိုအပ်ချက်အရ ပြင်ဆင်ပြောင်းလဲပေးဘို့ ပြောလာပြီ ၊ တောင်းဆိုလာပြီ ၊ ဆန္ဒထုတ်ဖော် လာပြီ ဆိုရင် အစိုးရတွေက ပြည်သူ့ဆန္ဒကို တလေးတစားဖြင့် ပြုလုပ်ဆောင်ရွက်ပေးရမှာလေ။”ဟု ပြောသည်။
ကိုတန်ခူး(ပုသိမ်) ၊ မတ်လ (၆)ရက်
BY THIT HTOO LWIN
ကန်ကြီးထောင့်မြို့ တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်
Reviewed by သစ်ထူးလွင်
on
19:31
Rating: