မြစ်ကြီးနား၊ မတ် ၁၀
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း မေခမြစ်ကမ်းဘေး လမ်းဖြစ်သော မံဝိန်း- ချီဖွေ ကားလမ်းအပိုင်း ရှငေါ်ရွာတွင် ရွှေတူးဖော်ရေး ကုမ္ပဏီများက စက်ယန္တရားများဖြင့် ရွှေတူးဖော်မှုကြောင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအပိုင် လမ်းနယ်များ ပျက်စီးလျက် ရှိကြောင်း ရှငေါ်ရွာ ဒေသခံများထံမှ သိရသည်။
ကုမ္ပဏီများက လမ်းနယ်များ အတွင်းသို့ ဝင်ရောက် ရွှေတူးဖော်မှုကြောင့် ကမ်းပါးယံများ ပြိုကျကာ ယခင်လမ်းနှင့် ရွှေတူးဖော်သည့် ကမ်းပါးယံမှာ ၂ ဖာလုံခန့် ကွာဝေးရာမှ ယခုအခါ လမ်းပုခုံးနှင့် ကားလမ်းအထိ သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ထိုသို့ လမ်းနယ်များတွင် ဝင်ရောက် တူးဖော်မှုကြောင့် ဝိုင်းမော်မြို့မှ မိုင်တိုင် ၁၇/ ၄ မှ မိုင်တိုင် ၁၈/ ၄ အထိ (၁ မိုင်ခန့်) မှာ မူလ လမ်းဟောင်း မရှိတော့ဘဲ အတွင်းဘက်တွင် လမ်းသစ်ဖောက်ထားကာ နောက်ထပ် မိုင်တိုင် ၁၃/ ၄ မှ မိုင်တိုင် ၁၄ (၄ ဖာလုံခန့်) အထိကိုလည်း ရွှေတူးဖော်နိုင်ရေး အတွက် ကုမ္ပဏီတစ်ခူက စီစဉ်လျက်ရှိကြောင်း ရှငေါ်ရွာ ဒေသခံများက ပြောကြားသည်။
“လက်ရှိ ကုမ္ပဏီတစ်ခုက ဒီလမ်းနယ် ၄ ဖာလုံလောက်ကို ရွှေတူးချင်တော့ လမ်းမကောင်းဘူး လမ်းအသစ် ဖောက်ပေးဖို့ ဒေသခံတွေက တောင်းဆို သဘောတူတယ် ဆိုတဲ့ ပုံစံနဲ့ ရွာသားတွေဆီမှာ လက်မှတ်ထိုးခိုင်းပြီး သူတို့က ဒီလမ်းကို တာဝန်ယူ ဖောက်ပေးမယ် ဆိုပြီး ဝန်ကြီးချုပ်ဆီကို စာတင်တယ်လို့ ကြားတယ်။ ဒီလမ်းနယ်မှာက ရွှေပိုရတာကိုး။ အရင်က ဒီလမ်းနယ် ပတ်ဝန်းကျင်မှာ ရှငေါ် အောက်ရွာနဲ့ အပေါ်ရွာ ဆိုပြီး ရှိတယ်။ လမ်းနယ်တွေမှာ ရွှေထွက်တော့ အဲဒီ ပတ်ဝန်းကျင်မှာ နေတဲ့ ဒေသခံတွေကို လျော်ကြေးတွေ ပေးပြီး လမ်းနယ်ကိုလည်း ရွှေတူးပစ်တာ ရှငေါ်အောက်ရွာ ဆိုတာလည်း ပျောက်သွားပြီ” ဟု အမည် မဖော်လိုသည့် ရှငေါ်ရွာသား တစ်ဦးက ဆိုသည်။
အဆိုပါ ရှငေါ်ကျေးရွာ အနီးတစ်ဝိုက်သည် ယခင်က ဝန်ထမ်းများ သွားလာရန် ခက်ခဲသည့် ဒေသများ ဖြစ်ခဲ့ပြီး ယင်းကဲ့သို့သော အခြေအနေများကို အခွင့်ကောင်း ယူ၍ ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်ခဲ့သည်များ ရှိသော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရွှေတူးဖော် လုပ်ငန်းများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက ပြောကြားသည်။
လက်ရှိတွင်လည်း ရှငေါ်ကျေးရွာ အနီးတစ်ဝိုက်နှင့် မေခမြစ်အတွင်း ရွှေတူးဖော် နေမှုများကို ဖမ်းဆီး အရေးယူနိုင်ရန် အတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်း ဆောင်ရွက်လျက် ရှိသည်မှာ ၃ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်း မံဝိန်း- ချီဖွေ လမ်းပိုင်းတွင် တရားဝင် ရွှေတူးဖော် လုပ်ကိုင်ခွင့် ရထားသည့် ကုမ္ပဏီ ငါးခုခန့်မှ ၂၀၁၀-၂၀၁၁ ခုနှစ်ခန့်မှ စတင်ကာ အစဉ်အဆက် ရွှေတူးဖော်ခဲ့သည်မှာ ယနေ့ချိန်ထိ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly
ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် လမ်းနယ်များ ပျက်စီးဟုဆို
Reviewed by သစ်ထူးလွင်
on
17:16
Rating: