ဧရာဝတီတိုင်းတွင် စစ်တပ်က တောင်သူ ၂၆ဦးကို အမှုဖွင့်


သာပေါင်း၊ မဇ္ဈိမ။              ။ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဂဠုန်းမင်းကျေးရွာ တောင်သူ ၂၆ဦးကို တပ်သိမ်းလယ်မြေပေါ်တွင် လယ်ဝင်ရိတ်သိမ်းသည်ဟုဆိုကာ ပိုင်နက်ကျူးလွန်မှုဖြင့် ပုသိမ်လေ့ကျင့်ရေး(၆)မှ သာပေါင်ရဲစခန်းတွင် ပ ၃၂/၂ဝ၁၄ ၊ ပုဒ်မ(၃၇၉) အရ မတ်လ ၂ဝရက်က တိုင်းတန်းထားသည်ဟု တိုင်ကြားခံရသည့် တောင်သူများက မဇ္ဈိမကို ပြောသည်။

“ကိုယ့်လယ်ကိုယ်ရိတ်တာကို အမှုဖွင့်ခံထားရတယ်။ စိုက်ပျိုးတုန်းကလည်း ပုဒ်မ၄၄၇၊  ပုဒ်မ၄၂၇ နဲ့ အမှုဖွင့်ခံရတယ်။ အခုရိတ်တော့လည်း ရဲစခန်းမှာ တိုင်ထားပြန်ပြီ။ ကျွန်တော်တို့ ကိုယ်စိုက်ထားတာ သူတို့ဝင်ရိတ်တာမျိုးလည်းမဟုတ်ဘူ။ လယ်ပိုင်ရှင်တွေကော ရိတ်ပေးတဲ့ သူတွေမှာ ကလေးတွေတောင်ပါတယ်”ဟု တိုင်ကြားခံရသူ  ဦးအာစိလတ်က မဇ္ဈိမကို ပြောသည်။

၁၉၉၇-၉၈ မြေလွတ်မြေရိုင်းဖော်ထုတ်ရန်နှင့် တပ်သက်သာချောင်ချိရေး အတွက် သိမ်းဆည်းထားခဲ့သည့် လယ်မြေဧက ၂ဝဝ နီးပါးထဲမှ လယ်မြေဧက ၉၆ ဧကပေါ်တွင် ရိတ်သိမ်းနေသည့် လယ်ပိုင်ရှင် ၈ဦးကို လေ့ကျင့်ရေး (၆)က အမှုဖွင့် တိုင်ကြားခဲ့သည်။

လွန်ခဲ့သည့် ၁၆နှစ်ခန့်က ပုသိမ်မြို့၊ လေ့ကျင့်ရေး(၆)၊ ပမ္မဝတီတပ်စခန်း (ဟိုင်းကြီး)နှင့် ခြေလျင်တပ် (၅၁)တို့က ဂဠုန်းမင်းကျေးရွာမှ လယ်မြေ ၁၉၃.၆၉ ဧကကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

“တစ်ရွာလုံးကို အမှုဖွင့်ထားခံရတယ်။ အခုလည်း ကိုယ်စိုက်ပျိုးတာ ပြန်ရိတ်လို့ ရဲစခန်းမှာ တိုင်ခံထားရတယ်။ ၂၈ ရက်နေ့ သာပေါင်မှာ သွားစစ်ခံရမယ်။ အလုပ်အကိုင်တွေလည်း ပျက်တယ်။ မတရားသိမ်းခံရတယ်။ အခုလည်း မတရားအမှုဖွင့်ခံထားရပြန်ပြီ”ဟု တောင်သူ ဦးကျော်အေးက ပြောသည်။

လယ်သမားများအား အမှတ်(၆)လေ့ကျင့်ရေးတပ်မှ ၅မှု၊ ပမ္မဝတီရေတပ်စခန်းမှ ၁မှုနှင့် ခြေလျင်တပ်(၅၁)မှ ၁မှုဖြင့် တရားစွဲဆိုထားသည်။

Written by  စည်သူမောင်မောင်

Mizzima - News in Burmese



ဧရာဝတီတိုင်းတွင် စစ်တပ်က တောင်သူ ၂၆ဦးကို အမှုဖွင့် ဧရာဝတီတိုင်းတွင် စစ်တပ်က တောင်သူ ၂၆ဦးကို အမှုဖွင့် Reviewed by သစ်ထူးလွင် on 16:16 Rating: 5
Powered by Blogger.