မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံဆင်သေပြင်ရွာတွင် မတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာ နေအိမ် ၁၀၆ လုံး ပြာကျသွားကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ လောင်းဒုံဆင်သေပြင်ရွာနေ ရော်ရှီးဒူလာနေအိမ်ရှိ မီးဖိုဆောင်မှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ချိန်သည် နေရှိန်ပြင်းချိန်၊ လေတိုက်ချိန်ဖြစ်၍ ကူးစက်လောင်ကျွမ်းမှု မြန်ဆန်သွားကြောင်း ရွာခံတစ်ဦးက ပြောကြားသည်။
မီးကို ညနေ ၅ နာရီကျော်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်ကျွမ်းရာတွင် ပါဝင်ခဲ့သည့် နေအိမ်အများစုမှာ ဓနိ၊ သက်ငယ်မိုး၊ ဝါးထရံကာ၊ ဝါးထရံခင်းနေအိမ် အများစုဖြစ်ပြီး နေအိမ်များ တစ်အိမ်နှင့်တစ်အိမ် ပူးကပ်စွာတည်ရှိနေ၍ မီးကူးစက်မှု ပိုမိုလွယ်ကူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
‘‘နေ့လယ် ၁ နာရီခွဲလောက်ကနေစပြီး လောင်ကျွမ်းခဲ့တာ ညနေ ၅ နာရီကျော်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးကတော့ ပေါ့ဆမီးဖြစ်ပါတယ်။ ရော်ရှီးဒူလာက အိမ်မှာ မရှိပါဘူး။ သူ့မိန်းမကိုပဲ စစ်ဆေးဖို့အတွက် စခန်းမှာ ထိန်းသိမ်းထားပါတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး’’ဟု လောင်းဒုံဆင်သေပြင်ကျေးရွာအနီးရှိ ကြိမ်ချောင်း တိုက်နယ်ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
မီးလောင်ကျွမ်းမှုကြောင့် ရော်ရှီးဒူလာ၏ အမျိုးသမီးကို ကြိမ်ချောင်းတိုက်နယ် ရဲစခန်းက (ပ) ၆/၂၀၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မောင်တောနယ်စပ်ဒေသတွင် မီးလောင်ကျွမ်းမှုများမှာ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
Author: မောင်ကံ
7DAY DAILY
လူနေအိမ်ခြေတစ်ရာကျော် မီးလောင်ဆုံးရှုံးခဲ့သည့် လောင်းဒုံဆင်သေပြင်ရွာကို မီးလောင်ပြီးနောက်တွေ့ရစဉ် ဓာတ်ပုံ−မောင်ကံ |
မောင်တောနယ်စပ်တွင် မီးလောင်မှုကြောင့် နေအိမ်တစ်ရာကျော်ပြာကျ
Reviewed by သစ်ထူးလွင်
on
21:07
Rating: