သန်းခေါင်စာရင်းကောက်ချိန် နယ်စပ်မှ ခိုးဝင်မှု မဖြစ်ရန် တပ်မတော်(ရေ)နှင့် နယ်ခြားစောင့်တပ်များ လုံခြုံရေးတိုးမြှင့်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူချိန် အတွင်း မြန်မာနိုင်ငံနှင့် ပင်လယ်နယ်နိမိတ်ချင်း ဆက်စပ်နေသည့် နိုင်ငံများမှ ခိုးဝင်မှုများ မဖြစ်စေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေး တိုးမြှင့်ထားသည့် အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်ခြားစောင့် တပ်ဖွဲ့များကလည်း  နယ်စပ်တစ်လျှောက် လုံခြုံရေး တိုးမြှင့် ထားကြောင်း နေပြည်တော် ရဲချုပ်ရုံးမှ သတင်းရရှိသည်။

‘‘ကာကွယ်ရေးရော ပြည်ထဲရေးကပါ စီမံချက်နဲ့ လုံခြုံရေး တိုးမြှင့် ထားတာပါ။ ရခိုင်ပြည်နယ်ကို အဓိကထားပြီး လုံခြုံရေး ယူထားတယ်လို့ သိရတယ်။ တပ်မတော် (ရေ)က ပင်လယ်ပြင်လုံခြုံရေး ယူသလို နယ်မြေခံ ရဲတပ်ရင်းတွေကလည်း နယ်စပ်နေရာတွေမှာ အင်အားတိုးပြီး စောင့်ကြပ်နေပါတယ်’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် စီမံရေးရာဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တပ်မတော်(ရေ)မှ မြန်မာ့ရေပိုင်နက်တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းဒေသများ၌  အဓိက စောင့်ကြပ်နေကြောင်း အတည်ပြုနိုင်သော်လည်း အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြောခွင့်မရှိကြောင်း ကျောက်ဖြူမြို့ နယ် ဓည၀တီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသား ၁၃၅ မျိုး စာရင်းထဲ ထည့်၍ ကောက်ယူမည်ကို ရခိုင်တိုင်းရင်းသားများ စိုးရိမ်နေကြပြီး ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်နေသည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်တွင် သန်းခေါင်စာရင်းကောက်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များအပြင် နယ်ခြားစောင့်တပ်ရင်းလေးခုမှ  ရဲအင်အား အလုံအလောက်ဖြင့် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ထို့အပြင် ယခုရက်ပိုင်းတွင် မောင်တောမြို့ ၌ နယ်ခြားစောင့်တပ်ရင်းတစ်ခု ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။

7DAY DAILY

Author: အောင်သစ်လွင်

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်သော သင်တန်းတွင် လုပ်အားပေးများ လမ်းညွှန်ချက် စာအုပ်ဖတ်နေစဉ် ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ

သန်းခေါင်စာရင်းကောက်ချိန် နယ်စပ်မှ ခိုးဝင်မှု မဖြစ်ရန် တပ်မတော်(ရေ)နှင့် နယ်ခြားစောင့်တပ်များ လုံခြုံရေးတိုးမြှင့် သန်းခေါင်စာရင်းကောက်ချိန် နယ်စပ်မှ ခိုးဝင်မှု မဖြစ်ရန် တပ်မတော်(ရေ)နှင့် နယ်ခြားစောင့်တပ်များ လုံခြုံရေးတိုးမြှင့် Reviewed by သစ်ထူးလွင် on 02:47 Rating: 5
Powered by Blogger.