လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော် နေပြည်တော် တပ်ကုန်းတွင် တားမြစ်ခံရ

အားသဲ၊ ရန်ကုန်၊ မတ်-၁၅

လက်ကျန်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ကြီးမြို့မှ ရန်ကုန်သို့ မတ် ၈ ရက်က စတင် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော်ဦးရက္ခ၀ံသ နေပြည်တော် တပ်ကုန်းသို့ မတ် ၁၄ရက်က ရောက်ရှိလာရာ ပျဉ်းမနားရဲမှူးကြီးနှင့် မြို့နယ်သံဃနာယကဆရာတော်များက ဖြတ်သန်းခွင့်မပြုနိုင်ဟုဆိုကာ တားဆီးခဲ့ကြောင်း ဆရာတော်ဦးရက္ခ၀ံသက မတ် ၁၅ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိစဉ် စံတော်ချိန်သို့ မိန့်ကြားခဲ့သည်။

" ဒီလ ၈ ရက်နေ့မှာ တောင်ကြီးမြို့ဗိုလ်ချုပ်ပန်းခြံက စလျှောက်တယ်။ တပ်ကုန်းကို ၁၄ရက် ညနေ ၄ နာရီလောက် အ၀င်မှာ ပျဉ်းမနားက ရဲမှူးကြီးရယ်၊မြို့ နယ်သံဃနာယကဆရာတော်တွေလာပြီး ဦးပဉ္စင်းကို
တံတားဦးကျောင်းကို ခေါ်သွားခဲ့တယ်။ ပျဉ်းမနားမြို့ကိုဖြတ်သန်းခွင့် မပေးဘူးဆိုပြီး ပြောတယ်။ အရှင်ဘုရားမှာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးပါတဲ့အတွက်ကြောင့် နေပြည်တော်မှာ မလိုလား အပ်တာတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် ဖြတ်ခွင့်မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါကြောင့် ပြန်လာခဲ့ရပါတယ် " ဟု ဆရာတော်က မိန့်ကြားသည်။

သံဃာတစ်ပါးအနေဖြင့် မေတ္တာပို့လမ်းလျှောက်သည်ကိုပင်တားဆီးလျှင် ဒီမိုကရေစီဖော်ဆောင်မှုကို မေးခွန်းထုတ်လိုကြောင်း၊ ထောင်တွင်းရှိနေ သောနိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သာမန်ရာဇ၀တ်ပြစ်မှုနှင့် အကျဉ်းသားများကိုပင်လွှတ်ပေးနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ဆက်လက်မရှိသင့်တော့ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားခဲ့သည်။

ဆရာတော်တားဆီးခံရခြင်းနှင့် ပတ်သက်၍ " ထုတ်ပယ်ခံရတဲ့ ဆရာမ ဒေါ်စိုးစိုးခိုင်တို့၊ ဒီမိုကရေစီလိုလားတဲ့သူတွေလာကြိုမယ်ဆိုပြီး သတင်းတွေ ထွက်နေတာကို ကြောက်လို့တားတယ်လို့ ကျွန်တော်ထင်ပါတယ်။
တောင်ကြီးမှာကလည်း ဒီမိုကရေစီလိုလားတဲ့သူတွေက ဆရာတော်ကို လာကြိုတာတွေရှိတာကိုး " ဟု ဆရာတော်နောက်လိုက်ပါလှုပ်ရှားသူ ဦးသန်းဆွေကပြောဆိုသည်။

ယခုကဲ့သို့ တားဆီးခံရသော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တားဆီးခံရခြင်း အကြောင်းကိုလည်း ယခုလအတွင်းတွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်း ပွဲလုပ်သွားမည်ဖြစ်ကြောင်း ဆရာတော်က စံတော်ချိန်သို့ မိန့်ကြားခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော် နေပြည်တော် တပ်ကုန်းတွင် တားမြစ်ခံရ လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော် နေပြည်တော် တပ်ကုန်းတွင် တားမြစ်ခံရ Reviewed by သစ်ထူးလွင် on 19:12 Rating: 5
Powered by Blogger.