အကျဉ်းသူများ၏ သားသမီးများ ပုသိမ် အကျဉ်းဦးစီးဌာန မူကြိုတွင် ပညာသင်ကြားခွင့်ရ


ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ရကအ ( ၄ ) နယ်မြေရှိ အကျဉ်းဦးစီး ဌာနဝင်းအတွင်း၌ အကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသူများ၏ သားသမီးများနှင့် အကျဉ်းဦးစီးဌာနမှ မိသားစု ဝင်များ၏ သားသမီးများ မူကြိုပညာရေး တက်ရောက်သင်ကြားနိုင်ရန်အတွက် The Bridge Life အမည်ရှိ မူကြိုကျောင်းအား ဖွင့်လှစ်သင်ကြား ပေးနေကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။

“အခုဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းက အကျယ်အဝန်းအားဖြင့် (၂၅ပေx၃၀ပေ) ကျယ်ဝန်းပြီး မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ဖွင့်လှစ်ခွင့်ရရှိခဲ့တဲ့ ကျောင်း တစ်ကျောင်း ဖြစ်ပါတယ်။ တက်ရောက်နေသောကျောင်းသား ကျောင်းသူ(၁၉)ဦးရှိပြီးတော့ ဆရာမကတော့(၃)ဦးရှိပါတယ်။ တက်ရောက်နေတဲ့ ကလေးတွေက အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျရောက်နေတဲ့ အကျဉ်းသူ(၅)ဦးရဲ့ ကလေး(၅)ယောက် ပြီးတော့ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတွေရဲ့ သားသမီးတွေ ပါပါမယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘက်က ပတ်ဝန်းကျင်က ကလေးငယ်တွေ ကျောင်းတက်နိုင်အောင် တိုးပြီးလက်ခံဖို့ ရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့ထောင်အတွက်ပင် မဟုတ်ပါဘူး။” ဟု ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုးက ပြောသည်။

အဆိုပါ ဖွင့်လှစ်ထားရှိသော The Bridge Life - မူကြိုကျောင်းအား အမေရိကန်နိုင်ငံသား အလှူရှင်မှ တည်ဆောက် လှူဒါန်းခဲ့ပြီး ဖေဖော်ဝါရီ (၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ပုသိမ်အကျဉ်းထောင် အတွင်းရှိ
အကျဉ်းသူများ၏ သားသမီးများနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများ စုစုပေါင်း (၁၉)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
“ယခုလိုဖွင့်ပေးတဲ့အတွက် အလှူရှင်နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကလေးတွေကို အဝတ်အစား၊ အစားအသောက်၊ ကျန်းမာရေး အစစအရာရာကိုလည်း ပံ့ပိုးပေးပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ သားသမီးတွေရဲ့ နောင်ရေးအတွက် ဒီလိုမျိုး စီစဉ်ပေးတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာမိ ပါတယ်။”ဟု ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူမိခင်တစ်ဦးက ပြောသည်။

ပုသိမ်မြို့ရှိ အကျဉ်းထောင်သည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၈၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး သမိုင်းဝင် အဆောက်အဦ နေရာတစ်ခုလည်း ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားရှိသော မူကြိုကျောင်းအတွက် အလှူရှင်များ ပေါ်ပေါက်ပါက ဘေးပတ်ဝန်းကျင်ရှိ ကလေးများကိုပါ လက်ခံသွားမည်ဖြစ်ပြီး မူကြိုကျောင်း ရေရှည်တည်တံ့ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အကျဉ်းဦးစီး တာဝန်ရှိသူထံက သိရသည်။

ကိုငြိမ်းသူ(ပုသိမ်)
BY THIT HTOO LWIN



အကျဉ်းသူများ၏ သားသမီးများ ပုသိမ် အကျဉ်းဦးစီးဌာန မူကြိုတွင် ပညာသင်ကြားခွင့်ရ အကျဉ်းသူများ၏ သားသမီးများ ပုသိမ် အကျဉ်းဦးစီးဌာန မူကြိုတွင် ပညာသင်ကြားခွင့်ရ Reviewed by သစ်ထူးလွင် on 20:10 Rating: 5
Powered by Blogger.