ထောင်သက် ၂၀ အလွန် မင်္ဂလာရှိသောတရားရုံးသို့


မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြီးနောက် ထင်ရှားသည့်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးတစ်ယောက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာပင် လူပျိုကြီးဘ၀ကို စွန့်လွတ်လိုက်ပါပြီ။

ယခုလ ၅ရက် နံနက်စောစောပိုင်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လူပျိုကြီးများထဲက တစ်ဦးဖြစ်သည့် အသက် (၅၃)နှစ် အရွယ် ဦးကိုကိုကြီးသည် သူ၏ချစ်သူ အသက် ၃၂ နှစ် အရွယ် မခင်သူသူဝင်းနှင့် ရန်ကုန်မြို့ တရားရုံးချုပ်၊ တိုင်းတရားသူကြီး ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။
         
တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ဖမ်းဆီးခံခဲ့ရ၍ ဦးကိုကိုကြီး၏ လူငယ်ဘ၀မှာ အကျဉ်းထောင်များအတွင်းသာ ကုန်ဆုံးခဲ့ရသည်။ သူတို့နှစ်ဦး၏ လက်မှတ်ရေးထိုးစာချုပ်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် လူပျိုကြီးဦးမင်းကိုနိုင်က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့ပြီး ဦးဂျင်မီ၊ ဦးပြုံးချိုနှင့် ဦးမြအေးတို့ပါ အဖော်လိုက်ပါပေးခဲ့ကြသည်။
         
ဦးကိုကိုကြီ၏ ဘ၀လက်တွဲဖော်ဖြစ်လာသည့် မခင်သူသူဝင်းသည် ၁၉၉၀ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့၍ အနိုင်ရရှိခဲ့သည့် ကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသိန်းဝင်း၏ သမီးအငယ်ဆုံးဖြစ်သည်။
         
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပထမဆုံးအကြိမ် ထောင်မှပြန်လွတ်လာသည့်ကာလတွင် ဒေါက်တာသိန်းဝင်းသည် ကင်ဆာရောဂါကုသရန်အတွက် မိသားစုနှင့်အတူ ရန်ကုန်မြို့သို့လာရောက်ခဲ့သည်။ ဦးကိုကိုကြီးတို့ ကျောင်းသားခေါင်းဆောင်များသည် ဒေါက်တာသိန်းဝင်းတို့မိသားစုကို လိုက်လံကူညီရင်းနှင့်ပင် မခင်သူသူဝင်းနှင့်
စတင်ရင်းနှီးခဲ့ရသည်။
         
ဒေါက်တာသိန်းဝင်း ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားပြီးနောက်ပိုင်း ၂၀၀၇  ရွှေဝါရောင်တော်လှန်ရေးကာလတွင် မခင်သူသူဝင်းသည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့သည်။ ဦးကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များလည်း စစ်အစိုးရ၏ ဖမ်းဆီးမှုဖြင့် အကျဉ်းထောင်အသီးသီးတွင် နေထိုင်ခဲ့ကြရသည်။ ခြောက်နှစ်ခွဲကျော် ကွဲကွာနေကြရာမှ ယခုအခါ ပြန်လည်ပေါင်းစည်းခဲ့ကြခြင်း ဖြစ်သည်။

‘‘နိုင်ငံရေးကို ဇောက်ချလုပ်နိုင်အောင် ပါရမီဖြည့်ဖက်တစ်ယောက် ရသွားတာပေါ့။ ကျွန်တော်တို့ ၀မ်းသာတယ်’’ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ၀မ်းပန်းတသာပင် မှတ်ချက်ပြုသည်။
         
ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကလည်း ‘‘နိုင်ငံရေးသမားတစ်ယောက်ကို နားလည်ပေးနိုင်တဲ့ ပါရမီဖြည့်ဖက် အင်မတန်ရှားတဲ့အထဲက တစ်ယောက်ရသွားတာပါ။ ခွဲခွာခဲ့ကြတဲ့ကာလတွေ ဘယ်လောက်ကြာပေမယ့် ဖူးစာမှန်လို့ ပေါင်းဖက်သွားကြရတာပါ’’ဟု ဦးကိုကိုကြီး၏ မင်္ဂလာနေ့သစ်အပေါ် ပီတိစကားဆိုလာသည်။
         
ဦးကိုကိုကြီးသည် ပြီးခဲ့သည့်နှစ်ကလည်း အမေရိကန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် ဇနီးလောင်းဖြစ်လာမည့် မခင်သူသူဝင်းနှင့် တွေ့ဆုံခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ပထမပတ်ကလည်း အမေရိကန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး မခင်သူသူဝင်းနှင့် ထပ်မံတွေ့ဆုံခဲ့သည်။ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဧရိယာတွင် မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ တွေ့ဆုံခဲ့သည့်အချိန်က မိတ်ဆွေများက  ဦးကိုကိုကြီး၏ မွေးနေ့ပွဲကို တစ်ပါတည်းကျင်းပပေးခဲ့သည်။ ထိုမွေးနေ့ပွဲတွင် ဦးကိုကိုကြီးက မခင်သူသူဝင်းအား မွေးနေ့ကိတ်မုန့်ခွံ့ကျွေးနေသည့် ဓာတ်ပုံတစ်ပုံ အွန်လိုင်းပေါ် ရောက်ရှိခဲ့ဖူးသည်။

ကေကျူ့(ခေါ်)ဦးကိုကိုကြီးကို တောင်ဥက္ကလာပမြို့တွင် ဦးသောင်းထွန်း၊ ဒေါ်ဝင်းကြည်တို့က မွေးဖွားခဲ့ပြီး မဘုတ်လေး(ခေါ်) မခင်သူသူဝင်းကို ဒေါက်တာသိန်းဝင်း(ကွယ်လွန်)နှင့် ဒေါ်ကြည်ကြည်မြင့်တို့က မွေးဖွားခဲ့ကာ လက်တွဲဖော်နှစ်ဦးစလုံးမှာ နိုင်ငံရေးနယ်ပယ်တွင် စိတ်တူကိုယ်တူလှုပ်ရှားသူများ ဖြစ်ကြသည်။
         
သူတို့နှစ်ဦး၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲဓာတ်ပုံများကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပ်ါတွင် များစွာပျံ့နှံ့ခဲ့ပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ၀မ်းပန်းတသာ မင်္ဂလာဆုတောင်းပေးခဲ့ကြသည်။ အိုအောင်၊ မင်းအောင် ပေါင်းဖက်နိုင်ကြပါစေကြောင်း၊ ချစ်ခင်နားလည်မှုရှိစွာဖြင့် တစ်ဦးအပေါ်တစ်ဦး ပေးဆပ်နိုင်ကြပါစေကြောင်း၊ နိုင်ငံအတွက် သားသမီးရတနာများကို မွေးဖွားလက်ဆင့်ကမ်းနိုင်ကြပါစေကြောင်း စသဖြင့် ဂုဏ်ယူစွာအားပေးခဲ့ကြသည်ကိုတွေ့ရသည်။
         
ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ‘‘ဦးကိုကိုကြီး ဒီတစ်ခါတက်တဲ့တရားရုံးကတော့ မင်္ဂလာအရှိဆုံးပါပဲ’’ ဟု မှတ်ချက်ပြုခဲ့သည်ကို တွေ့ရသည်။
         
ဦးကိုကိုကြီး၏ မိတ်ဆွေတစ်ဦးကလည်း ‘‘ကိုကိုကြီးလေးခမျာ ဘယ်တော့မှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မလွတ်တဲ့ထောင်ကျပါရောလား’’ဟု နောက်ပြောင်ခဲ့သည်။
         
ဦးကိုကိုကြီးသည် ၁၉၈၉ ဧပြီလတွင် စတင်ဖမ်းဆီးခြင်းခံရပြီး နှစ်လခန့် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ဒီဇင်ဘာ ၁၁ ရက် တွင် ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ၁၉၉၂ မတ် ၂၅ ရက်တွင် ထောင်ဒဏ်အနှစ်  ၂၀ ချမှတ်ခံရသည်။ ၁၉၉၉ အောက်တိုဘာ ၂၀ ရက်တွင် လွတ်မြောက်ကြောင်း အသိပေးခံရပြီးမှ ယင်းနေ့မှစ၍ ဆက်လက်ချုပ်နှောင်ခြင်းခံရပြန်သည်။   ၂၀၀၅ ခုနှစ် မတ်လတွင် ထောင်မှလွတ်မြောက်ခဲ့သည်။ ၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ နှစ်ဆန်းအထိ ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခုနှစ် ဇန်န၀ါရီတွင် ပြန်လည်လွတ်မြောက်ပြန်သည်။
         
၂၀၀၇ ခုနှစ် သြဂုတ် ၂၁ ရက်တွင် လောင်စာဆီဈေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် အခြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၂ ဦးနှင့်အတူ ဖမ်းဆီးခံရပြန်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် စစ်အစိုးရက ဦးကိုကိုကြီးကို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ဇန် န၀ါရီ ၁၃ ရက်တွင် ဦးကိုကိုကြီးအပါအ၀င် ကျောင်းသားခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် ဦးကိုကိုကြီးမှာ  ၁၉ နှစ်ခန့်အကြာ ထောင်အတွင်းဖြတ်သန်းခဲ့ရသည်။
         
၎င်းနှင့်ရင်းနှီးသည့် ဘလိုင်အောင်စိုးဟူသည့် မိတ်ဆွေတစ်ဦးကလည်း ဦးကိုကိုကြီးတို့ဓာတ်ပုံများကိုပြန်လည်မျှဝေကာ‘‘စဉ်းစားကြည့်တယ်။  ဒီအချိန်မှာ လက်ရှိအစိုးရက ကိုကိုကြီးကို အကြောင်းတစ်ခုခုပြပြီး ဖမ်းဆီးသွားရင် ကိုကိုကြီးတော်တော်စိတ်နာသွားမှာ  ကျိန်းသေတယ်။ ပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကိုလည်း ယုံကြည်သွားမှာ အမှန်ပဲ’’ ဟု နောက်ပြောင်မှတ်ချက်ပြုခဲ့သည်ကိုတွေ့ရသည်။
         
မခင်သူသူဝင်းသည် အမေရိကန်ဗီဇာမဲပေါက်ခဲ့၍ အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့သော်လည်း အမေရိကန်နိုင်ငံသားခံယူထားခြင်းမရှိဘဲ မြန်မာပတ်စ်ပို့ဖြင့်သာ နေထိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါ ဖေဖော်ဝါရီနောက်ဆုံးပတ်က မြန်မာနိုင်ငံသို့ အပြီးပိုင်ပြန်လာခဲ့ပြီး အမေရိကန်ဗီဇာကို အမေရိကန်နိုင်ငံသို့ အပြီးအပ်နှံခဲ့သည်။ သူသည် ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ တစ်လျှောက်လုံး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။
           
သူတို့ ဇနီးမောင်နှံသည် ယခုလ ၂၁ ရက်တွင် ကလေးမြို့ ၌ မင်္ဂလာပွဲတစ်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီ ပထမပတ်ခန့်၌ ရန်ကုန်မြို့တွင် မင်္ဂလာပွဲငယ်တစ်ခု ဆက်လက်ပြုလုပ်မည်ဟု ပြောသည်။

ကျောင်းသားခေါင်းဆောင် လူပျိုကြီးတစ်ဦးဖြစ်သည့် ဦးကိုကိုကြီး လက်တွဲဖော်ရသွားသည့်အပေါ် စိတ်ဝင်စားမှုများခဲ့ပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ လူမှုကွန်ရက်တွင် ဂုဏ်ယူသည့်မှတ်ချက်စကားများလည်း ပလူပျံခဲ့သည်။ တစ်ဆက်တည်းပင် ‘‘ကိုမင်းကိုနိုင်ကြီးကော ဘယ်တော့လဲ’’ ဟု စိတ်ဝင်တစား မေးမြန်းသူများပြားခဲ့သည်။

Author:
ဥက္ကာကိုကို
ရန်မျိုးနိုင်

7DAY DAILY

မတ်လ ၅ ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ ဦးကိုကိုကြီးနှင့် မခင်သူသူဝင်းတို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြစဉ် KYAW SWAR MYINTS FACEBOOK


ထောင်သက် ၂၀ အလွန် မင်္ဂလာရှိသောတရားရုံးသို့ ထောင်သက် ၂၀ အလွန် မင်္ဂလာရှိသောတရားရုံးသို့ Reviewed by သစ်ထူးလွင် on 11:36 Rating: 5
Powered by Blogger.