၂၀၁၅ တွင် အာဏာရကြံ့ခိုင်ရေးပါတီ အရေးနိမ့်မည်စိုး၍ ရွေးကောက်ပွဲဝင်ရန် တံဆိပ်နှင့်အလံများ ပြောင်းမည်မဟုတ်


    ငါတို့ကတော့ ဒီပါတီဘက်ကပဲ ရပ်တည်မယ်။ အခြားပါတီထောင်မှာလားဆိုတော့ သစ္စာတရား အခြေခံပြီးတော့ ရှုံးရင်လည်း ဒီပါတီနဲ့ရှုံးမယ်။ နိုင်ရင်လည်း ဒီပါတီနဲ့နိုင်မယ်။ ပါတီရဲ့လမ်းစဉ်မူဝါဒလည်း မှန်နေတာပဲ။ လူ့အကြိုက် လိုက်လုပ်တိုင်း ကောင်းတာမှမဟုတ်တာ . . .

၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံရွေး ကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်နိုင်မည်ဟု နိုင်ငံရေး သမားများနှင့် ပြည်သူအများစု ထင်ကြေးပေးခြင်း ခံထားရသော အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် မဲဆန္ဒရှင်များ၏ စိတ်အာရုံ လှည့်စားရန် ပါတီ ခြင်္သေ့တံဆိပ်၊ ပါတီအလံ များကို ပြောင်းလဲအသုံးပြုခြင်း လုံးဝပြုလုပ်မည်မဟုတ် ကြောင်း အာဏာရပါတီ၏ ထိပ် တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ   ဗိုလ်ချုပ်ခင်အောင်မြင့်(ငြိမ်း) (အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ) က မြန်မာသံတော်ဆင့်သို့ ပြောကြားလိုက်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကို မရှုမလှ ရှုံးနိမ့်ခဲ့ရပြီး နေပြည်တော် အပါအ၀င် မဲဆန္ဒနယ်မြေ အားလုံးနီးပါး လက်လွှတ် ဆုံးရှုံးလိုက်ရပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ၌ NLD မပါဘဲ အလွယ်တကူ အနိုင်ရရှိ ခဲ့ကြသည့် ပါတီ ဗဟိုကော်မတီဝင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့က ၂၀၁၅ ရွေးကောက်ပွဲတွင် မပါဝင်လိုတော့ကြောင်း၊ ပါတီ၏ ခြင်္သေ့တံဆိပ်နှင့် အလံတို့မှာ လူအများ မနှစ်သက်ကြောင်း ပေါ်လွင်၍ ၎င်းတံဆိပ်နှင့် အလံတို့ကို ပြောင်းလဲ သင့်ကြောင်း မထင် မရှား ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် လာခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင်များနှင့် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ပါတီ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်သော ယခင်တပ်မတော်အစိုးရ လက်ထက် ၀န်ကြီးများပါဝင်သည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပါတီထိပ် တန်း ခေါင်းဆောင် များ ၏ ကျေးဇူးမကင်းရာ မကင်းကြောင်း များ ဖြစ်နေကြခြ င်းကြောင့် ၎င်းတို့ အနေဖြင့်  ပါတီဗဟိုထိပ်ပိုင်းမှ မနှစ်သက်သည့် ဝေဖန်မှု များ ပြောဆိုမိကြမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။ ထို့အတွက်ကြောင့် NLD ပါတီ တန်ခိုး ထွားလာချိန်တွင်  ယခင်က ကြံ့ခိုင်ရေး အသင်းကြီးကို ဖျက်သိမ်း၍ ပါတီအသွင် ပြောင်း လိုက်မိခြင်းကိုလည်း နောင်တရနေ ကြသူများ အနေဖြင့် ပြည်သူများ လိုလားသော အခြေအနေ တစ်ရပ် ပြန်လည်ဖော်ဆောင် ရန် ၂၀၁၅ ရွေးကောက်ပွဲနီးချိန်တွင် အနိုင်ရနိုင်ရန် မည်သည့်ပြင်ဆင်မှု မျိုး ကောင်းနိုး ရာရာ စဉ်းစားလာကြခြင်း လည်း ဖြစ်သည်။

အာဏာရကြံ့ခိုင်ရေးပါတီ  ဗဟိုအတွင်းရေးမှူး တာဝန်ယူထားသည့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ငါတို့ကတော့ ဒီပါတီဘက်ကပဲ ရပ်တည်မယ်။ အခြားပါတီ ထောင်မှာလားဆိုတော့ သစ္စာတရား အခြေခံပြီးတော့ ရှုံးရင်လည်း ဒီပါတီနဲ့ရှုံးမယ်။ နိုင်ရင်လည်း ဒီပါတီနဲ့နိုင်မယ်။ ပါတီရဲ့ လမ်းစဉ် မူဝါဒလည်း မှန်နေတာပဲ။ လူ့အကြိုက်လိုက်လုပ်တိုင်း ကောင်းတာမှ မဟုတ်တာ။ စနစ်တွေကလည်း ပြောင်းပြောင်းလာတယ်။ နောက်ဆုံးမှာ Mix ဖြစ်လာတာပဲ။ အကုန်လုံးကရော လာတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်သူများထောက်ခံမှု ရလို၍ ခြင်္သေ့တံဆိပ်၊ အလံများကို အရောင်မှစ၍ မည်သည့်အရာမျှပြောင်းလဲခြင်း ပြုမည်မဟုတ်ကြောင်းလည်း ဦးခင်အောင်မြင့်က ထပ်မံ ပြောကြားသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပြည်သူများ၏ ထောက်ခံမှု ကျဆင်းနေသော အာဏာရ ကြံ့ခိုင်ရေး ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရှုံးနိမ့်မည်ဟု ထင်ကြေးပေးနေကြခြင်းအပေါ် အစိုးရနှင့် ပါတီဥက္ကဋ္ဌ များအား သြဇာလွှမ်းမိုးလျက်ရှိသည့် ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ရွေးကောက်ပွဲအတွက် ပါတီတွင် အစီအမံများစွာရှိကြောင်း၊  ပြည်ခိုင်ဖြိုး အကြောင်း မသိကြကြောင်း၊ ဘေးမှခန့်မှန်း နေကြတာ ဖြစ်ကြောင်း၊ ပါတီက တပ်မတော်ကြောင့် ပေါက်ဖွားလာတာဖြစ်ကြောင်း၊ တပ်မတော်မှ မွေးဖွားလာခြင်းလည်း ဖြစ်ကြောင်း၊ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိ ကြောင်း၊ လျှို့ဝှက်စရာ မရှိသော်လည်း အတိမ်အနက် ချည်နှောင်မှုကို ပြောဖို့ ခက်ကြောင်း ၂၀၁၃ ခုနှစ် နှောင်းပိုင်း မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံစဉ်က ထုတ်ဖော် ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်သော  ယခင်တပ်မတော် အစိုးရ လက်ထက် မြို့တော်ဝန်၊ ၀န်ကြီးဟောင်းများသာမက လက်ရှိပြည်ထောင်စုဝန်ကြီး အချို့၏ စည်းလွတ် ၀ါးလွတ် ပြောကြားမှုများကြောင့် ပါတီတွင် သြဇာကြီးသော ဗဟိုအတိုင်ပင်ခံများက ဆွေးနွေးဆုံးမ ဖြေရှင်း နေရမှုများ ရှိနေသည့်တိုင် ပြည်သူများ၏ ကြံ့ခိုင်ရေးအပေါ် အမြင်မကြည်လင်မှုများမှာ ရှိနေဆဲဖြစ်သည်။

ကြံ့ခိုင်ရေးပါတီတွင်  ထိပ်တန်း ခေါင်းဆောင်ပိုင်း၌ ပါဝင်ခဲ့သော တပ်မတော် အစိုးရလက်ထက် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုမှာ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ခြင်းကြောင့်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနေဖြင့် ပြိုင်ဘက်များ အပေါ် အနိုင်ရနိုင်မည့် နည်းလမ်းများ ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်လျက် ရှိနေကြသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လူထုထောက်ခံမှု အများဆုံးရထားသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ တာဝန်ပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးမှုအခိုင်အမာ တည်ဆောက်လျက်ရှိသည်။

MH-0011

Myanmartandawsint Newspaper


၂၀၁၅ တွင် အာဏာရကြံ့ခိုင်ရေးပါတီ အရေးနိမ့်မည်စိုး၍ ရွေးကောက်ပွဲဝင်ရန် တံဆိပ်နှင့်အလံများ ပြောင်းမည်မဟုတ် ၂၀၁၅ တွင် အာဏာရကြံ့ခိုင်ရေးပါတီ အရေးနိမ့်မည်စိုး၍ ရွေးကောက်ပွဲဝင်ရန် တံဆိပ်နှင့်အလံများ ပြောင်းမည်မဟုတ် Reviewed by သစ်ထူးလွင် on 17:57 Rating: 5
Powered by Blogger.