လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများအတွက် လျှပ်စစ်မီးရရန် စီစဉ်နေဟုဆို


ရန်ကုန်၊ မတ် ၁၀

အစိုးရသစ် တက်လာပြီးနောက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ရရှိရန်အတွက် လက်ရှိ လျှပ်စစ်ဓာတ်အား ရောက်ရှိနေသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများကို လျှပ်စစ်မီး ရရှိရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အရ ဘဏ်များထံမှ ငွေချေးယူ၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မကြာမီက စာတစ်စောင် ဝင်လာပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မွေးရေ၊ ကျေးလက်နဲ့ ပေါင်းပြီး ကျေးလက်အရောက် လျှပ်စစ်ဓာတ်အား ပို့ပေးဖို့ အစီအစဉ်ပါ” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အရှေ့ပိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ ဒေသအချို့တွင် လျှပ်စစ်မီး မရရှိသေးကြောင်း၊ နယ်စပ်ဒေသများတွင် တစ်ဖက်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်အထိ ပေး၍ ဝယ်ယူ သုံးစွဲနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်မူ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လုပ်ကိုင်ခွင့် ပေး၍ မူဆယ် ဒေသခံများသို့ လျှပ်စစ်မီး ပေးလျက် ရှိသည်ဟု ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီ မြို့နယ်ခွဲတွင်မူ လျှပ်စစ်မီး ရှိသော်လည်း တစ်ရက်လျှင် ပျမ်းမျှ သုံးနာရီခန့်သာ ရရှိကြောင်း ကျိန္တလီ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ ဦးကျော်စိုးလင်းက ဆိုသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ စာရင်းများ အရမူ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် မီးလင်းရေးအတွက် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၃၂၀၆ သန်း အကုန်အကျခံ ဆောက်ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စွမ်းအင်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံ ငါးနိုင်ငံထဲတွင် ပါဝင်ပြီး လျှပ်စစ်မီးရရှိမှု အနည်းဆုံး နိုင်ငံဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထုတ်ပြန်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာအရ သိရသည်။

The Voice Weekly


လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများအတွက် လျှပ်စစ်မီးရရန် စီစဉ်နေဟုဆို လျှပ်စစ်ဓာတ်အား ရောက်ရှိသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများအတွက် လျှပ်စစ်မီးရရန် စီစဉ်နေဟုဆို Reviewed by သစ်ထူးလွင် on 17:18 Rating: 5
Powered by Blogger.