ဘီလူးကျွန်းတွင် သင်ပုန်းကျောက် ရှားပါးခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်း ရပ်နားဖွယ်ရှိဟုဆို


မော်လမြိုင်၊ မတ် ၎

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ မုဒွန်းသင်ပုန်းတောင်မှ သင်ပုန်းကျောက် ထုတ်ယူနိုင်သည့် ကျောက်သား ရှားပါးလာခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်းများ ရပ်နားဖွယ်ရာ ရှိကြောင်း ကျောက်သင်ပုန်း ပြုလုပ်သည့် လုပ်ငန်းရှင် ဦးလှခိုင်က ပြောကြားသည်။

ယခင်က မုဒွန်းသင်ပုန်းတောင်တွင် သင်ပုန်းကျောက် ထုတ်သည့် ကျောက်တွင်း ၆၀ ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် ကျောက်တွင်း သုံးတွင်းသာ ကျန်ရှိတော့ကြောင်းနှင့် မြို့ပေါ်ရှိ မူကြိုကျောင်းများနှင့် မူလတန်း ကျောင်းများကလည်း စာအုပ်များကိုသာ အသုံးပြုမှု များလာခြင်းတို့ကြောင့် ကျောက်သင်ပုန်း လုပ်ငန်းရှင်များ လျှော့နည်းလာပြီဟု ၎င်းကဆိုသည်။

ကျောက်သင်ပုန်းဖြင့် စာရေးခြင်းသည် ကျေးရွာစာသင်ကျောင်း အချို့တွင်သာ ကျန်ရှိတော့ပြီး ဈေးကွက် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်းများ ရပ်နားခဲ့ခြင်း ဖြစ်သည်ဟု မုဒွန်းကျေးရွာရှိ တူးမာ ကျောက်သင်ပုန်း လုပ်ငန်းရှင် ဒေါ်တူးမာက ပြောကြားသည်။

ကျောက်သင်ပုန်းတစ်ချပ် ထုတ်လုပ်ရန် ပထမအဆင့် အနေနှင့် ကျောက်တွင်းထဲမှ ကျောက်သားများကို တွင်းပေါ်သို့ သယ်ယူခြင်း၊ ကျောက်သားများကို အလွှာလိုက် ခွဲစိတ်ခြင်းများ ပြုလုပ်ရပြီး၊ ကျောင်းသုံး ကျောက်သင်ပုန်း အရွယ်အစား ရရှိစေရန် ကျောက်လှီးဓားဖြင့် အနားညှိ ဖြတ်တောက်ခြင်း၊ ကျောက်သား အထူအပါးအတွက် လက်ဖြင့် ရွေဘော်ထိုးခြင်း၊ ကော်ပတ်စက်ဖြင့် အချောသတ် ပွတ်တိုက်ခြင်း၊ ကျောက်သင်ပုန်းဘောင် တပ်ဆင်ခြင်းနှင့် ကျောက်သား ဆေးရောင်တင်ခြင်းများ ပြုလုပ်ရကြောင်း ၎င်းကရှင်းပြသည်။

“ကျောက်သား ရွေဘော်ထိုးတာက မိန်းကလေးတွေ များတယ်၊ အချပ် ၁၀၀ ရွေဘော်ထိုးနိုင်ရင် ပိုက်ဆံ ၂၅၀၀ ကျပ်ရတယ်။ အမျိုးသမီး တစ်ယောက်ကို တစ်နေ့ အချပ် ၁၅၀ လောက်တော့ပြီးတယ်။ အရင်ကဆို အချပ်တစ်ရာ ရွေဘော်ထိုးမှ ၁၂၀၀ လောက်ပဲရတယ်၊ နိုင်ငံခြားမှာ အလုပ်သွား လုပ်တဲ့သူ များလာလို့ အလုပ်သမားရှားပြီး လုပ်သားခ ဈေးတက်တယ်” ဟု ကျောက် ရွေဘော် အလုပ်သမား တစ်ဦးဖြစ်သည့် ဒေါ်ငွေစိန်က ပြောပြသည်။

မုဒွန်း ကျောက်သင်ပုန်းထွက်ရာ ဒေသတွင် ကျောက်သင်ပုန်း လုပ်ငန်းရှင် ၆၀ ရာခိုင်နှုန်း လုပ်ငန်း ရပ်ဆိုင်းသွားပြီ ဖြစ်သဖြင့် ဒေသခံ အလုပ်သမား များသည်လည်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှု များပြားလာခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ကျောက်သင်ပုန်း ထုတ်လုပ်ရန် ကုန်ကျစရိတ်သည် ပိုမိုမြင့်မား လာကြောင်း ဒေါ်တူးမာက ပြောဆိုသည်။

The Voice Weekly


ဘီလူးကျွန်းတွင် သင်ပုန်းကျောက် ရှားပါးခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်း ရပ်နားဖွယ်ရှိဟုဆို ဘီလူးကျွန်းတွင် သင်ပုန်းကျောက် ရှားပါးခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်း ရပ်နားဖွယ်ရှိဟုဆို Reviewed by သစ်ထူးလွင် on 17:57 Rating: 5
Powered by Blogger.