ဝိတိုရိယဆေးရုံနှင့် ပူးပေါင်းအဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ လာရောက်မှု၏ ၇၅% ကိုခွဲစိတ်ကုသမည်


ရန်ကုန် မဇ္ဈိမ။ ။ မြန်မာနိုင်ငံရှိ ဝိတိုရိယ ဆေးရုံနှင့် အမေရိကန်နိုင်ငံ Alliance for Smiles အဖွဲ့တို့ ပူးပေါင်း၍ နုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသရန် စီစဉ်ရာတွင် လာရောက်စာရင်းပေးသူ၏ ၇၅% နှုန်းကို ခွဲစိတ်ပေးမည်ဖြစ်သည်ဟု ဝိတိုရိယဆေးရုံက မတ်လ ၁ဝ ရက်တွင် ပြောကြားသည်။

မတ်လ ၁ဝ ရက် ဝိတိုရိယဆေးရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝိတိုရိဆေးရုံ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာအေးအေးစန်းက ပြောကြား သွားခြင်းဖြစ်သည်။

“၁ဝ ရက်အတွင်းမှာခွဲစိတ်ရမှာဖြစ်တဲ့အတွက် အစ်မတို့ ကုသနိုင်တဲ့ ၁၂ဝ ထဲက ရန်ကုန်နဲ့ အခြားတိုင်းဒေသကြီးတွေ က မျှပြီး ခေါ်ယူလိုက်ရတာဖြစ်တယ်”ဟု ဒေါက်တာအေးအေးစန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါခွဲစိတ်မှုကိုခံယူသည့် လူနာများကို ခွဲစိတ်ချိန်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများသာမက ခွဲစိတ်ပြီးနောက်ပိုင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဝိတိုရိယဆေးရုံသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ယင်းဆေးရုံ၏ အကြံပေးအရာရှိချုပ် ဒေါက်တာစိုးတင်က ပြောသည်။

ခွဲစိတ်မှုမအောင်မြင်ပါက လူနာများကျန်းမာရေး အာမခံချက်နှင့်ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာတွင် “ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေ ကုသမှာဖြစ်တဲ့အတွက် ရာနှုန်းပြည့်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါက်တာစိုးတင်က ဖြေကြားသည်။

အဆိုပါခွဲစိတ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် တို့မှ လူနာ ၁၂ဝ ကျော် လာရောက်ခဲ့ပြီး သွားလာရေးအတွက်မူ ဆရာတော် အရှင်ဆန္ဒဓိက၏ ရွှေပါရမီတောရမှ တာဝန်ယူပေးထားခြင်းဖြစ်သည်။

“ကျွန်တော့်သမီးကို ပြီးခဲ့တဲ့ နှစ် နှစ်က နယ်မှာ ပြည်ပ အဖွဲ့တစ်ခု လာရောက်ခွဲစိတ်ပြီးပါပြီ ထူးခြားမှုမရှိပါဘူး၊ အခုတိုက်နယ်ဆေးရုံက အကြောင်းကြားလာတဲ့အတွက် လာရောက်ခွဲစိတ်တာပါ”ဟု မုံရွာမြိ့နယ်မှ နုတ်ခမ်းကွဲ လာရောက်ခွဲစိတ်သူ ၆ နှစ်အရွယ် ကလေး၏ ဖခင်ဦးကြည်မြက မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံအတွင်းခွဲစိတ်ကုသမှု၏ ပထမအဆင့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက် ဆောင်ရွက်သွားရန်ရှိသည်ဟု Alliance for Smiles အဖွဲ့ခေါင်းဆောင် Mrs Tina Hollcroft က ဆိုသည်။

Mrs Tina Hollcroft ၏ ပြောကြားချက်အရ အဆိုပါ Alliance for Smiles အဖွဲ့သည် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖိရိက၊ အီဂျစ်နိုင်ငံများတွင် ခွဲစိတ်မှုပေါင်း တစ်ရာကျော်ဆောင်ရွက်ခဲ့ပြီး လူနာဦးရေ ၄ဝဝဝ ကျော်ကို ခွဲစိတ်အောင်မြင်ခဲ့ပြီးဖြစ်သည် ဟုဆိုသည်။

Written by ကေဇူး

Mizzima - News in Burmese


ဝိတိုရိယဆေးရုံနှင့် ပူးပေါင်းအဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ လာရောက်မှု၏ ၇၅% ကိုခွဲစိတ်ကုသမည် ဝိတိုရိယဆေးရုံနှင့် ပူးပေါင်းအဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ လာရောက်မှု၏ ၇၅% ကိုခွဲစိတ်ကုသမည် Reviewed by သစ်ထူးလွင် on 17:25 Rating: 5
Powered by Blogger.