တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ပိုင် ပင်လယ်ပြင်တွင် ငါးခိုးဖမ်းသည့် မြန်မာနိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းစက်လှေ နှစ်စီးကို တနင်္သာရီရေတပ်စခန်းဌာနချုပ်က မတ်လ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်းစုမြို့နယ်ပိုင် ဒုံးကျွန်း၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်တွင် မတ်လ ၇ ရက် ည ၉ နာရီခန့်က တပ်မတော်ရေမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာသည် ကမ်းဝေးငါးဖမ်းစက်လှေများ ငါးဖမ်းခွင့်တားမြစ်ထားသည့်နေရာဖြစ်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘တားမြစ်ထားတဲ့နေရာထဲ ၀င်လာပြီး ငါးဖမ်းတဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး အရေးယူသွားမှာပါ။ စက်လှေ နှစ်စီးနဲ့ ရေလုပ်သားတွေကို တပ်မတော်ရေကနေ လွှဲပြောင်းယူဖို့ စီစဉ်နေပါတယ်’’ဟု ၎င်းကပြောသည်။
တပ်မတော်ရေမှ ဖမ်းဆီးခဲ့သည့် ငါးဖမ်းစက်လှေနှစ်စီးမှာ အလျားပေ ၇၀ နှင့် ၇၃ ပေရှိ မြင်းကောင်ရေ ၂၈၀ အား ရှိသော ကမ်းဝေးငါးဖမ်းရေယာဉ်များဖြစ်ပြီး မြန်မာနိုင်ငံသားပိုင်ဖြစ်ကြောင်း သတင်းရရှိသည်။ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးထားသည့် ကမ်းဝေးငါးဖမ်းလိုင်စင် ကိုင်ဆောင်ထားပြီး တားမြစ်ထားသည့် ပင်လယ်ပြင်ဧရိယာထဲဝင်၍ ငါးဖမ်းသောကြောင့် စည်းကမ်းပျက်ရေယာဉ်အဖြစ် သတ်မှတ်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်ကလည်း အင်ဒိုနီးရှားနိုင်ငံသားပိုင် ငါးဖမ်းရေယာဉ် ငါးစီး မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်အတွင်း ခိုးဝင်၍ ငါးဖမ်းသောကြောင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်က ဖမ်းဆီးကာ မြိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
မြန်မာ့ပင်လယ်ရေပြင်တွင် ကမ်းရိုးတန်းမှ ၁၀ မိုင် အကွာအဝေးအတွင်းသို့ ကမ်းဝေးငါးဖမ်းရေယာဉ်များ ၀င်ရောက်ငါးဖမ်းခွင့် တားမြစ်ထားပြီး ဥပဒေချိုးဖောက်ပါက တပ်မတော်ရေက ဖမ်းဆီး၍ သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးလေ့ရှိသည်။
Author: အောင်သစ်လွင်
7day Daily
ဖမ်းမိသော စက်လှေတစ်စီး fb.com/Myanmar NAVY |
မြန်မာ့ပင်လယ်ပြင်တွင် ငါးခိုးဖမ်းသော နိုင်ငံသားပိုင်စက်လှေနှစ်စီး ဖမ်းမိ
Reviewed by သစ်ထူးလွင်
on
17:39
Rating: