ဘယ်သွားနေလဲ အမှန်တရား နဝဒေးတံတားကြီး သိပါတယ်


တပေါင်းလ၏လရောင်ကြောင့် သဲပွင့်များမှာ အရောင်တလက်လက် ရှိလှသည်။ တပေါင်းလနွေအရှိန်ကြောင့် ဧရာဝတီမြစ်ပြင်ကျယ်မှာ သုံးပုံတစ်ပုံခန့်သာ ရေရှိပြီး ကျန်နှစ်ပုံမှာ ရေးခန်းခြောက်နေေ သာကြောင့် သောင်ဖြစ်ထွန်း လျက်ရှိသည်။

ထိုအခြင်းအရာသည်ပင်လျှင် ပြည်မြို့၏ အလှတစ်ခုတွင်ပါဝင်နေပြီး ထိုနေရာသည်လည်း ချစ်သူစုံတွဲများ တီးတိုးပြောဆိုရာနေရာအဖြစ် အလိုအလျောက် ဖြစ်တည်နေကာ ညနေဆည်းဆာအချိန်တွင် ထိုကမ်းနားမှာ ချစ်သူစုံတွဲတို့နှင့် ပြည့် နေပါသည်။

ထိုဧရာဝတီမြစ်ပေါ်တွင် နဝဒေးတံတားကြီးမှာလည်း ခမ်းနားစွာတည်ရှိနေပြီး တံတားတိုင် အမှတ် ၆ မှသာ ရေစရှိသောကြောင့် တံတားအောက်မှာ လည်း ချစ်သူစုံတွဲတို့ ကွန်းခိုရာနေရာတစ်ခုအဖြစ် ပါဝင်လို့နေပါသည်။ သို့သော် လွန်ခဲ့သည့် ၁၁ လ ခန့်မှ စတင်၍ ထိုတံတားအောက် သဲသောင်ပြင်မှာ တဖြည်းဖြည်း ခြောက်ကပ်လို့ လာခဲ့ပါ သည်။

”အဲ့ဒီနေရာကို ဘယ်သူမှ မသွားရဲတော့ဘူး။ အရမ်းကြောက်ဖို့ကောင်းတဲ့ လူသတ်မှုတစ်ခုဖြစ်သွားတယ်” ဟု အသက် ၃၇နှစ် အရွယ် ပြည်မြို့ဒေသခံ ကိုမင်းမင်း က ပြောသည်။ ၎င်းပြောသောအမှုမှာ နဝဒေးတံတားအောက် အမှတ် ၃ တံတားတိုင်အောက်ခြေတွင် ဖြစ်ပွားခဲ့သောအမှုတစ်ခုဖြစ်ပြီး ထိုအမှုကြောင့် အပြစ်မဲ့သည့် အသက် ၂၂ အရွယ်လူငယ်တစ်ဦး သေဆုံးခဲ့ရသည်ဟု ကိုမင်းမင်းက ပြောသည်။

တပ်မတော်သား၃ဦး ပါဝင်ပတ်သက်နေသည်ဟု မြို့ခံများ၏ ထင်ကြေးပေးခြင်းလည်း ခံ ထားရသည့် အမှုလည်း ဖြစ်နေသည်။ အခင်းဖြစ်ပွားသည်မှ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သော်လည်း တရားခံ အား တစ်စုံတစ်ရာဖော်ထုတ်နိုင်ခြင်းမရှိသောကြောင့် လူ အများ စိတ်ဝင်စားဖွယ်ရာအမှုတစ်ခုဖြစ်လာခဲ့ သည်။ ယင်းအမှုအား ပြည်မြို့ အမှတ် ၂ ရဲစခန်းက ၂ဝ၁၃၏ အမှုအမှတ် ၂၃၉ ဖြင့် ပြစ်မှုဆိုင်ရာ ရာဇဝတ်မှု တစ်ခုအဖြစ် အမှုဖွင့်ထားသည်ဟုလည်း ပြည်မြို့ဒေသခံ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးထံမှ သိရသည်။

”စစ်တပ်က လူတွေပါနေတော့ မဖော်ရဲတာမျိုး ဖြစ်နေတာလား။ ကြာလာတော့ ကျွန်တော်တို့ ဒီလိုသံသယတွေရှိလာတယ်” ဟု ရှေ့နေဦးမြင့်အေးက သုံးသပ်ပြောဆို သည်။ သမီးရည်းစားစုံတွဲချိန်းတွေ့နေစဉ် ညီလေး မီးခြစ်ပါသလားဟုဆိုကာ စကားစပြောကာ ရန်ရှာ၍ထိုးကြိတ်သတ်ဖြတ်မှုကြောင့် အသက် ၂၂ အ ရွယ် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ ချစ်သူမှာလည်း ဆေးရုံသို့ ၁ဝ ရက်ကျော်တက်ရောက် ကုသရသည် အထိဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ မအိဇင်မိုး မှာ လည် ပင်းကို ညှစ်ထားစဉ် သေချင်ဟန်ဆောင်၍သာ အသက်ဘေးမှလွတ်မြောက် ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးအားအသေသတ်သည့်ပုံစံမျိုးဖြစ်သည်။

ကိုဇော်မင်းတို့ ချစ်သူနှစ်ဦး တံတားအောက်ခြေတွင် စကားထိုင်ပြောနေစဉ် နှစ်ဦးစလုံးအား အနောက်မှ လည်ပင်းအားသိုင်းဖက်ညှစ်သတ်ခဲ့ခြင်းမျိုးဖြစ်ပြီး မည်သူမည်ဝါ သဲသဲကွဲကွဲ မသိလိုက်ရသည့် ပုံစံမျိုးဖြစ်သည်။ ထို့နောက် ကိုဇော်မင်းဦးအားအဝေး တစ်နေရာသို့ ဆွဲခေါ်သွားသည့် ပုံစံမျိုးဖြစ်ပြီး အလောင်းအား ပြန်လည်တွေ့ရှိချိန်တွင် အခင်းဖြစ်ပွားရာနေရာနှင့် ကိုက်တစ်ရာခန့်ဝေးသော ရေစပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုဇော်မင်းဦး၏ မိသားစုဝင်များက ပြောသည်။

”ဒီဖြစ်စဉ်ကို အခုထိ မေ့လို့မရဘူး။ မနေ့တစ် နေ့ကလိုပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူ မအိ ဇင်မိုးက ပြောသည်။ အခင်းဖြစ်ပွားအပြီးတွင် ၎င်းမှာ အချိန်နည်းငယ် သတိလစ်သွားခဲ့ပြီး ပြန်လည်သတိရချိန်တွင် သူ၏ချစ်သူအား ရှာဖွေသော်လည်း မတွေ့သဖြင့်ကမ်းပေါ်သို့ ပြေးတက်ခဲ့သည်။ ထို့နောက်ကမ်းပေါ် တွင်တွေ့သော အမျိုး သမီးကြီးတစ်ဦးအား ပွေ့ဖက်ငိုကြွေးကာ ဖြစ်စဉ်ကို ပြောပြခဲ့သည်။ ၎င်းနောက် ထိုကမ်းနားနှင့်နီးသော ဆင်စုရပ်ကွက်မှလူအချို့ အားအကူညီတောင်း၍ တရားခံများအား ရှာဖွေခဲ့သည်။

လူအုပ်စု နှစ်စုခွဲ၍ နှစ်ဖက်ပိတ် ရှာဖွေခြင်းများ ပြုလုပ်ပြီးနောက် တံတားအလွန်ကိုင်းတောအတွင်းမှ လူသုံးဦးတွေ့ရှိခဲ့ပြီး တစ်ဦးမှာထွက်ပြေးသောကြောင့် ကျန်နှစ်ဦးအား စစ်ဆေးရာ တံတားတစ်ဖက်ကမ်းရှိ ခလရ (၇၅)မှ တပ်မတော်သားများဖြစ်နေသည်ဟု မြို့ခံများက ဆိုသည်။ ၎င်းတပ်မတော်သား ၂ ဦးအား စစ်ဆေးရန်အတွက် ရဲစခန်း သို့ ခေါ်ယူသွားရန် ပြုလုပ်နေစဉ်မှာပင် တပ်မတော်မှ ဗိုလ်ကြီး မင်းသူအောင်က လာရောက်ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည် ။

”တပ်ကဖြစ်နေတော့ ထုံးစံအတိုင်းပေါ့ လာခေါ်သွားတယ်။ ပြီးတော့စုနေတဲ့ လူစုကိုလည်း ဗိုလ်ကြီးက ခွဲခိုင်းလိုက်တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ ပြတ်ပြတ်သားသား မသိရသေးဘူး”ဟု မျက်မြင် ကြုံတွေ့ခဲ့ရသူ ကိုမင်းမင်းက ပြောသည်။ အစပထမပိုင်းတွင် တပ်မတော်သား ၃ ဦးကို စစ်အချုပ်ထောင်တွင် စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း အမှုဖြစ်ပြီး ခြောက်လအကြာတွင် ကာယကံရှင် မိသားစုဝင်များကို တိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ခေါ်တွေ့ပြီး ထိုသုံး ဦးမှာ အမှုကျူး လွန်သူများမဟုတ်ဟု ခေါ်ယူ ရှင်း လင်းခဲ့သည်ဟု ကာယကံရှင်က ဆိုသည်။ ”ဒါဆို ဘယ်သူသတ်သွားတာလဲ” မအိဇင်မိုး က မေးခွန်းထုတ်သည်။

လူတစ်ဦး အပြစ်မဲ့ သေဆုံးသွားရခြင်းနှင့် အမျိုးသမီးငယ်တစ်ဦး စိတ်ဒဏ်ရာဖြင့် နေထိုင်နေရသည့်အပေါ် ယခုကဲ့သို့ ဖြေရှင်းနည်းမျိုးဖြင့် လုံ လောက်ခြင်းမရှိဘဲ အချိန် ကာလကြာမြင့်နေခြင်းအ ပေါ်အာဏာပိုင် အဖွဲ့အစည်းအပေါ် ထောက်ပြစရာများ ဖြစ်လာခဲ့သည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော် မတီအ တွင်းရေးမှူး ဦးမြင့်ထွန်းက ”စစ်တပ်ထဲမှာ လူသတ်မှုဖြစ်နေရင် ဒါဟာ တပ်က ဆိုင်ပါတယ်။ ဒါပေမဲ့ အရပ်ဘက်နဲ့ နွယ်သွားရင်တော့ အရပ်ဘက်တရားရုံးမှာလည်း တာ ဝန်ရှိပါတယ်” ဟု ပြောသည်။ လူဆိုးအယောက် ၁ဝဝ အား မှားဖမ်းမိသော်လည်း ပြဿနာမဖြစ်နိုင်ပေမယ့် အပြစ်မရှိသူတစ်ဦး အား မှားယွင်းဖမ်းပြီဆိုပါက အပြစ်ကြီးေ ကြာင်း ၎င်းက ဆက်ပြောသည်။

”ဒီခေတ်မှာ တပ်မတော်က ဒီလို အပြစ်ကာ ကွယ်ပေးတာမျိုးကို လုပ်ဖို့ဆန္ဒမရှိဘူးလို့ သိထားပါ တယ်။ ဒါပေမဲ့လည်း လူထုအမြင်ရှင်းအောင်လုပ်ဖို့ လိုမယ်” ဟု သူ့အမြင် ကို ပြောသည်။ အမှန်တကယ် တပ်မတော်သားပါဝင်ပါက အပြစ်ပေးအရေးယူသည်မှာ စံနမူနာကောင်းတစ်ခု အဖြစ် သတ်မှတ်နိုင်ကြောင်း ပြည်မြို့ ပြည် သူ့လွှတ် တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

”တပ်ကလုပ်ခဲ့ရင်လည်း အရေးယူခံလိုက်ပါ။ ဒီလိုပဲ အရပ်သားဘက်က အပြစ်လုပ်ရင်လည်း အ ရေးယူလိုက်ပါ။ ဒါဟာ ကျွန်တော့်ဆန္ဒပဲ” ဟု ဦးဝင်းမြင့်က ဆို သည်။ ဒေသခံတို့က တပ်မတော်၊ လွှတ်တော်ကိုယ် စားလှယ်၊ ရဲ၊ ဒေသအာဏာပိုင်၊ မြို့မိမြို့ဖ စသည် တို့ကို ပူးပေါင်းပါဝင်သည့် စုံခုံအဖွဲ့တစ်ခုဖွဲ့၍ စစ် ဆေးစေ လိုကြကြောင်း တင်ပြအကြံပြုပေးခဲ့ကြသော်လည်း ယခုအချိန်အထိ လက်တွေ့အကောင်အ ထည်ပေါ်လာခြင်း မရှိသေးပေ။

အမှုနှင့်ပတ်သက်၍ စုံစမ်းအရေးယူမှု အခြေအနေကို ပထမနှစ်လအတွင်းက အမှတ် ၂ ရဲစခန်း စခန်းမှူးထံသို့ မအိဇင်မိုး၏ ဖခင်ဖြစ်သူ ဦးမြင့်ကိုက ဆက်သွယ်မေးမြန်းရာ အမှု ကို စီအိုင်ဒီထံလွှဲပေး လိုက်ပြီဖြ စ်ကြောင်း ပြောခဲ့ ဖူးသည်။

ထို့ကြောင့် စီအိုင်ဒီသို့ ဆက်သွယ် စုံစမ်းသော အခါ ”ဒီတပ်သားတွေ (သတ်တာ)သေချာတယ်။ သူ တို့ကို စွဲချက်တင်ထားတယ်။ တပ်ကလွှဲမပေးသေးလို့ စစ်လို့ မရသေး တာ” ဟု သာ ပြန်လည် ဖြေရှင်းခဲ့ကြောင်း ဦးမြင့်ကိုက ပြောပြသည်။

ပြစ်မှုကျူးလွန်ခဲ့သူများဟု ယူဆခံရသော တပ်သား ၃ ဦးအား စစ်ဆေးခံရန် တပ်မတော်မှ ခွင့်မပြု ခဲ့မှုကြောင့် ရဲလုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးနိုင်ခြင်းမရှိသေးသည်က အမှုမှန်ပေါ်ပေါက်ရေးအတွက် အဟန့်အ တားကြီးဖြစ်ေ နစေကြောင်းပြည်မြို့ ခံ ရှေ့နေ ဦးမြင့်အေးက ပြောသည်။

”စွပ်စွဲခံရသူတွေကို အခြားသူတွေနဲ့ယှဉ်ပြီး မျက်မြင်ရွေးခိုင်းတာမျိုး လုပ်ပေးရပေမယ့် ရဲနဲ့တပ် က အခုအချိန်အထိ မလုပ်ပေးသေးတာက စဉ်းစား စရာပဲ” ဟု ၎င်းက ဆိုသည်။ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူးကြီးဦးမြဝင်းကမူ ယခုအချိန်တွင် အမှုမှာ စစ်ဆေးဆဲဖြစ်၍ မှတ်ချက်မပြုလိုသေးကြောင်း၊ သို့ရာတွင် အမှုကွင်းဆက် များ ကို ခြေရာခံမိထားပြီဖြစ်ကြောင်းပြောသည်။

လက်ရှိတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်မြို့ရပ် မိရပ်ဖများ၊ နိုင်ငံရေးအသင်းအဖွဲ့များ ပူးပေါင်းကာ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ အစိုးရအာဏာပိုင်များထံတွင် စာတင်ခြင်းလုပ်ငန်း များလုပ်ဆောင်လျက်ရှိသည်။

အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့(CID)မှ တိုက် ရိုက်ကိုယ်တွယ်နေသလို အရပ်ဘက်တွင် ဖြစ်သွား သောကြောင့် ၎င်းတို့ ရဲတပ်ဖွဲ့တွင်လည်း တာဝန်ရှိ သည်ဟုဆိုကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူး ပေါင်းပါဝင်လုပ်ဆောင်နေကြောင်း ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဦးမြ ဝင်းက ပြောသည်။

”ဒီအမှုကို လုံးဝပိတ်သိမ်းသွားမှာမဟုတ်ပါဘူး။ အမှုမှန်ပေါ်သည်အထိ လုပ်ဆောင်သွားမှာပါ”ဟု ရဲမှူးကြီး ဦးမြဝင်းက ပြောသည်။ ယခုအမှုမှာ လူသတ်မှုဖြစ် သည့်အ တွက် ရာဇ ဝတ်မှုဖြစ်ကြောင်း၊ ယင်းအမှုကိုမှ ရဲက မဆောင်ရွက်ဘူးဆိုလျှင် ရဲတာဝန်မကျေဟု စွပ်စွဲ၍ရနိုင်ကြောင်း ရဲမှူးကြီးက ဆက်ပြောပြသည်။ စစ်တပ်အား မြို့ခံများ မှ ယုံမှား သံသယမဖြစ်စေရန်မှာ ကာယကံရှင်အမျိုးသမီး၏ ရှေ့ရေးအတွက်အမှုအား အမြန် ဆုံးဖော်ထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း ပြည်မြို့ဒေသခံ ကိုမင်းမင်း က ပြောသည်။

ပြည်မြို့ နဝဒေးတံတားအနီးတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ယင်းအမှုတွင် တပ်မတော်သား ၃ ဦး ပါဝင်ပတ်သက်နေ သည်ဟု ဝေဖန်သုံးသပ်မှုတို့ ရှိနေပါသည်။ သို့သော် ထိုတပ်သား ၃ ဦးကို ယခုအချိန်အထိ တရားရုံးတွင် ရုံးတင်စစ်ဆေးရန် အခွင့်မသာသေးပေ။ ထိုမျှသာမက ထိုတပ်သား ၃ ဦးကို ရာထူးနှင့်လဲကာ ကာကွယ်ပေး သွားမည်ဟု ဆိုသော တပ်မတော်အရာရှိများလည်း ရှိနေပြန်ရာ မေးခွန်းများသာရှိပြီး အဖြေမထွက်နိုင်သော ပုစ္ဆာတစ်ပုဒ်များ ဖြစ်နေပြီလားဟုသာ ဆိုရပေတော့မည်။

”ကောင်မလေးကိုလည်း တချို့က ယုံထင်ကြောင်ထင်တွေ ပြောကြတယ်။ စစ်တပ်ကိုပြောတာလည်း ရစရာကိုမရှိဘူး။ ဒါတွေ အဆုံးသတ်သွားဖို့ အတွက် အမှုမှန်ပေါ်သွားဖို့လိုနေပြီ” ဟု ကိုမင်းမင်းက ဆိုသည်။ ပြည်မြို့ တရားလွှတ်တော်ရှေ့နေ ဦးမြအေးက ရဲနှင့်တပ်မတော်က ယခု အချိန်ထိ မဖော်နိုင်သော သို့မဟုတ် မဖော်သေးသော တရားခံကိုသိသူမှာ နဝဒေးတံတားကြီးသာဖြစ်သဖြင့် သူဖော်မှသာ အမှု မှန်ပေါ်မည့်အနေအထားဟု သုံးသပ်သည်။”စစ်သားကပဲလုပ်လုပ်၊ အရပ် သား ကပဲ လုပ်လုပ် အမှုမှန်တော့ ပေါ်စေချင်တယ်။ နောင် ဒါမျိုး တွေလည်း ထပ်မဖြစ်စေချင်တော့ဘူး”ဟု ကာယကံရှင် မအိဇင်မိုးက ပြောသည်။

မင်းသုအောင် ၊ ဖိုးလပြည့်

Popular Myanmar News Journal



ဘယ်သွားနေလဲ အမှန်တရား နဝဒေးတံတားကြီး သိပါတယ် ဘယ်သွားနေလဲ အမှန်တရား နဝဒေးတံတားကြီး သိပါတယ် Reviewed by သစ်ထူးလွင် on 17:20 Rating: 5
Powered by Blogger.