အိန္ဒိယနိုင်ငံ မိုရေးမြို့ တွင် မတ်လ ၁၉ ရက်နံနက် ၈ နာရီမှ နေ့လယ် ၁ နာရီအထိ အရပ်ဘက်အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများက ဒေသဆိုင်ရာ အာဏာပိုင်များထံ ဆန္ဒပြမှုတစ်ခုကြောင့် နှစ်နိုင်ငံနယ်စပ်ဈေးများမှ ဈေးရောင်းဈေးဝယ်ပြုလုပ်နေသူများ အခက်တွေ့လျက်ရှိကြောင်း သတင်းရရှိသည်။
မိုရေးမြို့တွင် မတ်လ ၂၈ ရက်ညပိုင်းတွင် ကသည်းလက်နက်ကိုင်တစ်ဦးကို အိန္ဒိယစစ်တပ်က ဖမ်းဆီးမိခဲ့သည်။ ဖမ်းဆီးခံခဲ့ရသော ကသည်းလက်နက်ကိုင်တစ်ဦးသည် ကသည်းလူမျိုးမဟုတ်ဘဲ မိုရေးမြို့နေ ပြည်သူတစ်ဦးဖြစ်သည်ဟုဆိုကာ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ရာမှ ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် မိုရေးမြို့အတွင်း မြန်မာနိုင်ငံဘက်မှ နေ့စဉ် သွားရောက်ဈေးရောင်းဈေးဝယ်ပြုလုပ်နေသူများ မလာရောက်ရန် တစ်ဖက်ဆန္ဒပြသူများက တားမြစ်မှုများရှိခဲ့သည်ဟု နန့်ဖာလုံဈေးအတွင်းရှိ ကုန်သည်တစ်ဦးကပြောသည်။
‘‘မိုရေးမြို့မှာ ဒီနေ့ ကားတာယာတွေ မီးရှို့တာတွေလုပ်ပြီး ဆန္ဒပြမှုတွေလုပ်နေတယ်။ အဲဒီလိုလုပ်နေတာကို ဒီဘက်ကဒေသခံတွေက မသိတော့ တစ်ဖက်ကို ပုံမှန်အတိုင်း ဈေးရောင်းဈေးဝယ်တွေလုပ်တယ်။ အဲဒီအချိန်မှာ ဟိုဘက်က မလာဖို့တားမြစ်တာတွေရှိသလို လူတချို့ကိုလည်း ရိုက်နှက်တာတွေရှိပါတယ်။ နန့်ဖာလုံဈေး အရောင်းအဝယ်အခြေအနေကတော့ အိန္ဒိယသင်္ကြန်က မတ်လ ၁၅ ရက်ကနေ မတ်လ ၁၈ ရက်အထိဆိုတော့ ဒီနေ့မှ သင်္ကြန်ပြီးခါစ ဖြစ်တဲ့အတွက် အရောင်းအဝယ်ပါးပါတယ်’’ဟု တမူးလူငယ်ကွန်ရက်မှ ကိုအောင်သူချမ်းကပြောသည်။
တမူးနယ်စပ်မှတစ်ဆင့် မိုရေးမြို့သို့ ဈေးရောင်းဈေးဝယ်သွားသူများ၊ အလည်သွားရောက်သူများအား တစ်ရက်တာသွားလာခွင့် ပုံမှန်အတိုင်းပေးထားခဲ့သည်။ သို့သော် တစ်ဖက်နိုင်ငံသို့သွားမည်ဆိုပါက သတိထားသွားကြရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်ဟု တမူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Author: ကိုစိုင်း
7DAY DAILY
မိုရေးမြို့တစ်နေရာကိုတွေ့ရစဉ် ဓာတ်ပုံ − ကိုစိုင်း |
မိုရေးမြို့တွင် ဆန္ဒပြမှုများဖြစ်ပွားနေသဖြင့် နှစ်နိုင်ငံ အရောင်းအ၀ယ်များ အခက်တွေ့
Reviewed by သစ်ထူးလွင်
on
02:10
Rating: