ကား၊ ဆိုင်ကယ် သီးခြားခွဲလမ်းများတွင် စည်းကမ်းမဲ့မောင်းသူများကို မတ်လနောက်ဆုံးပတ်မှစ၍ ပြင်းထန်စွာ အရေးယူမည်


မန္တလေး၊ မတ် ၁၉

ဆိုင်ကယ်မြို့တော်အဖြစ် ပြောင်းလဲလာသော မန္တလေးခရိုင်အတွင်းတွင် မန္တလေး ကျုံးဘေးနှင့် အထင်ကရလမ်း များကို ဆိုင်ကယ်လမ်းနှင့် ကားလမ်း ခွဲခြားသတ်မှတ် ထားသော်လည်း စည်းကမ်းမဲ့ မောင်းနှင်နေကြသဖြင့် ယင်းသို့ စည်းကမ်းမဲ့ မောင်းနှင်သူများကို မတ်လ နောက်ဆုံးပတ်မှ စတင်၍ ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

မန္တလေးခရိုင် အတွင်းတွင် ကား၊ ဆိုင်ကယ်စီးရေ ခြောက်သိန်းကျော်အထိ တိုးပွားလာရာ လမ်းကျဉ်းမြောင်းခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်း များကြောင့် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ယင်းသို့ စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဆယ်တန်း စာမေးပွဲပြီးတာနဲ့ စလုပ်ဖို့ သက်ဆိုင်ရာ ဌာနအသီးသီးကို ညွန်ကြားထားတယ်။ လမ်းရဲ့ဘယ်ဘက် အခြမ်းကို ကားသွားဖို့လုပ်မယ်။ ဆိုင်ကယ် လုံးဝမမောင်းရဘူး။ အရင်က ဆိုင်ကယ် မမောင်းဖို့ လမ်းပေါ်မှာကို ဆိုင်ကယ်ရုပ်ကြီးဆွဲပြီး မမောင်းရကြောင်း သင်္ကေတ လုပ်ထားတယ်။ ဒါလည်း မောင်းနေတယ်။ အခု အဲ့ဒီဆွဲထားတဲ့ အရုပ်အပြင်ကို ဆိုင်ကယ် မမောင်းရလို့ စာထပ်ရေးဦးမယ်။ ဒါမှမောင်းရင်တော့ ပြင်းပြင်းထန်ထန်ကို အရေးယူမယ်” ဟု ဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။

စည်းကမ်းမဲ့ မောင်းနှင်သူများကို လိုင်စင်သိမ်းကာ ထိခိုက်ဒဏ်ရာ ရရှိပါက ဥပဒေအရ ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

မန္တလေးမြို့တော်တွင် နေ့စဉ် တိုးတက်များပြားလာသော ယာဉ်များကို ယာဉ်အန္တရာယ် မဖြစ်ရန် ကျုံးဘေးနှင့် အခြားအရေးကြီး နေရာများတွင် လမ်း၏ ဘယ်ဘက်အခြမ်းကို ကားလမ်း အဖြစ်နှင့် ညာဘက်အခြမ်းကို မော်တော် ဆိုင်ကယ်လမ်းအဖြစ် သတ်မှတ်ပေးထားသော် ယာဉ်မောင်းနှင်သူများမှာ လိုက်နာလေ့ မရှိဘဲ မောင်းနှင်မှု ရှိကြောင်း ၎င်းကပြောကြားသည်။
“၇၆ လမ်း၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၃၅ လမ်းတွေက ညနေပိုင်း ရုံးဆင်းချိန်နဲ့ မနက်ရုံးတက်ချိန်တွေမှာ ကားဆိုင်ကယ် အလွန်ကျပ်တယ်။ အခု သီးခြားလုပ်ပေးရင်တော့ ကောင်းတယ်။ နောက်တစ်ခုက လမ်းမကျပ်အောင် လုပ်မယ်ဆိုရင် ခုံးကျော်တံတားတွေ ပေါ်ကနေ ဆိုင်ကယ်တွေကို သွားလာခွင့် ပေးစေချင်တယ်။ လမ်းကျပ်နေရတဲ့ အကြောင်းထဲမှာ ခုံးကျော်တံတားကို ရှောင်သွားနေရတာ လည်းပါတယ်” ဟု အောင်မြေသာစံ မြို့နယ်နေ အသက် ၂၆ ဝန်းကျင်ရှိ ဦးအောင်ဖြိုးသန့်ကျော်က ဆိုသည်။

မန္တလေးခရိုင် ဆိုင်ကယ်နှင့် အခြားတိုက်မှု၊ ဆိုင်ကယ်နှင့် ကားတိုက်မှု ဆိုင်ကယ်ဆိုင်ကယ်ချင်း တိုက်မှုသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လအတွင်း ၆၁ မှုဖြစ်ပွားခဲ့သဖြင့် မတ်လနောက်ဆုံးပတ်မှ စတင်ပြီး ကျုံးဘေးလမ်းများနှင့် ၂၆ လမ်း၊ ၇၆ လမ်း၊ ၇၈ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်းတို့တွင် ဆိုင်ကယ်စီးရန်၊ ကားစီးရန်ဟူသော စာတန်းများ ရေးဆွဲရန် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနက ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ယင်းအပြင် မမောင်းရသော နေရာတွင် မောင်းနှင်သော ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူရန် အဆိုပါ သတ်မှတ်ထားသော နေရာများကို စောင့်ကြည့်ရန်အတွက် မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့သို့ ညွန်ကြားထားပြီ ဖြစ်ကြောင်း ဝန်ကြီးဦးကျော်ဆန်းက ထပ်လောင်းပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဒေသကြီး အတွင်းတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ယာဉ်အစီးရေ စုစုပေါင်း ၁၃၃,၀၀၀ ကျော်ရှိပြီး မန္တလေးခရိုင်တွင် ဆိုင်ကယ်နှင့် ကားစီးရေ စုစုပေါင်း ၆၉၀,၄၉၇ စီးရှိပြီး ဆိုင်ကယ်စီးရေ ၅၉၄,၆၆၆ စီးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်း ဇယားများအရ သိရှိရသည်။

The Voice Weekly


ကား၊ ဆိုင်ကယ် သီးခြားခွဲလမ်းများတွင် စည်းကမ်းမဲ့မောင်းသူများကို မတ်လနောက်ဆုံးပတ်မှစ၍ ပြင်းထန်စွာ အရေးယူမည် ကား၊ ဆိုင်ကယ် သီးခြားခွဲလမ်းများတွင် စည်းကမ်းမဲ့မောင်းသူများကို မတ်လနောက်ဆုံးပတ်မှစ၍ ပြင်းထန်စွာ အရေးယူမည် Reviewed by သစ်ထူးလွင် on 17:10 Rating: 5
Powered by Blogger.