မအူပင်မြို့နယ်တရားရုံးနှင့် ရွှေတောင်မှော်ရဲစခန်း တရားစီရင်ရေး ဘက်လိုက်မှုရှိဟု လွှတ်တော်ထောက်ပြ


ပုသိမ်၊ မတ် ၂

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တရားရုံးနှင့် ရွှေတောင်မှော်ရဲစခန်းသည် တရားဥပဒေကို မျက်ကွက်ပြုပြီး ငွေများတရားနိုင် ဘက်လိုက်စီစဉ်မှုရှိနေသည်ဟု ဖေဖော်ဝါရီ ၂၈ ရက် ဧရာဝတီတိုင်းလွှတ်တော် နဝမ အကြိမ်အစည်းအဝေးတွင် လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

တရားစီရင်ရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များ စိစစ်ရေးကော်မတီ ကော်မတီအဖွဲ့ဝင် ဗိုလ်ကြီးတင်မောင်ထွန်းက လွှတ်တော်သို့ တင်ပြဆွေးနွေး ရာတွင် “ဒု-ရဲအုပ်ဇော်လင်းမှာ မမှန်သက်သေခံ ထွက်ဆိုချက်များ ဖြစ်ပေါ်နေပါတယ်။ တရားခံကို ၂၃ ရက်နေ့ ၄း၄၅ မိနစ်မှာ ဖမ်းဆီးတယ်လို့ ပြောထားတယ်။ တရားခံကို ၂၂ ရက်နေ့မှဖမ်း ၂၃ ရက်မှာ မအူ ပင်စခန်းကိုပို့ခဲ့တာ ကော်မရှင်မှ စစ်ဆေးတွေ့ရှိရပါတယ်။ တရားခံကို အမှုမဖွင့်ရသေးခင် ဖမ်းဆီးပိုင်ခွင့် ရှိပါသလား။ တရားလိုမှတရားခံအား ငွေနှစ်သိန်း ညှိနှိုင်းကြောင်း သိရှိရပါတယ်။ ရဲနှစ်ဦးမှညှပ်ပြီး တရား ခံကို မင်းလက်မှတ်ထိုးပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ အမှုဖွင့်ချိန်မှ စတင် ပြီး တရားရုံးဆုံးဖြတ်ချက်ချသည်အထိ အားနည်းချက်များ ဖြစ်ပေါ်နေပါတယ်”ဟု ဆိုသည်။

ဧရာဝတီတိုင်းလွှတ်တော် တာဝန်ပေးချက်အရ မအူပင်မြို့နယ် ရွှေတောင်မှော်ရဲစခန်းမှ တရားဥပဒေကို မျက်ကွယ်ပြုပြီး ငွေများတရားနိုင် ဘက်လိုက်စီစဉ်မှုကိစ္စရပ်အား တရားစီရင်ရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုးတိုး တက်ရေးနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ခြောက်ဦးမှ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်မှ ၁၂ ရက်အထိ ကွင်းဆင်းလေ့လာစုံစမ်းမှု ပြုလုပ်ခဲ့ပြီး အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခဲ့အပြီး နဝမအကြိမ်အစည်းအဝေးအတွင်း အထက်ပါအ တိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း ဥပဒေရေးရာကော်မတီမှ ဦးပြုံးချိုကလည်း “ယေဘုယျဥပဒေနှင့် အထူးဥပဒေယှဉ်လာရင် အထူးဥပဒေနှင့်သာ အရေးယူသင့်ပါတယ်၊ ၂ဝ၁၂ ရေချိုငါးလုပ်ငန်းဥပဒေဖြင့်သာ အရေးယူပေးပါရန် တိုင်းဒေသကြီးလွှတ်တော်မှ ဆုံးဖြတ်ချက်ချပေးပါရန် တင်ပြအပ်ပါတယ်၊ ဧရာဝတီတိုင်းဒေသကြီး ရေချို ငါးလုပ်ငန်းနယ်နိမိတ်အတွင်း အငြင်းပွားသည့် တရားမဝင် ငါးဖမ်းလုပ်ငန်းအတွက် ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူရင် မသင့်ကြောင်း”ဟု လွှတ်တော်သို့ တင်ပြဆွေးနွေးသည်။

၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ဧရာဝတီတိုင်း မအူပင်မြို့နယ်မှ အင်းသားကြီးဦးမိုးကျော်ဆိုသူက တရားလိုပြုကာ ကိုမျိုးညွန့်ဆိုသူကို အင်းအတွင်း ဝင်ရောက်ငါးဖမ်းမှုဖြင့် ရွှေတောင်မှော်ရဲစခန်းတွင် အမှု ဖွင့် တိုင်တန်းခဲ့ရာ အဆိုပါအမှုကို မအူပင်မြို့နယ်တရားရုံးက ပုဒ်မ ၃၇၉ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး တရားခံအဖြစ် ပြစ်ဒဏ်ကျခံရသူ၏ ဆွေမျိုးများက ရဲ စခန်းနှင့် တရားရုံး၏ တရားစီရင်မှုအပေါ် ပြန်လည်စိစစ်သွားရန် တိုင်းလွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဥပဒေချုပ် ဦးချစ်ကိုကိုက လွှတ်တော်သို့ပြန်လည်တင်ပြဆွေး နွေးရာတွင် “အထူးဥပဒေနှင့် ယေဘုယျဥပဒေယှဉ်လာရင် အထူးဥပဒေဖြင့်သာ အရေးယူရန် ညွှန်ကြား ထားပြီး ဖြစ်ပါတယ်”ဟု ဆိုသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်းကလည်း လွှတ်တော် အဆုံးအဖြတ်အတိုင်းသာ လိုက်နာမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

စည်သူမောင်မောင်
Mizzima - News in Burmese


မအူပင်မြို့နယ်တရားရုံးနှင့် ရွှေတောင်မှော်ရဲစခန်း တရားစီရင်ရေး ဘက်လိုက်မှုရှိဟု လွှတ်တော်ထောက်ပြ မအူပင်မြို့နယ်တရားရုံးနှင့် ရွှေတောင်မှော်ရဲစခန်း တရားစီရင်ရေး ဘက်လိုက်မှုရှိဟု လွှတ်တော်ထောက်ပြ Reviewed by သစ်ထူးလွင် on 16:41 Rating: 5
Powered by Blogger.