ကာကွယ်ရေး ပစ္စည်းစက်ရုံ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ကို ဒေသခံများ စိုးရိမ်


ရန်ကုန်၊ မတ် ၂၂

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ၏ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟု ကြားသိရသဖြင့် သွားလာရေးနှင့် အလုပ်အကိုင်များ ထိခိုက်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံပိုင် မြေမှာ မြေဧက သုံးသောင်း ခြောက်ထောင်ကျော် ရှိရာ ယင်းဧရိယာတွင် မျှားပိုင်းကျေးရွာ အုပ်စုဝင် ရွာများဖြစ်သည့် မျှားပိုင်းကျေးရွာ၊ ထန်းပင်ချောင်း ကျေးရွာ၊ ခင်အေးကျေးရွာ၊ အုန်းပင်ရွာတို့ ပါဝင်ကြောင်း မျှားပိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်မည် ဆိုပါက ရွာသားများ အလုပ်အကိုင် ထိခိုက်နိုင်ပြီး အချိန်ကန့်သတ်မှု များကြောင့် သွားလာရေးပါ ကန့်သတ်သွားနိုင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပါက ပြန်လည် ရုပ်သိမ်းစေရန် ဆန္ဒပြမှုများနှင့် သမ္မတထံသို့ စာတင်တိုင်ကြား သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပုဒ်မ ၁၄၄ နှင့် ပတ်သက်၍ မည်သို့မျှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ တာဝန်ရှိသူများထံသို့မူ ဆက်သွယ်၍ မရခဲ့ပေ။

အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံသို့ “ဗိုလ်ချုပ်ကြီးဟောင်း၊ တရုတ် ညာရှင်နှင့် လက်ရှိကာ/ ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုစက်ရုံ” ဆောင်းပါး ရေးသားရန် တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက်အက် ဥပဒေဖြင့် Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း အပါအဝင် သတင်းထောက် လေးဦးကို ပခုက္ကူမြို့တွင် တရားစွဲဆိုထားသည်။

The Voice Weekly


ကာကွယ်ရေး ပစ္စည်းစက်ရုံ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ကို ဒေသခံများ စိုးရိမ် ကာကွယ်ရေး ပစ္စည်းစက်ရုံ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ကို ဒေသခံများ စိုးရိမ် Reviewed by သစ်ထူးလွင် on 09:28 Rating: 5
Powered by Blogger.