ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ဓနုဖြူမြို့နယ် ၊ ဓနုဖြူမြို့၊ကျိုက္ကလွန်ဗွန်း စေတီအနီး အရှေ့ဘက်ရှိ ဥမ္မာဒန္တီ ကမ်းခြေအား ၂၀၀၆ ခုနှစ်မှ စတင်၍ ယနေ့အချိန်ထိ ကူးတို့လှေ (၁၃) စီး နှင့် ဈေးဆိုင်ခန်း (၁၀) ဆိုင်တို့သည် နိုင်ငံတော်ကို အခွန်ပေးဆောင်ကာ လုပ်ကိုင်စားသောက်နေခဲ့ရာမှ ယခုနှစ်ရာသီတွင် ကမ်းခြေသာယာလှပ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဓနုဖြူ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ သောင်ပေါ်မှာ အနံ(၁၅)ပေ ၊ အလျား(၃၀)ပေ တစ်ကွက်လျှင် လေးသောင်းခွဲနှုန်းကောက်ခံခြင်း ၊ သောင်၌ တံတားထိုးလိုက်သည့်အပြင် တံတားထိပ်မှာ ဈေးရောင်းချနေသည့်အတွက် ကူးတို့လှေသမားများ နှင့် ဈေးဆိုင်ခန်းရှင်များ အခက်အခဲကြုံတွေ့နေရပြီးအနီးပတ်ဝန်းကျင်ကျေးရွာများသို့သွားလာရာတွင်အခက်အခဲများဖြင့်ရင်ဆိုင်ရမှုကြောင့် စိတ်အနှောင့်အယှက် များ ဖြစ်နေရကြောင်း ဒေသခံ ဦးလှတင်က ပြောသည်။
“ကျွန်တော်ဒီနေရာမှာ လုပ်ကိုင်ခွင့်ရအောင် လွန်ခဲ့သည့် လေးနှစ်မှ စတင်ကာ တစ်နှစ်ကို ခြောက်သိန်းကျပ် နိုင်ငံတော်ကို အခွန်ပေးဆောင်ပြီး လုပ်ခဲ့တယ်။ ထိုသို့ပေးဆောင်ခဲ့ရသော်လည်းတစ်နှစ်လျှင်လေး / ငါးလ သာ လုပ်ခဲ့ရပေမယ့်မိသားစု စားဝတ်နေရေး နှင့် မိမိတို့ရဲ့ သားသမီးများ၏ ပညာရေး ၊ ကျန်းမာရေးကဏ္ဍများ ဆောင်ရွက်ရာတွင်လည်း အဆင်ပြေခဲ့တယ်။ ဒါပေမယ့် ဒီနှစ် ဇန်န၀ါရီလအတွင်းက သောင်နဲ့ ကမ်းခြေ ပေ (၁၃၂၅) ပေ အကွာ တံတားထိုးလိုက်ကာ တံတားဖြတ်သန်းသူ တစ်ဦးလျှင် သုံးရာကျပ် ကောက်ခံသည့်အပြင် ဆိုင်ဖွင့်ထားသည့် ဈေးဆိုင်များထံမှ အနံ(၁၅)ပေ ၊ အလျား(၃၀)ပေ တစ်ကွက်လျှင် ကျပ်လေးသောင်း ခွဲနှုန်း ကောက်ခဲခဲ့သေးတယ်။ ယခုလို မြစ်ထဲမှာ တံတားထိုးလိုက်ကာ လုပ်ကိုင်ခွင့် နှင့် ဖြတ်သန်းခွင့်မပေး တော့ ပိုက်ချသူတွေ မှာ ပိုက်မျှောချရန် ခက်ခဲခြင်း ၊ လိုင်းဆွဲတဲ့မော်တော်များသည် သောင်ရဲ့(၆)မိုင်လောက်ကို ပတ်နေရသည့်အတွက် ကုန်စည်စီးဆင်းမှုဖြစ် သော ဓနိလှေတွေ ၊ အိုးလှေတွေ ၊ အသီးအရွက်လှေတွေ ၊ လက်လုပ်လက်စားတွေမှ အစပြု၍ လက်လှော်လှေများ ကွေ့ပတ်သွားနေ ရတယ်လေ။ တံတားတည်ဆောက်ထားသဖြင့် ရေစီးဆင်းရာတွင်လည်း အထက်ကို ဆန်တက်သည့် ထုံးစံမရှိသောကြောင့် အောက်ကိုစုန်ဆင်းရန် တစ်ပေါက်တည်းကနေ ကမ်းပါးကို စီးဆင်းရသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကိုလည်း များစွာထိခိုက် ရတယ်လေ။ ထိုသို့ ဖြစ်ပျက်နေမှုများအား မြို့နယ်အဖွဲ့အစည်း (၃)ခု ၊ လွှတ်တော်ကိုယ်စားလှယ်ရုံး ၊ ဘုရားဂေါပက အဖွဲ့တို့ကိုညှိနှိုင်းဆောင်ရွက်ပေးရန် စာ(၅)စောင်တင်ခဲ့သည့်တိုင်ယခုထက်ထိထူးခြားမှုမရှိသည့်အပြင်ဘာသံမှမကြားရပါဘူး။” ဟု ကူးတို့လှေသမား ဦးအေးသောင်းက ပြောသည်။
ယခု ကမ်းခြေဖွင့်လှစ်ထားသည့် ဓနုဖြူမြို့ ၊ကျိုက္ကလွန်ဗွန်း စေတီအနီး ၊ ဧရာဝတီမြစ်အတွင်း၌ ၂၀၀၆ ခုနှစ်မှာ ပြန့်ပြူးနေတဲ့ သောင်တစ်ခု ပေါ်ထွန်းခဲ့ရာမှ ဓနုဖြူ ငွေသောင်ယံ အမည်ဖြင့် ပေါ်ထွန်းလာပြီး နှစ်စဉ် ဘုရားဖူး ဧည့်သည်များ ၊ အပန်းဖြေ နားနေသူများ ဖြင့် စည်ကားလျှက် ရှိရာမှ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ ဥမ္မာဒန္တီ ကမ်းခြေအမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဓနုဖြူမြို့နယ် စစ်မှု့ထမ်းဟောင်းအဖွဲ့မှ တံတား ဖြတ်သန်းခ နှင့် ဈေးဆိုင်ခန်းခများ ကောက်ခံခဲ့မှုများသည် ဥမ္မာဒန္တီ ကမ်းခြေ ရေလယ်သောင် ဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ ရရှိလာသော ရန်ပုံငွေများအား ကျိုက္ကလွန်ဗွန်း စေတီ ဂေါပကအဖွဲ့ ၊ ဓနုဖြူမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူ ပြုအဖွဲ့ နှင့် မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့တို့မှ ခွဲဝေသုံးစွဲသွားမည် ဖြစ်ကြောင်း ဓနုဖြူမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကိုတန်ခူး ၊ မတ်လ (၆)ရက်
BY THIT HTOO LWIN
ဥမ္မာဒန္တီ ရေလယ်သောင် ကမ်းခြေ ဒေသခံတစ်ချို့ အခက်အခဲများ ကြုံတွေ့နေရ
Reviewed by သစ်ထူးလွင်
on
20:52
Rating: