ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာ ခိုးယူခံရမှု ဖော်ထုတ် နိုင်ပြီ


ရန်ကုန်၊ မတ် ၂

၂၄.၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်ကမာရွတ်မြို့နယ်နေ ဦးကောင်းညွန့် သည် ကုမ္ပဏီ ဖွင့်ရန်ငှားရမ်းထားသည့် ဘုရင့်နောင်တာဝါနေ အိမ်ခန်းရှိ မီးခံသေတ္တာမှာ ဖွင့်မရတော့ကြောင်းကို စာရင်းကိုင်ဖြစ်သူ မလူးလူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ မီးခံသေတ္တာမှာ ၎င်း၏ မီးခံသေတ္တာမဟုတ်တော့ဘဲ ပုံစံတူအခြားတစ်ခုဖြစ်နေကြောင်း တွေ့ရှိရကာ အမေရိကန်ဒေါ်လာ(၇၁၉၅၆) ထည့်ထားသည့် ၎င်းပိုင် မီးခံသေတ္တာမှာပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၉၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းထောက်လှမ်း စစ်ဆေးချက်အထောက်အထားများအရ မလူးလူးနှင့်ခင်မင်ပြီး ၀င်ထွက် သွားလာဖူးသည့် ဇော်ကြီး(ခ)ဇော်ဝင်းမွန်(ဘ)ဦးမျိုးသိမ်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ဇော်ကြီး(ခ)ဇော်ဝင်းမွန်သည် ယခင်ကအတူ အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး ခင်မင်ရင်းနှီးသည့် အဆိုပါအခန်းတွင် အလုပ်လုပ်ကိုင်သော မလူးလူးထံ ၀င်ထွက်သွားလာစဉ်တွင် အခန်းသော့များမှာ သော့ခလောက်တွင် တန်းလန်းတွေ့ရှိရသဖြင့် တစ်စုံကို ဖြုတ်ယူခိုးထားပြီး မီးခံသေတ္တာကို ခိုးယူရန်ကြံစည်ခဲ့ကြောင်း၊ ၎င်း၏ တပြည့်ဖြစ်သူ သန့်ဇင်ဦးနှင့် တိုင်ပင်ပူးပေါင်းပြီးနောက် ၂၂.၂.၂၀၁၄ရက်နေ့၁၃၀၅ အချိန် ခန့်က မည်သူမျှမရှိခိုက်တွင် ဇော်ကြီး(ခ)ဇော်ဝင်းမွန်က ခိုးယူထားသည့် သော့များဖြင့် အခင်းဖြစ်အခန်းသို့ ၀င်ရောက်ကာ စောင့်နှင့်နေခဲ့ပြီး သန့်ဇင်ဦးမှ ပုံစံတူ မီးခံသေတ္တာအား ၀ယ်ယူလာခဲ့ကာ လဲလှယ်ခိုးယူ ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ခိုးယူရရှိခဲ့သည့် မီးခံသေတ္တာအား ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့ရှိ ဇော်ကြီး(ခ)ဇော်ဝင်းမွန်၏ နေအိမ်သို့သယ်ဆောင်သွားကြပြီးဖျက်ခဲ့ရာ အတွင်းမှအမေရိကန်ဒေါ်လာ(၇၀၀၀၀)ကျော်ရရှိခဲ့ကြောင်း၊ ဖျက်ထားသည့် မီးခံသေတ္တာကိုယ်ထည်အား ရေတွင်းထဲသို့ပစ်ချခဲ့ပြီး မီးခံသေတ္တာတံခါးအား ဖျာပုံမြစ်ထဲသို့ ဖျောက်ဖျက်လွှင့်ပစ်ခဲ့ကြောင်း၊ အဆိုပါရရှိသည့်ဒေါ်လာများအား မြန်မာငွေဖြင့်လဲလှယ်ခဲ့ရာ ငွေကျပ် (၇၃၃)သိန်းရရှိခဲ့ကြောင်း၊ အဆိုပါငွေများဖြင့် အလေးချိန် (၁၀)ကျပ်သား (၂)ရွေးစီရှိ ရွှေတုံး(၁၀)တုံးဝယ်ယူထားခဲ့ကြောင်း၊ ငွေကျပ်၄၅သိန်းကျန်ရှိ နေသေးကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၀ယ်ယူထားသည့်ရွှေတုံး(၁၀)တုံး၊ ငွေကျပ်(၄၅)သိန်း၊ ပါဆုံးမီးခံသေတ္တာအပျက်တစ်လုံးတို့အား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

အမှုမှ ဇော်ကြီးနှင့်အတူပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သန့်ဇင်ဦး (ဘ)ဦးဝင်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police




ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာ ခိုးယူခံရမှု ဖော်ထုတ် နိုင်ပြီ ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာ ခိုးယူခံရမှု ဖော်ထုတ် နိုင်ပြီ Reviewed by သစ်ထူးလွင် on 22:26 Rating: 5
Powered by Blogger.