အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်လမ်း ပြန်ဖွင့်လျှင် မြန်မာကုန်သည်များ အရှုံးပေါ်နိုင်


ကလေး၊ မတ် ၁

အိန္ဒိယ လူမှုအဖွဲ့အစည်းများက ရက်ရှည် ပိတ်ထားခဲ့သော အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်လမ်းကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်ခဲ့လျှင် အိန္ဒိယဘက်မှ စိတ်ကြိုက် ဈေးကစားနိုင်ပြီး မြန်မာကုန်သည်များ အရှုံးပေါ်လာနိုင်ကြောင်း နယ်စပ်ဒေသရှိ ကုန်သည်များမှ သုံးသပ်ပြောဆိုသည်။
“ကျွန်တော်တို့ဘက်က ကုန်တွေ အလုံးအရင်းနဲ့ သူတို့ဘက်ကို ဝင်သွားမှာဆိုတော့ သူတို့ဘက်က စိတ်ကြိုက် ဈေးကစားလို့ ရတာပေါ့။ ကုန်ပစ္စည်းဈေးတွေ ကျလာနိုင်တယ်။ ဒီလောက်ထိ ရက်ရှည်ပိတ်တာမျိုး မဖြစ်ခဲ့ဖူးဘူး” ဟု တမူးမြို့၊ ရွှေပြည့်စုံဝင်း ကုမ္ပဏီမှ ဦးကံညွှန့်က ပြောကြားသည်။

လက်ရှိတွင် အိန္ဒိယဘက်သို့ တင်ပို့မည့် ကွမ်းသီးအစို၊ အခြောက်များ စုပုံနေပြီး ထိုင်းဘက်မှလာသော အကောင်းစား ကွမ်းသီးခြမ်း တစ်ကီလိုလျှင် ၁၁၀ ရူပီး၊ အစို တစ်ကီလိုလျှင် ရူပီ ၆၀ မှ ၇၀ ထိဈေးပေါက် နေကြောင်း၊ ပင်မ ကုန်သွယ်လမ်းဖြစ်သော အင်ဖာ-မိုးရေး လမ်းကြောင်းအား ပိတ်ဆို့ထားပြီး လူအဝင်အထွက် အနည်းငယ် ရှိသည်မှအပ ကုန်ပစ္စည်းများ တစ်ဖက်နှင့်တစ်ဖက် စီးဆင်းမှု ရပ်တန့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တစ်ဖက် အိန္ဒိယနိုင်ငံမှ ကုန်သွယ်လမ်း ပိတ်ဆို့ခြင်းသည် အစိုးရက လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဒေသတွင်း လူမှုအဖွဲ့အစည်းများက လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ညှိနှိုင်းရန် ခက်ခဲကြောင်း၊ အစိုးရက ပိတ်ဆို့လျှင် အစိုးရချင်း ညှိနှိုင်းရန် ဖြစ်သော်လည်း ယခုဖြစ်စဉ်တွင်မူ နှစ်နိုင်ငံ နိုင်ငံ့ဝန်ထမ်းများ မပါဝင်သော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အချင်းချင်း ဆွေးနွေးကာ ဖြစ်စဉ်အပေါ် ရှင်းလင်းသင့်ကြောင်း တမူးမြို့၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်က သုံးသပ်ပြောကြားသည်။

“နယ်စပ်မှာ အိန္ဒိယနိုင်ငံသား နှစ်ဦး အသတ်ခံရတဲ့ ကိစ္စက နှစ်ဖက်အစိုးရ ဖြေရှင်းမှ ရမယ့်ကိစ္စပါ နန်းဖာလုံဈေးဆိုတာ သူတို့ဘက်ကို အားထားပြီး ရောင်းဝယ်ရတဲ့ ဈေးဖြစ်တယ်။ အပြန်အလှန် အကျိုးပြုတဲ့ဈေး ခုကုန်စိမ်းကလွဲပြီး ဘာမှ မရောင်းရတော့ဘူး။ ဒီလို သူပိတ်ကိုယ်ပိတ် ဆိုရင် ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ ပုံစံမျိုး ပြည်သူတွေမှာ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

အိန္ဒိယ လူမှုအဖွဲ့အစည်းများက ကုန်သွယ်လမ်းများ ပိတ်ဆို့ကာ တောင်းဆိုသော အဓိကအချက်မှာ ၁၀ ရူပီးပေး၍ မြန်မာနိုင်ငံတွင်း ဝင်ထွက် သွားလာသော အိန္ဒိယ နိုင်ငံသားများကို လုံခြုံမှု ပေးရန်နှင့် မြန်မာဘက်မှ ဝင်ရောက်သူ များကိုလည်း တရားဝင် အခွန်ဆောင်ကာ လာရောက် စေလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒါကပြည်သူနဲ့ ကုန်သည်တွေ တတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အစိုးရကို တိုက်တွန်းဖို့ပဲ တတ်နိုင်တယ်” ဟု ၎င်းင်းက ပြောသည်။

လုံခြုံမှု ပါဝင်မည့် တရားဝင် အခွန်အခများ ပေးဆောင်ကာ ဝင်ထွက်သွားလာမှုသည် နှစ်နိုင်ငံ အစိုးရထံသို့ နှစ်နိုင်ငံ ပြည်သူများမှ တောင်းဆိုရမည်ဖြစ်ပြီး ယခုကဲ့သို့ ကုန်သွယ်လမ်း ပိတ်ဆို့ခြင်းဖြင့် ထိရောက်မည် မဟုတ်ကြောင်း၊ မိမိတို့အနေနှင့် မိုးရေးမြို့ရှိ လူမှုအဖွဲ့အစည်းများနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် မတ်လ (၁) ရက်နေ့တွင် အကြောင်းကြားထားပြီး ယခုအချိန်ထိမူ တွေ့ဆုံနိုင်သေးခြင်း မရှိကြောင်း တမူးလူငယ်ကွန်ရက်မှ ပြောသည်။
“သူတို့ဘက်က မြန်မာအစိုးရကို တောင်းဆိုထားတဲ့ စာမှာ မတ်လ ၁၄ ရက်နေ့ထိ စောင့်ပြီး မရရင် ၁၅ ရက်နေ့မှ ပြင်းထန်စွာ တုံ့ပြန်မယ်လို့ပါတယ်။ အဲဒီရက် မတိုင်ခင်တော့ နှစ်ဖက် လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ယင်းကွန်ရက် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိမိတို့ အနေနှင့် နယ်စပ်ဂိတ်မှတစ်ဆင့် နန်းဖာလုံဈေးသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုထားပြီး တမူးမြို့သို့ သွားရောက်မည် ဆိုပါက အိန္ဒိယရူပီး ၁၀ ကောက်ခံကြောင်း၊ ယင်းကဲ့သို့ ကောက်ခံခြင်းမှာ ၎င်းတို့ လုံခြုံရေးတာဝန် ယူရန်အတွက် မဟုတ်ကြောင်း၊ သို့သော် လုံခြုံရေး လုံးဝမပေးသည် မဟုတ်ဘဲ ၎င်းတို့ ဘယ်သွားသည်၊ ဘာလုပ်သည် ဆိုသည်ကို အမြဲလိုက်ကြည့်ရန် မတတ်နိုင်ကြောင်း၊ ၎င်းတို့ဘက်မှ တစ်ရက်လျှင် လူဦးရေ ၁၀၀ ခန့် နေ့စဉ် ဝင်ရောက်ခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ အရောင်းအဝယ် ကိစ္စဖြင့် လာရောက်သော အိန္ဒိယနိုင်ငံသား ၆ ဦးအနက် ပန်ချာပီနှစ်ဦး ပျောက်ဆုံးခဲ့ပြီး ၂၀ ရက်နေ့တွင် တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ ထင်းဇင်ရွာနှင့် တစ်ဖာလုံခန့်ဝေးသော အိန္ဒိယနိုင်ငံဘက်တွင် မီးလောင်ကျွမ်းသော အလောင်းနှစ်လောင်း တွေ့ရှိခဲ့ကာ သေဆုံးမှု စစ်ဆေးရန် အိန္ဒိယနိုင်ငံဘက်မှ ယူဆောင်သွားပြီး ယနေ့အထိ စစ်ဆေးမှု ရလဒ်အား မြန်မာဘက်သို့ ပြောဆိုခြင်း မရှိသေးကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပြီး ပန်ချာပီနှစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ပေးရန် မိုရေးအခြေစိုက် တက်ကြွ အဖွဲ့အစည်းများမှ ယခုကဲ့သို့ လမ်းများ ပိတ်ဆို့၍ ကုန်သွယ်မှုကို အဟန့်အတား ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း တမူးမြို့ရှိ ကုန်သည်များနှင့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

The Voice Weekly


အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်လမ်း ပြန်ဖွင့်လျှင် မြန်မာကုန်သည်များ အရှုံးပေါ်နိုင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်လမ်း ပြန်ဖွင့်လျှင် မြန်မာကုန်သည်များ အရှုံးပေါ်နိုင် Reviewed by သစ်ထူးလွင် on 17:43 Rating: 5
Powered by Blogger.