ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်း (၃)လမ်းနေ ကြင်စဦး ဇနီးမောင်နှံဖြစ်သည့် ကိုထိန်လင်းအောင် နှင့် မသီတာ တို့သည် မတ်လ(၁)ရက်နေ့က ထွက်ရှိသည့် (၃၀၂)ကြိမ်မြောက် အောင်ဘာလေသိန်းထီဆု ဖွင့်ပွဲ၌ တ- ၆၅၆၉၉၈ ပုသိမ်မြို့အတွက် ကျပ်သိန်း(၁၅၀၀)ဆုကို မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီးမှ ပထမအကြိမ် ဆွတ်ခူးခဲ့ သော်လည်း မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေ ထီကိုယ်စားလှယ်မှ ထီကံထူးရှင်အား တစ်စောင်လျှင် တွဒ် ငါးသောင်း နှုန်းဖြင့် ထီ(၅)စောင်ကို ကျပ်နှစ်သိန်းခွဲဖြင့် မှားယွင်းအကြောင်းကြားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ကျွန်တော့်အဖြစ်က ဆန်းတော့ဆန်းတယ်။ဘာလို့လဲဆိုရင် ထီကိုထိုးနေသော်လည်း မည်သည့်ဆု အမျိုးအစားကို မည်ကဲ့သို့ ချီးမြှင့်သည်ကို မသိသလို ထီပေါက်စဉ်ကိုလည်း မည်ကဲ့သို့ တိုက်ရမယ် ဆိုတာတောင် မသိခဲ့ပါဘူး။ မတ်လ(၁)ရက် ညနေ(၄)နာရီခွဲ အချိန်မှာ မိုးယံရွှေလမင်း နှင့် မြတ်ဆုကုဋေ ထီကိုယ်စားလှယ် မှ ကျွန်တော့်ကို တွဒ်ဆု နှစ်သိန်းခွဲကျပ် ရတယ် လာအကြောင်းကြားခဲ့တယ်။ ဒီလိုဆိုရင် ကျွန်တော်ထိုးထားတာ ထီငါးစောင်ဆိုတော့ ကျွန်တော်ရမှာ ကျပ်ဆယ်သိန်းကျော်မဟုတ်ဘူးလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ထီကိုယ်စားလှယ်က ထီပေါက်စဉ်ကို ထုတ်ပြကာ ထီဂဏန်းတွေကို ဒီလိုတိုက်ရပြီး ဒီလို ဆုတွေရတယ်ဆိုတာ ရှင်းပြတယ်။ အဲဒါနဲ့ဘဲ ကျွန်တော့်တို့ နှစ်ယောက်တိုက်ရင်းနဲ့ ငါးစောင်တွဲ ထိုးထားတဲ့ထီလက်မှတ်မှ ကျပ်သိန်း(၁၅၀၀)ဆု ပေါက်တယ် ဆိုတာကို နှစ်ယောက်စလုံး သိရတာပါ။ အပြင်မှာ သတင်းထွက်နေသလို ထီကိုယ်စားလှယ်က လိမ်ပြီး ထီလက်မှတ်လာယူတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်တောင် အဲဒီသတင်းကြားတော့ ထီဆုကြီးပေါက်လို့ ပျော်ခဲ့ရပေမယ့် အင်မတန်မှ စိတ်ထိခိုက် ရပါတယ်။ ထီကိုယ်စားလှယ်မှ လိမ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဆယ်သိန်းပေးပြီး ပြန်သွားမှာပေါ့။ သူကိုယ်တိုင် ကျပ်သိန်း(၁၅၀၀)ပေါက်မှန်း မသိလို့ ကျွန်တော် မေးတာကို သူကရှင်းပြတာပါ။ ” ဟု ကျပ်သိန်း (၁၅၀၀) ကံထူးရှင် ကိုထိန်လင်းအောင် က ပြောသည်။
ပုသိမ်မြို့၏ ပထမအကြိမ် ကျပ်သိန်းပေါင်း (၁၅၀၀) ဆုကို ပေါက်ခဲ့သည့် ကံထူးရှင် ကြင်စဦးဇနီးမောင်နှံ နှစ်ဦးသည် ဖေဖော်ဝါရီ (၁၉) ရက်နေ့ညအချိန်၌ ဖေဖော်ဝါရီ (၂၀)ရက် မင်္ဂလာဆောင်မည်ဖြစ်သဖြင့် မင်္ဂလာဆောင်တွင် လက်ကမ်းမည့်ကဒ်များအား သွားယူပြီး ပြန်လာရာမှ လမ်းတွင်ထီရောင်းချနေသည့်ကားမှ ထီ(၅)စောင်အား ထိုးခဲ့ရခြင်း ဖြစ်ကာ မိမိတို့၏ မိသားစုအတွင်းတွင်လည်း ထီတစ်စောင်လျှင် (၂)ကျပ်တန်ခေတ်က ထိုခေတ်က အမြင့်ဆုံးဆု (၁၀)သိန်းဆုကို ပေါက်ခဲ့ဘူးကြောင်း ကျပ်သိန်း(၁၅၀၀)ကံထူးရှင် က ဆက်လက်ပြောပြသည်။
ကျပ်သိန်း (၁၅၀၀) ဆုကို မှားယွင်းအကြောင်းမိသော ထီကိုယ်စားလှယ် ကိုကျော်သူစိုးက “ ကျွန်တော်တို့တွေက ထီဖွင့်ရက် ဆိုရင် ကိုယ့်ဆီထိုးတဲ့အထဲက ထီပေါက်စဉ်နဲ့ တိုက်ကြည့်ပြီး အရင်ဆုံး ကျပ်ငါးသောင်းဆုရှင်ကနေ စကာ တွဒ်ရတဲ့ ဆုကြေးငွေတွေကို အရင်ဆုံးဆုကြေးထုတ်ပေးတယ်။ အဲဒီနေ့ကလည်းယခုထီကံထူးရှင်ကျပ်သိန်း(၁၅၀၀)ပေါက်တယ်ဆိုတာကိုလုံးဝမသိခဲ့ပါဘူး။ကံထူးရှင်နဲ့ နှစ်ယောက် ထီပေါက်စဉ်တိုက်မှ သိရတော့ ၀မ်းသာခဲ့ရပါတယ်။ ကျွန်တော်တို့က လိမ်ချင်တယ်ဆိုရင်ကံထူးရှင်တောင်းတဲ့ကျပ်ဆယ်သိန်းကျော်ကိုပေးပြီးချက်ချင်းပြန်လာမှာပေါ့။သူ့ကိုထီပေါက်စဉ်ကိုလည်းပြစရာတောင်မလိုဘူးလေ။” ဟု ရှင်းပြသည်။
ပုသိမ်မြို့ရှိ ထီဆိုင်ကြီးများကို ရန်ကုန်ပင်ရင်းဆိုင်မှ ပေါက်ဂဏန်းများအား မည်သည့်ဆုအမျိုးအစားမဆို ထီပေါက်ဂဏန်းထွက်ပြီးချိန်တိုင်း အကြောင်းကြားလေ့ရှိသော်လည်း အဆိုပါ ထီဆုများအား မည်သည့်ဒေသက ထီကိုယ်စား လှယ်များ ပေါက်သည်ကို စာရင်းစာအုပ်များအား ကြည့်ရှုစစ်ဆေးပြီးမှ အကြောင်းကြားလေ့ရှိကြောင်း၊ ထီကိုယ်စားလှယ် အကြောင်းကြားမှု ပျက်ယွင်းမှုကြောင့် ထီကံထူးရှင်မှ ထီပေါက်သည်ကို မသိရှိသည့်အတွက် မကြာခဏ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့ရကြောင်း ၊ ထိုသို့ မဖြစ်စေရန် ထီထိုးထားသူတိုင်း ထီပေါက်/မပေါက် အကြောင်း ကြားချိန်ကို မစောင့်ဘဲ ထီပေါက်စဉ်ဝယ်ကာ ထီတိုက်သင့်ကြောင်း ပုသိမ်မြို့ ထီဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ကိုငြိမ်းသူ(ပုသိမ်) ၊ မတ်လ(၅)ရက်
BY THIT HTOO LWIN

ကျပ်သိန်း(၁၅၀၀) ပေါက်ခဲ့သော်လည်း မှားယွင်းစွာ အကြောင်းကြားမှုဖြစ်ပွားခဲ့
Reviewed by သစ်ထူးလွင်
on
19:49
Rating: