မန္တလေး၊ မတ် ၁၄
အလုပ်သမား ဝန်ကြီးဌာနက ကောက်ယူနေသည့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး စစ်တမ်းကို ၂၀၁၄ ခုနှစ် ဇွန်လ နောက်ဆုံးထားကာ ကောက်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရက်အတိအကျ ပြောလို့ မရပေမယ့် ဇွန်လ အပြီးသတ် ကောက်ယူဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းစစ်တမ်း ကောက်ယူရေး အစီအစဉ်တွင် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးကို ကောက်ယူသွားမည် ဖြစ်ကာ အလုပ်သမား ၅ ဦး အထက် ရှိသော လုပ်ငန်းများ အကျုံးဝင်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။
အနည်းဆုံး လုပ်ခလစာသည် သင့်တင့်သော နှုန်းထားတစ်ခု ဖြစ်သင့်ပြီး မဟုတ်ပါက ထုတ်လုပ်သည့် ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်လာနိုင်ကြောင်း မန္တလေး စက်မှုဇုန်ရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ယင်းသို့ အနည်းဆုံး လုပ်ခ၊ လစာ သတ်မှတ်ပြီးပါက အသေးစား၊ အလတ်စား လုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်း သွားနိုင်ကြောင်း မန္တလေး စက်မှုဇုန်ရှိ တွင်ခုံလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်း ဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီကို ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ၂၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း ယင်းကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
အလုပ်သမား ဝန်ကြီးဌာနက အနည်းဆုံး အခကြေးငွေ ဥပဒေ/နည်းဥပဒေများ ပြဋ္ဌာန်းခြင်းကို နိုင်ငံတော် သမ္မတက ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဌာန်းခဲ့သည်။
ယင်းအနည်းဆုံး အခကြေးငွေတွင် အကျုံးဝင်သူများမှာ အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင် ပြင်ပ အလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး အစောင့်ဝန်ထမ်းများ၊ သန့်ရှင်းရေး၊ မွမ်းမံ ပြင်ဆင်ရေး အလုပ်သမားများ ပါဝင်ပြီး အကျုံးမဝင်သူ များမှာ အလုပ်ရှင်အပေါ် မှီခို၍ အတူနေပြီး အလုပ်ရှင်၏ အလုပ် လုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမ အရင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပင်လယ်ကူး သင်္ဘောသားများ ဖြစ်ကြောင်း ယင်းဥပဒေ၌ ဖော်ပြထားသည်။
The Voice Weekly
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး စစ်တမ်း ဇွန်လတွင် အပြီးသတ် ကောက်ယူမည်
Reviewed by သစ်ထူးလွင်
on
15:44
Rating: