ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းအတွက် ဦးစားပေးတင်သွင်းရန် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အင်းတော်ကြီးအိုင်တို့ကို ရွေးချယ်
နေပြည်တော်၊ မတ်-၆
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့ အမွေအနှစ်စာရင်းအတွင်း ပါဝင်သင့်သည့် အမျိုးသားအမွေအနှစ် ဒေသများအဖြစ် ချင်းပြည်နယ်တောင်ပိုင်းရှိ နတ်မတောင် အမျိုးသား ဥယျာဉ်နှင့် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးရေအိုင်အား ဘေးမဲ့ ကြိုးဝိုင်းဒေသအဖြစ် ဦးစားပေးရွေးချယ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာတာဝန်ရှိသူများနှင့် ယူနက်စကိုအဖွဲ့အကြား ဆွေးနွေးပွဲများအတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းအတွက်နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အင်းတော်ကြီးရေအိုင် ဘေးမဲ့ကြိုးဝိုင်းအဖြစ် ဦးစားပေးရွေးချယ်ရန် အကြံပြုချက်များ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အင်းတော်ကြီးရေအိုင်ဘေးမဲ့ကြိုးဝိုင်းများကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းအတွင်း ထည့်သွားနိုင်ခဲ့ပါက ယင်းဒေသနှစ်ခုလုံးမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ယူနက်စကို အစောင့်အရှောက်ခံကမ္ဘာ့အမွေအနှစ်များ နေရာဖြစ်လာ လိမ့်မည် ဖြစ်သည်။
နေပြည်တော်၌ ကျင်းပခဲ့သော အမျိုးသားအတိုင်ပင်ခံအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် အစိုးရတာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပအင်န်ဂျီအို အဖွဲ့များနှင့် တက္ကသိုလ်များသည် ကမ္ဘာ့အမွေအနှစ်များစာရင်းအတွက်
မြန်မာနိုင်ငံက ရွေးချယ်ထားသော နေရာပေါင်း ခုနစ်ခုအနက် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အင်းတော်ကြီး ရေအိုင်ဘေးမဲ့ကြိုးဝိုင်းတို့ကို ဦးစားပေး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းတောင်တန်းများ အလယ်၌ တည်ရှိသောနတ်မတောင်အမျိုးသား ဥယျာဉ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်အဖြစ် ရပ်တည်နေဆဲဖြစ်သည့် ချင်းပြည်နယ်၏ ထင်ရှားသော သင်္ကေတတစ်ရပ်ဖြစ်ပြီး သစ်ခွအမျိုးမျိုး အပါအ၀င် အပင်မျိုးစိတ်ပေါင်း ၈၀၀ အထိ ပေါက်ရောက်ရှင်သန်ရာ ဒေသဖြစ်သည်။
အလားတူ ကချင်ပြည်နယ်၏ အင်းတော်ကြီးရေအိုင်မှာလည်း မျိုးသုဉ်းမည့် အန္တရာယ်ကြုံနေရသော ငှက်မျိုးစိတ် ၁၀ မျိုး ကျက်စားရာ ဒေသဖြစ်ပြီး ရှားပါးဗမာ့ဒေါင်းလိပ်များ နေထိုင်ကျက်စားရာလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်မှ စ၍ ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း ကမ္ဘာ့ အမွေအနှစ်စာရင်းတွင် မည်သည့် နေရာဒေသကိုမျှ ထည့်သွင်းနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင် နတ်မတောင်နှင့် အင်းတော်ကြီးရေအိုင်တို့ကို ကမ္ဘာ့အမွေ အနှစ်စာရင်း အတွင်း ထည့်သွင်းသင့်သည့် ဒေသများအဖြစ် ရွေးချယ်ထားခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ အမျိုးသားအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စံနှုန်းများနှင့်အညီ ထိန်းသိမ်းထားနိုင်ရေး အတွက်လည်း အရေးပါသော ခြေလှမ်း စတင်နိုင်ပြီ ဖြစ်ကြောင်း ယူနက်စကိုတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းအတွက် ဦးစားပေးတင်သွင်းရန် နတ်မတောင် အမျိုးသားဥယျာဉ်နှင့် အင်းတော်ကြီးအိုင်တို့ကို ရွေးချယ်
Reviewed by သစ်ထူးလွင်
on
18:08
Rating: