ရန်ကုန်၊ မတ် ၉
ရန်ကုန်မြို့တော်တွင် မောင်းနှင်နေသည့် နယ်လိုင်စင် အငှားယာဉ် (TAXI) များကို ဖမ်းဆီးရာတွင် ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်မှု ပုဒ်မ (၁၅/၆၄) ဖြင့် အရေးယူခံရကြောင်း အငှားယာဉ် ကုမ္ပဏီ အချို့ထံမှ သိရသည်။
နယ်လုပ်ငန်း လိုင်စင်ဖြင့် မောင်းနှင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သော်လည်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးသို့ ဒဏ်ငွေ သွားရောက် ပေးဆောင်ရာတွင် ယာဉ်မောင်း လိုင်စင်မဲ့ဖြင့် မောင်းနှင်ခြင်းကြောင့်ဟု ဖော်ပြထားကြောင်း ၎င်းတို့ထံမှ သိရသည်။
“နယ်လိုင်စင်မို့လို့ ဖမ်းတယ်လို့ပြောတယ်။ ရုံးရောက်တော့ ယာဉ်မောင်း လိုင်စင်မဲ့မို့လို့ ဖမ်းတာပါတဲ့။ နယ်လိုင်စင်ကို မဖမ်းဘူးလို့ ပြောပါတယ်” ဟု ရတနာရွှေပြည် အငှားယာဉ်လုပ်ငန်းမှ အကြံပေး တာဝန်ခံ ဦးချစ်ကိုကိုက ပြောကြားသည်။
ရန်ကုန်မြို့အတွင်း နယ်လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိသော အငှားယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖမ်းဆီး အရေးယူမည်ဟု ကြေညာထားပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များကလည်း နယ်လိုင်စင် စစ်တမ်းပြုစုရန်ဟုဆိုကာ စစ်ဆေးနေကြောင်း အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများထံမှ သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့က နယ်လိုင်စင် အငှားယာဉ်များကို ဖမ်းဆီးခြင်း မရှိဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကသာ ဖမ်းဆီးမည် ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly
ရန်ကုန်ရှိ နယ်လိုင်စင် အငှားယာဉ်များကို ယာဉ်မောင်း လိုင်စင်မဲ့ မောင်းနှင်မှုဖြင့် ဖမ်းဆီးဟုဆို
Reviewed by သစ်ထူးလွင်
on
17:46
Rating: