မန္တလေးမဟာအောင်မြေကျောက်ဝိုင်း စံချိန်တင်အရောင်းအ၀ယ်အေး


မန္တလေး မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း(မန္တလေးကျောက်ဝိုင်း) အဓိက ၀ယ်လက်များဖြစ်သည့် တရုတ်ကျောက်ကုန်သည်များ လာရောက်သော်လည်း ဈေးကောင်း ပေးဝယ်ခြင်း မရှိသောကြောင့် စံချိန်တင် အရောင်းအ၀ယ် အေးနေကြောင်း သတင်းရရှိသည်။

‘‘တရုတ်ကုန်သည်တွေက ထင်သလောက် မဆင်းဘူး။ ဆင်းလာတဲ့ သူကလည်း မ၀ယ်ဘူး။ ၀ယ်တဲ့သူကလည်း ဈေးကောင်းမပေးဘူး။ တရုတ်ကုန်သည် တွေ ပေးတဲ့ဈေးက ဒီမှာဖြစ်နေတဲ့ ဈေးကွက်ပေါက်ဈေးရဲ့ ထက်ဝက်လောက်ပဲပေးတယ်။ ကျောက်ဝိုင်းထဲမှာ ဘာမှ အရောင်းအ၀ယ် မဖြစ်တော့ဘူး’’ဟု မန္တလေး မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့ဝင် ၀ါရင့်ကုန်သည် ဦးအောင်ချိုကပြောသည်။

၂၀၁၃ ခုနှစ် တစ်နှစ်လုံး အရောင်းအ၀ယ်အေးခဲ့သော မန္တလေးကျောက်ဝိုင်းအား တရုတ်နှစ်သစ်ကူးအပြီး ဖေဖော်ဝါရီလမှစတင်ကာ အရောင်းအ၀ယ်ပြန်ကောင်းလာရန် မျှော်လင့်ခဲ့သော်လည်း ထင်သလိုဖြစ်မလာခဲ့ဘဲ တစ်နှစ်ကျော်ကြာအရောင်းအ၀ယ်အေးနေခြင်းဖြစ်ကြောင်း ကျောက်ဝိုင်းတွင် အရောင်းအ၀ယ်ပြုလုပ်နေသူများကပြောသည်။

‘‘ပစ္စည်းကလည်းရှားတယ်။ တရုတ်ကုန်သည်တွေကလည်း ဈေးပေးနည်းတယ်။ အရင်နှစ်တွေကဆို ဒီအချိန်အရောင်းအ၀ယ်ဖြစ်တာ။ ခုတော့ သင်္ကြန်နားနီးတာတောင် အရောင်းအ၀ယ်မကောင်းဘူး’’ဟု ကျောက်မျက်ကုန်သည် ဦးစိန်ဝင်းက ပြောသည်။
တရုတ်ကျောက်ကုန်သည်များသည် ဘဏ်မှငွေချေးရာတွင် အတိုးနှုန်းမြင့်တက်ခြင်း၊ ကျောက်မျက်အရောင်းအ၀ယ်ခွန် တိုးမြှင့်ကောက်ယူခြင်း စသည့် တရုတ်အစိုးရ၏  ကျောက်မျက်ဈေးကွက်အပေါ် မူဝါဒပြောင်းလဲခြင်းနှင့် ဖားကန့်ကျောက်မျက်လုပ်ကွက်များ ၂ နှစ်ခန့်ကြာ တူးဖော်ခွင့်ပိတ်ထားရာ မြန်မာနိုင်ငံတွင်း ကျောက်မျက်ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် ယခုကဲ့သို့ မန္တလေးကျောက်ဝိုင်းအရောင်းအ၀ယ်အေးနေခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံကျောက်ကုန်သည်များက သုံးသပ်သည်။

ထို့အပြင် နေပြည်တော်တွင် နှစ်စဉ်ပြုလုပ်သည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတွင် နိုင်ငံခြားသားများ လွတ်လပ်စွာ ၀ယ်ယူခွင့်ရရှိနေရာ တရုတ်ကုန်သည်များအနေဖြင့် မန္တလေး၊ဖားကန့်ကဲ့သို့ ပြည်တွင်းကျောက်ဝိုင်းများတွင် ကျောက်မျက်ဝယ်ယူမှုနည်းပါးသည့်အတွက်ကြောင့်လည်း ယခုကဲ့သို့ အရောင်းအ၀ယ်အေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

Author: မောင်တာ

7DAY DAILY

မန္တလေးကျောက်ဝိုင်းကိုတွေ့ရစဉ် ဓာတ်ပုံ−ညီညီဇော်


မန္တလေးမဟာအောင်မြေကျောက်ဝိုင်း စံချိန်တင်အရောင်းအ၀ယ်အေး မန္တလေးမဟာအောင်မြေကျောက်ဝိုင်း စံချိန်တင်အရောင်းအ၀ယ်အေး Reviewed by သစ်ထူးလွင် on 02:55 Rating: 5
Powered by Blogger.